တပ်မတော်၊ UEC နှင့် သတိပြုစရာဖြစ်လာသည့် ခြေလှမ်းများ

တပ်မတော်၊ UEC နှင့် သတိပြုစရာဖြစ်လာသည့် ခြေလှမ်းများ
နိုဝင်ဘာ ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်ပြင်ပ မဲရုံများတွင် တပ်မတော်သား မိသားစုဝင်များ ဆန္ဒမဲလာပေးစဉ်
နိုဝင်ဘာ ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်ပြင်ပ မဲရုံများတွင် တပ်မတော်သား မိသားစုဝင်များ ဆန္ဒမဲလာပေးစဉ်
Published 6 December 2020
အလင်းဒီ

တပ်မတော်ကို ရွေးကောက်ပွဲ စက်ဝန်းအတွင်း ပါဝင်ရန် ဆွဲခေါ်လာသူအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို သတ်မှတ်ကြသလို တစ်ဖက်တွင်လည်း တပ်မတော်အနေဖြင့် ယင်းသို့ ဆောင်ရွက်ခွင့် ရှိ၊ မရှိမှာ ဒွိဟဖြစ် ...

မဲစာရင်း အမှားအယွင်းများအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များကို ဝေဖန်ထောက်ပြမှုများဖြင့် ရွေးကောက်ပွဲဖြစ်စဉ်တွင် တပ်မတော်၏ ပါဝင်လာမှုက နိုဝင်ဘာ ၈ ရက် မတိုင်မီကပင်။

ယခုလည်း ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲဖြစ်စဉ်ကို အကြောင်းပြုပြီး တပ်မတော်က ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ အပေါ် ပိုမိုပါဝင်မည့် အနေအထား တွေ့ရသည်။

တပ်မတော်သားများနှင့် ၎င်းတို့၏ အိမ်ထောင်စုဝင်များ မဲပေးခဲ့ကြသည့် မြို့ နယ် ၂၁၈ မြို့နယ်မှ ရွေးကောက်ပွဲဖြစ်စဉ်များကို စိစစ်သွားမည်ဟု တပ်မတော်က နိုဝင်ဘာ ၃၀ ရက်တွင် တရားဝင်ကြေညာလိုက် ခြင်းဖြစ်သည်။

မည်သည့်အတွက်ကြောင့် ယင်းသို့ စိစစ်ရသည်ဟုသာ ကြေညာချက်တွင် ဖော်ပြပါရှိပြီး မည်သည့်အစိတ်အပိုင်းနှင့် မည်သည့် ကဏ္ဍများကို စိစစ်မည်ကိုမူ ကြေညာချက်တွင် မတွေ့ရ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြီးနောက်ပိုင်း ကျင်းပသည့် ယခင်အထွေထွေ ရွေးကောက်ပွဲ နှစ်ကြိမ်တွင် ထိုသို့ စိစစ်ခြင်းမျိုးမတွေ့ရဘဲ ယခု အထွေထွေရွေးကောက်ပွဲတွင်မှ ပထမအကြိမ် တပ်မတော်၏ စုံစမ်းစိစစ်မှုအပေါ် သုံးသပ်ဝေဖန်မှုများ အမျိုးမျိုး ထွက်ပေါ်လျက်ရှိသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် အထွေထွေ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားခဲ့ကြောင်း ကြားသိရသည်ဟု တပ်မတော်ထုတ်ပြန်ချက်တွင် ပါရှိ သည်။

ထို့ကြောင့် ရွေးကောက်ပွဲဖြစ်စဉ်များ ဥပဒေနှင့်အညီ နည်းလမ်းတကျ ဖြစ်ထွန်းခဲ့ခြင်း ရှိ၊ မရှိကို  တပ်မတော်သားများနှင့် အိမ်ထောင်စုဝင်များ မဲပေးခဲ့သော မြို့နယ် ၂၀၀ ကျော်ရှိ ရွေးကောက်ပွဲဖြစ်စဉ်များ အပေါ်မူတည်၍ ပြန်လည် စိစစ်သုံးသပ်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင်ရွေးကောက်ပွဲကျင်းပသည့် မြို့နယ် ၃၁၅ မြို့နယ်ရှိရာ တပ်မတော်က မြို့နယ် ၂၁၈ မြို့နယ်တွင် စိစစ်မည်ဆိုသောကြောင့် ရွေးကောက်ပွဲကျင်းပသည့်မြို့နယ် သုံးပုံနှစ် ပုံ ပမာဏရှိသည်။

