စပိန်နိုင်ငံထုတ် AS သတင်းစာနှင့် ကမ္ဘာ့ဘောလုံးညီလာခံ (World Football Summit-WFS) တို့ ပထမဆုံးအကြိမ် ပူးပေါင်းချီးမြှင့်သည့် အကောင်းဆုံးကစား သမားဆုကို ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးကလက်ခံရယူခဲ့ကြောင်း သိရသည်။

ယခုနှစ်အတွက် AS/WFS အကောင်း ဆုံး အမျိုးသားဆုကို လီဝန်ဒေါစကီးနှင့် အမျိုးသမီးဆုကို ချယ်လ်ဆီးအမျိုးသမီးအသင်း တိုက်စစ်မှူး ဟာဒါတို့ ဆွတ်ခူးရရှိကြောင်း နိုဝင်ဘာ ၁၆ ရက်ကတည်းက ထုတ်ပြန်ကြေ ညာထားပြီး World Football Summit နောက်ဆုံးနေ့ဖြစ်သည့် နိုဝင်ဘာ ၂၇ ရက် တွင် ဆုရရှိသူများကို ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

ပထမဆုံးအကြိမ် ချီးမြှင့်သည့် ယင်းဆုကို AS ဝက်ဘ်ဆိုက်သို့ ဝင်ရောက် ကြည့်ရှုသူများ၏ မဲအရေအတွက် ၂၅ ရာခိုင် နှုန်းနှင့် WFS ဂျူရီအဖွဲ့၏ မဲအရေအတွက် ၇၅ ရာခိုင်နှုန်းဖြင့် ရွေးချယ်ထားခြင်းဖြစ်သည်။ AS သတင်းစာ၏ဖော်ပြမှုအရ လီဝန်ဒေါစကီးက မဲအများဆုံးဖြင့် ဆွတ်ခူးရရှိခြင်း ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းဖော် ကင်မစ်ချ်က ဒုတိယ၊ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက တတိယရရှိခဲ့ကြောင်း သိရသည်။

"AS/WFS ဆုကို ပထမဆုံးရရှိသူဖြစ် ခွင့်ရတာက ဂုဏ်ယူစရာပါပဲ။ ဟယ်လို စပိန်၊ AS/WFS အကောင်းဆုံးဆုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ စပိန်မှာရှိသူအားလုံး အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ်ချစ်ရတဲ့သူအားလုံးကို ဂရုစိုက်ကြပါ။ ခင်ဗျားတို့အားလုံးကို မကြာခင်မှာ ပရိသတ်အပြည့်ရှိနေတဲ့ကွင်းထဲမှာ မြင်ရမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်" ဟု လီဝန်ဒေါစကီးက ပြောကြားခဲ့သည်။