“တပ်တွေမရှိတဲ့ မြို့နယ်တွေမှာ စုံစမ်းစရာ အကြောင်းမရှိပါဘူး။ တပ်တွေရှိတဲ့ မြို့နယ်တွေမှာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးနေတယ်” ဟု တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော် ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲဖြစ်စဉ်ကို စိစစ်သုံးသပ်မှုများအတွက် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများထံမှ လိုအပ်သည့် စာရွက်စာတမ်းများ တောင်းခံမည့် သဘောရှိသည်။

သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများ အနေဖြင့်လည်း သက်သေခံ ဥပဒေပုဒ်မ ၇၄ နှင့် ၇၆ တို့အရ အများပြည်သူနှင့် သက်ဆိုင်သည့် စာတမ်းအမှတ်အသားများကို ဥပဒေနှင့်အညီ ကူးယူခွင့်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လိုအပ်သလို ညွှန်ကြားပေးရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ကော်မရှင်အဖွဲ့ခွဲအချို့ထံ နယ်မြေခံ တပ်ရင်း၊ တပ်ဖွဲ့မှ တာဝန်ရှိသူ အမည်ခံပြီး ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် စာရွက်စာတမ်း တောင်းခံမှုများရှိနေပြီ ဖြစ်သည်။​

“သူတို့ တပ်မတော်သား မိသားစုဝင်တွေ မဲပေးတဲ့ မဲရုံတွေပေါ့နော်။ အဲဒါနဲ့ပတ် သက်ပြီးတော့ မှတ်တမ်းထားဖို့ဆိုပြီးတော့မှ သူတို့လိုချင်တဲ့ ပုံစံလေးတွေ ကူးယူခွင့်ပြုဖို့ ဆိုပြီးတော့မှ တောင်းတာပေါ့” ဟု ကချင် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ပြော ကြားသည်။

သို့သော် တပ်မတော် ထုတ်ပြန်ချက် အပြီး တစ်ရက်ပင်မကြာသေးချိန်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်ခြေ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ ခွဲရှိ ရွေးကောက်ပွဲအရာရှိများကို ဒီဇင်ဘာ ၁ ရက်နေ့စွဲဖြင့် ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

Online ပေါ် ပျံ့နှံ့ခဲ့သည့် အဆိုပါညွှန်ကြားစာတွင် အချက်နှစ်ချက် ဖော်ပြပါရှိပြီး (၁) အချက်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ခွင့်ပြုချက်မရရှိဘဲ မည်သည့်အဖွဲ့အစည်း၊ မည်သူတစ်ဦးတစ်ယောက် ကိုမျှ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်း၊ အမှတ်အသားနှင့် အထောက်အထားများကို ကူးယူခွင့်မပြုရန်ဖြစ်ပြီး (၂) အချက်မှာ အထက်ပါအချက်ကို သိရှိလိုက်နာဆောင်ရွက်ရန်နှင့် သိရှိကြောင်း ပြန်ကြားရန် ဖြစ် သည်။

ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၂ (ဂ) အရ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်သည် ကော်မ ရှင် (UEC) ထုတ်ပြန်ခွင့်ပြုသော စာရင်းအ ချက်အလက်များမှအပ အခြားကိစ္စများကို ပေါက်ကြားခြင်းမရှိရန် စောင့်ထိန်းရမည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်၍ အထက်ပါညွှန်ကြား ချက်သည် အဆန်းတကြယ်ကိစ္စ မဟုတ် ကြောင်း ဦးထွန်းအောင်ခိုင်က ​၎င်းအမြင်ကို ပြောကြားသည်။

“ခွင့်မပြုဘဲ ဘယ်ပေးလို့ရမလဲ။ ကိုယ့် အထက်ဌာနကို တင်ပြပြီးတော့မှ သူ့ရဲ့ ခွင့်ပြုချက်နဲ့ပဲ ပေးရမယ်ဆိုတာ ရုံးလုပ်ငန်းမှာ နဂိုတည်းက ထည့်ပြောနေစရာမလိုတဲ့ Understood ကိစ္စပဲ”ဟု ၎င်းက ပြောကြားသည်။

တပ်မတော်အနေဖြင့် ရွေးကောက်ပွဲ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်လာခြင်းက ယခုက  ပထမဆုံးတော့ မဟုတ်။

အစိုးရက ဖွဲ့စည်းပေးထားသည့် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ရပ်များမှာလွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲရေး အတွက် သံသယဖြစ်ဖွယ်ဖြစ်သည်ဟု ရွေး ကောက်ပွဲ မတိုင်မီ နိုဝင်ဘာ ၂ ရက်က ထုတ် ပြန်ခဲ့ရာ ကော်မရှင်ကိုအကြောင်းပြု၍ အစိုး ရ၊ ကော်မရှင်နှင့် တပ်မတော် သုံးပွင့်ဆိုင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုစဉ်က တပ်မတော်၏ ထုတ်ပြန်ချက်များနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်များသည် ဖွဲ့စည်းပုံအခြေ ခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေများ၏ အနှစ်သာရနှင့် ကိုက်ညီမှုမရှိကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုဝင်ဘာ ၄ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ တုံ့ပြန်ပြောကြားခဲ့သည်။  

ထိုသို့ ပြောကြားမှုအပေါ် အမျိုးသား နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် အစဉ်တစိုက်ပါဝင်စေသည့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များဖြင့် တပ်မတော်က ပြန် လည် ချေပသည်။

ထို့ပြင် တပ်မတော်က ဒို့တာဝန်အရေး သုံးပါးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိပြီး အမျိုးသားရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ တည်ဆဲဥပဒေတို့နှင့် မကိုက်ညီ သော ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေ သော မည်သည့်အဖွဲ့အစည်း၏ လုပ်ဆောင် ချက်ကိုမဆို အသိပေးပြောကြားရန် တာဝန် ရှိသည်ဟု နိုဝင်ဘာ ၅ ရက်က ထပ်မံ ထုတ် ပြန်ရာ အပြန်အလှန်အသွင် ဆောင်ခဲ့သည်။

ဒီမိုကရေစီစနစ် ထူထောင်ရာတွင် နိုင်ငံရေးအရ ဒီမိုကရေစီကျင့်စဉ်များ ရင့်ကျက်ရန် လိုအပ်သကဲ့သို့ နိုင်ငံရေးတည်ငြိမ်မှု၊ လူမှုရေးတည်ငြိမ်မှုတို့လည်း ရှိရန်လိုအပ် သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင် ဘာ ၁ ရက်က ကချင်ပြည်နယ် မြစ်ကြီးနား လေတပ်စခန်းဌာနချုပ်ရှိ အရာရှိစစ်သည် များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

 “ပြည်သူလူထု လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် ၎င်းကိစ္စများကို တပ်မတော်က တတ်စွမ်းသရွေ့ ဆောင်ရွက်နေကြောင်း” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

တပ်မတော်ကိုရွေးကောက်ပွဲ စက်ဝန်းအတွင်းပါဝင်ရန် ဆွဲခေါ်လာသူအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို သတ်မှတ်ကြသလို တစ်ဖက်တွင်လည်း တပ်မတော်အနေဖြင့် ယင်းသို့ ဆောင်ရွက်ခွင့် ရှိ၊ မရှိမှာ ဒွိဟဖြစ်သည်။

“တပ်မတော်ရဲ့အခန်းကဏ္ဍက အခြေ ခံဥပဒေမှာပဲ ကြည့်ကြည့်၊ ဘယ်မှာပဲ  ကြည့်ကြည့်  ဒီလိုရွေးကောက်ပွဲ ဖြစ်စဉ်တွေအပေါ် မှာ လာပြီးတော့ လွှမ်းမိုးတဲ့ကိစ္စရပ်မျိုးတွေ အဲဒါမျိုးတွေ ဘယ်ဥပဒေမှာမှ ပေးထားချက် မရှိဘူး”ဟု ရွေးကောက်ပွဲဆိုင်ရာ အရပ် ဘက်အဖွဲ့အစည်း MYNFREL ၏ စီမံ ကိန်းမန်နေဂျာ ကိုမင်းသုနောင်က ပြော ကြားသည်။

ရွေးကောက်ပွဲ မတိုင်မီတည်းက ကော် မရှင်လုပ်ရပ်များသည် လွတ်လပ်၊ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေး သံသယဖြစ်ဖွယ်ဖြစ်ကြောင်း ဆိုခဲ့ဖူးသည့် တပ်မတော်အနေဖြင့် ရွေးကောက်ပွဲအပြီး ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီအချို့၏ ကန့်ကွက် မှုများကြောင့် ရွေးကောက်ပွဲဖြစ်စဉ်တွင် ပါဝင်လာခြင်းလော။

တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်၏ ဆောင်ရွက်ချက်များသည် ပြည်ခိုင်ဖြိုးပါတီ နှင့် သက်ဆိုင်ခြင်းမရှိသလို အခြား ပါတီအချင်းချင်းကြား အငြင်းပွားမှုများနှင့်လည်း သက်ဆိုင်ခြင်းမရှိဟု ငြင်းဆိုသည်။

အာဏာရ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က တပ်မတော်၏ စုံစမ်း စစ်ဆေးမှုက တပ်မတော်သားများ လွတ် လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့်ကို မထိခိုက်ရန် လိုကြောင်း ထောက်ပြသည်။

တပ်မတော်သားများနှင့် အိမ်ထောင်စု ဝင်များ ဆန္ဒမဲပေးခဲ့သည့် မြို့နယ်များကို စိစစ်ခြင်းက လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် အများပြည်သူ သံသယ ကင်းစွာ အသိအမှတ်ပြုနိုင်ရန် ဖြစ်သည်ဟု တပ်မတော်က အကြောင်းပြသည်။

ထို့ပြင် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော တရားဥပဒေကို လေးစားလိုက်နာခြင်း အလေ့အထကောင်းများဖြင့် အနာဂတ် မြန်မာ့နိုင်ငံရေးလမ်းကြောင်းကို ပိုမိုတက်လှမ်းသွားနိုင်ရေးအတွက်လည်း ရည်ရွယ် ကြောင်း နိုဝင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခုနှစ်လယ်ပိုင်းခန့်က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင်ရွေးကောက် ပွဲနည်းဥပဒေ ပြင်ဆင်မှုကြောင့် တပ်မတော်သားများနှင့် မိသားစုဝင်များ တပ်ရင်း၊ တပ်ဖွဲ့ပြင်ပရှိ ရပ်ကွက်၊ ကျေးရွာများတွင် သာ မန် မဲဆန္ဒရှင်များနှင့် အတူတကွမဲပေးရခြင်း က ၂၀၂၀ ရွေးကောက်ပွဲ၏ ထူးခြားမှုတစ်ခု ဖြစ်သည်။

နိုဝင်ဘာ ၈ ရက် အထွေထွေရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) က ၂၀၁၅  အထွေထွေရွေး ကောက်ပွဲထက် သာလွန်သည့် အနိုင်ရလဒ် ရရှိခဲ့သည်။

သို့သော် အင်အားကြီး အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က  ရွေးကောက်ပွဲတွင် မဲမသမာမှုများစွာ ဖြစ်ပွားခဲ့သည်ဆိုပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံ ကန့်ကွက်မှုပေါင်း ထောင်ချီ ပြုလုပ်ခဲ့သည်။

ထို့ပြင် မိတ်ဖက်ပါတီ ၂၀ ခန့်နှင့် ပူး ပေါင်းပြီး ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ကို အရေးယူပေးရန် နိုင်ငံတော်သမ္မတ ထံ တိုင်တန်းမှုကိုလည်း နိုဝင်ဘာ ၂၄ ရက် က ပြုလုပ်ထားသည်။

တပ်မတော်ကို ရွေးကောက်ပွဲ စက်ဝန်းအတွင်း ပါဝင်လာစေသော အဓိကအ ကြောင်းခြင်းရာသည် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ လုပ်ရပ်များသာဖြစ် ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့် က ရွေးကောက်ပွဲမတိုင်မီက ပြောကြားထား သည်။

 

ယခင် ကော်မရှင်များ လက်ထက်က တည်းက မဲစာရင်းမှားယွင်းမှုကို ဖာထေး နိုင်ခဲ့ခြင်း မရှိသလို၊ မဲဆွယ်ကာလ ကျန်းမာရေး လုပ်ငန်းလမ်းညွှန်များနှင့် လျော်ညီခြင်း မရှိမှုများကို ကြပ်မတ်မှုအားနည်းကြောင်း၊ မဲဆွယ်မိန့်ခွန်း ဖြတ်တောက်ခံရသည့် ပါတီအချို့ နိုင်ငံပိုင်ရုပ်သံတွင် ဟောပြောမှုမလုပ်တော့သည်အထိ လက်ရှိကော်မရှင်ကို ဝေဖန်မှုများရှိခဲ့သည်။

COVID ကပ်ရောဂါကြားမှ ကျင်းပရမည့် အထွေထွေရွေးကောက်ပွဲအတွက် ပါတီများနှင့် အကျေအလည် ဆွေးနွေးညှိ နှိုင်းမှုမပြုလုပ်ခဲ့ခြင်း အပါအဝင် ကော်မရှင်၏ ရွေးကောက်ပွဲ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် ကို  ဝေဖန်မှုများစွာရှိခဲ့ပြီး အထင်ရှားဆုံးမှာ မဲဆန္ဒရှင်အရေအတွက် တစ်သန်းကျော် ကွာဟမှု ဖြစ်သည်။

“ကိုယ်တိုင်လည်း ရွေးကောက်ပွဲ ဝင်ခဲ့ပြီးတော့ရွေးကောက်ပွဲ ရလဒ်အပေါ်မှာ အနိုင်ရရှိတဲ့ NLD အပေါ်မှာ ကျွန်တော်တို့ ကိုယ်တိုင် အသိအမှတ်ပြုသလို ရွေးကောက်ပွဲ ရလဒ်အပေါ်မှာလည်း အသိအမှတ်ပြု တယ်။ သို့သော်လည်း တိုင်းသိပြည်သိစာရင်း ကွာဟမှုအပေါ်မှာတော့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က စနစ်တကျ အချိန်မီ ဘာကြောင့်ဆိုတာ ကြေညာသင့်တယ်” ဟု လှိုင်သာယာ (အရှေ့) မြို့နယ် ပြည်သူ့ လွှတ် တော် မဲဆန္ဒနယ်၏ တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်လောင်း တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောကြားသည်။

နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်က နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အချက် အလက်များတွင် မဲဆန္ဒရှင် စုစုပေါင်းကို ၃၇ သန်းကျော်ဟုဖော်ပြခဲ့ပြီး ကော်မရှင်၏နိုဝင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်တွင် မဲဆန္ဒရှင် စုစုပေါင်းမှာ ၃၈ သန်းကျော်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

မဲဆန္ဒရှင် ၃၇ သန်းကျော်မှာ အတည်မပြုရသေးသော အခြေခံမဲဆန္ဒရှင်စာရင်း သာဖြစ်ပြီး ဒုတိယအကြိမ် မဲစာရင်းကြေညာ ပြီးနောက် နောက်ဆုံးမဲဆန္ဒရှင် စာရင်းအမှန် မှာ ၃၈ သန်းကျော်ဖြစ်သည်ဟု ဒီဇင်ဘာ ၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ပြန် လည်ရှင်းလင်းခဲ့သည်။

ထိုသို့ ကော်မရှင်ဘက်မှ မဲစာရင်းအပါ အဝင် အမှားအယွင်းများစွာရှိခဲ့သည့်တိုင် တပ်မတော် ယခု ဆောင်ရွက်လျက်ရှိသည့် စုံစမ်းစစ်ဆေးမှုက မည်သည့်ဥပဒေနှင့်မျှ လျော်ညီခြင်းမရှိဟု မှတ်ချက်ပြုကြသည်။

“လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက နေ ဒီလိုမျိုးတွေ လုပ်လာတဲ့အခါကျတော့ ပထမတစ်ချက်က လူထုက ယုံကြည်မှု လျော့တာမျိုးတွေ ဖြစ်လာနိုင်တယ်။ တပ်မ တော်အပေါ်မှာ။ ဒုတိယအချက်ကတော့ လက်ရှိအနိုင်ရထားတဲ့ အရပ်ဘက်ပါတီနဲ့ ပိုပြီးတော့ အားပြိုင်မှုတွေ ဖြစ်လာနိုင်တယ်” ဟု တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးရဲမျိုးဟိန်းက ပြောကြားသည်။

ထို့အတွက် ကော်မရှင်ဘက်ကလည်း ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး အစီ ရင်ခံစာ ထုတ်ပြန်ခြင်းမျိုး ဆောင်ရွက်ကာ တပ်မတော်အနေဖြင့် အဆိုပါ အစီရင်ခံစာ အပေါ်အခြေခံကာ ၂၅ ရာခိုင်နှုန်းသော လွှတ်တော်တွင်း မေးခွန်းမေးမြန်း၊ အဆို တင်သွင်းခြင်း၊ သမ္မတထံ တင်ပြခြင်း စသည့် နည်းလမ်းများဖြင့်သာ ဆောင်ရွက်သင့်သည် ဟု ၎င်းင်းက အကြံပြုသည်။

လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ များတွင် ပုံစံ (၁) မှ ပုံစံ (၂၀) အထိ ရှိပြီး အဆိုပါပုံစံများထဲမှ ရွေးကောက်ပွဲပြီးချိန် တွင် ကူးယူခွင့်ရရှိနိုင်မည့် ပုံစံများမှာ မြို့ နယ် မဲဆန္ဒရှင်စာရင်း ပုံစံ (၁) နှင့် ရွေး ကောက်ပွဲရလဒ် ပုံစံ (၁၉) တို့သာရှိသည်ဟု ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ပြောကြားသည်။

ကိုယ်စားလှယ်လောင်းတစ်ဦးက မြို့ နယ်ကော်မရှင်အဖွဲ့ခွဲထံ မဲစာရင်းမိတ္တူ ကူး ယူခွင့်ပြုရန် တင်ပြလာလျှင် အခမဲ့ ကူးယူခွင့် ပြုနိုင်ပြီး အခြားတစ်ဦးဦးက ခိုင်လုံသော အကြောင်းပြချက်ဖြင့် လျှောက်ထားလာ လျှင် ကော်မရှင်သတ်မှတ်ထားသည့် နှုန်း ထားပေးသွင်း၍ ကူးယူခွင့်ပြုနိုင်ကြောင်း ရွေးကောက်ပွဲနည်းဥပေဒတွင် ပြဋ္ဌာန်းထား သည်။

“မဲစာရင်းနဲ့ ပုံစံ (၁၉) မဟုတ်တဲ့ အခြားသော ပုံစံတွေကို ကူးချင်ပါတယ်လို့ ပြောရင်တော့ ဥပဒေထဲမှာလည်း မပါဘူး။ အဲဒီတော့ UEC ကို မတင်ပြလို့ မရဘူးပေါ့နော်။ တို့ ရုံးချုပ် (UEC) ရဲ့ သဘောထားလိုလာပြီ” ဟု ဦးထွန်းအောင်ခိုင်က ပြောကြားသည်။

မဲရုံတွင် အသုံးပြုသည့် စာရွက်စာတမ်း၊ ပုံစံများကို ရွေးကောက်ပွဲအပြီးတွင် မဲရုံမှူး က ပါတီများ၏ မဲရုံကိုယ်စားလှယ်များ ရှေ့ မှောက်တွင် ချိပ်ပိတ်ရပြီး ယင်းတို့ကို ရွေး ကောက်ပွဲခုံရုံး၏ ညွှန်ကြားချက်ရရှိမှသာ ပြန်လည် ဖွင့်လှစ်နိုင်ကြောင်းလည်း ၎င်းင်း၏ပြောကြားချက်အရ သိရသည်။

“ရွေးကောက်ပွဲခုံရုံး လိုအပ်ချက်အရ ဖွင့်ဆိုမှသာ ဖွင့်ခွင့်ရှိတယ်။ အဲဒီလို ဖွင့်တဲ့ အခါမှာတောင်မှ အဲဒီမဲရုံက မဲရုံကိုယ်စား လှယ်တွေ၊ အကူကိုယ်စားလှယ်တွေ၊ နိုင်ငံ ရေးပါတီ သူတို့ ကိုယ်စားလှယ်တွေ အကုန် ပြန်ခေါ်ပြီး အများရှေ့မှာ ဖွင့်ရတဲ့ကိစ္စမျိုး တွေ ရှိတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲခုံရုံးရဲ့ ညွှ့န်ကြားချက်အရပဲ ဖွင့်လို့ရတယ်။ သာမန် အားဖြင့် ငါတို့က ဖွင့်လို့ မရတော့ဘူး။ အဲဒါ တွေက ချိပ်ပိတ်ထားခဲ့ပြီပေါ့နော်”ဟု ဦးထွန်းအောင်ခိုင်က ပြောကြားသည်။

ကချင်ပြည်နယ်အတွင်းရှိ တပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့ တာဝန်ရှိသူက အမည်ခံ၍ ပြည်နယ်ကော်မရှင် အဖွဲ့ခွဲ့ထံ တင်ပြလာ ခြင်းဖြစ်ပြီး ယင်းသို့ တင်ပြထားမှုအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားပြီး လက်ရှိအထိ ကော်မရှင်ဘက် က အကြောင်းပြန်ကြားမှု မရှိသေးဟု ၎င်းက ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ၏ ဒီဇင်ဘာ ၁ ရက် ညွှန်ကြားစာကြောင့် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရန် ရှိသည့် ကိုယ်စားလှယ်လောင်းအချို့နှင့် ရွေး ကောက်ပွဲဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်း အချို့က ၎င်းင်းတို့လိုအပ်သည့်ရွေးကောက်ပွဲ စာရွက်စာတမ်းနှင့် အထောက်အထားအချို့ တောင်းခံရာတွင် မရရှိမည်ကို စိုးရိမ်မှုရှိနေ သည်။

“ကိုယ်က ရလဒ်ကို မကျေနပ်ဘူးဆိုရင် အဲဒီတစ်ယောက်က သူမကျေနပ်တဲ့ ရလဒ် ရဲ့ မြို့နယ်ပေ့ါနော်။ ဒေသရဲ့ ရလဒ်ကို သူ့ အနေနဲ့ ကန့်ကွက်ပိုင်ခွင့်က ဥပဒေထဲမှာ ပေးထားပြီးသား။ ဒါက ဥပဒေပါ အခွင့် အ ရေး။ ဆိုတော့ အဲဒီလို တပ်မတော်ကနေ စာ ထုတ်ပြီးတော့ UEC ကလည်း စာပြန်ထုတ် လိုက်တဲ့အခါကျတော့ ကျွန်တော်တို့လိုမျိုး တစ်သီးပုဂ္ဂလပေါ့နော်။ ရွေးကောက်ပွဲ တရားမျှတမှုကို ဥပဒေပေးတဲ့ အခွင့်အရေး ကိုရှာဖို့ လုပ်နေတဲ့သူတွေက ထိခိုက်သွား တယ်လို့ ကျွန်တော်မြင်ပါတယ်”ဟု ရှမ်းပြည် နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) မှ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ  ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်က ပြောကြားသည်။

၎င်းယှဉ်ပြိုင်သည့် မဲဆန္ဒနယ်အတွင်း မဲမသမာမှုများ ကြုံတွေ့ခဲ့မှုကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ၄၅ ရက်အတွင်း ကန့်ကွက်လွှာ တင်သွင်းရန် ပြင်ဆင်နေသူဖြစ် သည်။

“ရွေးကောက်ပွဲဥပဒေအရ Public ကို နဂိုတည်းက ချပြထားတဲ့ Form တွေ၊ Document တွေကျတော့ ဘယ်အချိန် ဖြစ်ဖြစ် တရားနည်းလမ်းကျ တောင်းခံ လာရင်တော့ ပေးသင့်တယ် မြင်တယ်” ဟု ဦးမော်ထွန်းအောင်က ဆိုသည်။

တပ်မတော်အနေဖြင့် ရွေးကောက် ပွဲဖြစ်စဉ်များကို စိစစ်သုံးသပ်ပြီး တွေ့ရှိ ချက်များအရ လိုအပ်ပါက သက်ဆိုင်ရာ မဲ ဆန္ဒနယ်မှ မဲဆန္ဒရှင်များက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းမည်ဟု နိုဝင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၎င်းတို့ ခွင့်ပြုချက်မရှိဘဲ မည်သည့် စာရွက်စာတမ်းမှ မပေးရန် ကော်မရှင် အဖွဲ့ခွဲများကို ညွှန်ကြားထားခြင်းကြောင့် တပ်မတော်နှင့် ကော်မရှင်အကြား ပွတ်တိုက်မှု မည်မျှရှိမည်မှာ စောင့်ကြည့်ရမည် ဖြစ်သည်။

“သူတို့ လိုချင်တာလေးတွေကို ကူးယူ ချင်ပါတယ်လို့ ခွင့်တောင်းတယ်။ အဲဒီ လုပ်ပိုင်ခွင့်က တို့ကော်မရှင်အဖွဲ့ခွဲတွေကို ပေး အပ်ထားတဲ့ လုပ်ပိုင်ခွင့် မဟုတ်တဲ့အတွက် တို့ရဲ့အထက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေနဲ့အညီ ဆုံးဖြတ်ပြီးတော့မှ ပေးခွင့်ရှိတယ်ဆိုလည်း ပေးမှာပေါ့။ အဲဒီ ညွှန်ကြားချက်အရပဲ ငါတို့ က ဆောင်ရွက်မယ်” ဟု ကချင်ပြည်နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ပြော ကြားသည်။

တပ်မတော်ဆိုသည့် အဖွဲ့အစည်းကို ကိုယ်စားပြု၍ ရွေးကောက်ပွဲ ကန့်ကွက်လွှာများ တင်သွင်းခွင့်မရှိသော်လည်း တပ်မတော်သားများသည် မဲဆန္ဒရှင်များဖြစ်၍ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းခွင့်ရှိကြောင်း သိရသည်။

“တပ်မတော်သားတွေ ကိုယ်တိုင်ကလည်း မဲပေးရတယ်ပေါ့နော်။ အဲဒီတော့ သူတို့က မဲဆန္ဒရှင်တွေပဲ။ မဲဆန္ဒရှင်တစ်ယောက်ရဲ့အခွင့်အရေးကိုတော့ Complain တက်ခွင့် ရှိတယ်ပေါ့။ အဲဒီမှာကျတော့ အဖွဲ့ အစည်းနဲ့ လူနဲ့ ပြန်ကွဲသွားတာပေါ့နော်” ဟု လွတ်လပ်မျှတသော ရွေးကောက်ပွဲများ ပံ့ပိုး ကူညီရေးကွန်ရက် (MYNFREL) ၏ စီမံကိန်းမန်နေဂျာ ကိုမင်းသုနောင်ကဆိုသည်။

သို့ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ရွေးကောက်ပွဲအငြင်းပွားမှုကို ဖြေရှင်းပေးရမည့် ရွေးကောက်ပွဲခုံအဖွဲ့ကို ဖွဲ့စည်းရမည့် တာဝန်မှာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်တွင်သာ တည်ရှိသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၂ တွင် ပုဒ်မခွဲ သုံးခု ပါဝင်ပြီး ယင်းပုဒ်မ သုံးခုစလုံးနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် အတည်ဖြစ်သည်။

အဆိုပါ ပုဒ်မ ၄၀၂ ပုဒ်မခွဲ (ခ) တွင် ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံ အမှုများနှင့် ပြင်ဆင်မှုများဟူ၍ ပြဋ္ဌာန်းထားပြီး ပုဒ်မခွဲ (က) တွင် ရွေးကောက်တင် မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများ၊ ပုဒ်မခွဲ (ဂ) တွင် နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရဆောင် ရွက်သော ကိစ္စရပ်များဟူ၍ ဖြစ်သည်။ 

 

Most Read

Most Recent