စီးရီးအေပွဲစဉ်များတွင် ပရိသတ် (၁၀၀၀)ဝင်ရောက်ခွင့်ပြုခဲ့ပြီး (၁) လအကြာ၌ ကွင်းအတွင်းဝင်ရောက်ခွင့်ကို ပြန်လည်ပိတ်ပင်

စီးရီးအေပွဲစဉ်များတွင် ပရိသတ် (၁၀၀၀)ဝင်ရောက်ခွင့်ပြုခဲ့ပြီး (၁) လအကြာ၌ ကွင်းအတွင်းဝင်ရောက်ခွင့်ကို ပြန်လည်ပိတ်ပင်
Photo: Getty Images
Photo: Getty Images
Published 26 October 2020

အီတလီအစိုးရသည် စီးရီးအေပွဲစဉ်များတွင် ပရိသတ်များ ဝင်ရောက်ကြည့်ရှုခွင့်ကို လူဦးရေ (၁၀၀၀) ဦးအထိ ကန့်သတ်ချက်ဖြင့် ခွင့်ပြုပေးခဲ့ပြီးနောက် (၁)လအကြာ၌ပင် ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်အားလုံးကို ပြန်လည်ပိတ်ပင်ခဲ့ကြောင်း သိရှိရသည်။

အီတလီအစိုးရက နောက်ဆုံးထုတ်ပြန်လိုက်သည့် ဥပဒေတွင် ယင်းအချက်ကို ပြန်လည်တားမြစ်ခဲ့ခြင်းဖြစ်ပြီး တနင်္လာနေ့ (၂၆-၁၀-၂၀၂၀) မှ စတင်ကာ အနည်းဆုံး (၁) လ ကြာမြင့်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ယင်းကဲ့သို့ ဥပဒေသစ်ထုတ်ပြန်ခဲ့ခြင်းမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က အီတလီတွင် ထပ်တိုးလူနာသစ် (၂၁၀၀၀)ကျော် ထွက်ပေါ်လာခဲ့ပြီးနောက် ပြန်လည်ချမှတ်ခဲ့သည့် စည်းမျဉ်းဖြစ်ပြီး နောက်တစ်ကြိမ် ရောဂါလှိုင်းရိုက်ခတ်လာမည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်ကာ ဘောလုံးကွင်းများသာမက အခြားအားကစားနည်းပေါင်းစုံတွင်လည်း ကွင်းအတွင်း ကြည့်ရှု ခွင့်ကို ပိတ်ပင်ခဲ့ကာ တိုးတက်ကောင်းမွန်လာမှုအပေါ် မူတည်ပြီး ပြန်လည်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်းသိရှိရသည်။

အင်္ဂလန်နိုင်ငံတွင် အောက်တိုဘာ (၂၅)ရက်နေ့က လူနာသစ် (၁၉၇၉၀) ဦးတွေ့ရှိခဲ့ပြီး ကွင်းအတွင်း ပရိသတ်များ ဝင်ရောက်ကြည့်ရှုခွင့်အတွက် အပြန်အလှန်အငြင်းပွားမှုများဖြစ်ပေါ်နေချိန်၌ အီတလီနိုင်ငံတွင် ယင်း နေ့၌ပင် လူနာသစ် (၂၁၂၇၃) ဦး တွေ့ရှိခြင်းကြောင့် ပြန်လည်ပိတ်ပင်ခဲ့ခြင်းဖြစ်ရာ အီတလီအစိုးရ၏ ဆုံးဖြတ်ချက်မှာ ဗြိတိန်အစိုးရအပေါ်ကိုပါ ရိုက်ခတ်လာမည်ကို စိုးရိမ်နေသူများလည်းရှိနေသည်။

သို့ရာတွင် ဘောလုံးလောကအပေါ် အစိုးရက ငွေကြေးဆိုင်ရာအထောက်အကူ မပေးနိုင်သည့်အနေအထားတွင် ကလပ်အသင်းများ၏ ဘဏ္ဍာရေးဆိုင်ရာ သက်ရောက်မှုများအတွက် ဗြိတိန်တွင်မူ မကြာမီ ပရိသတ်များ ပြန်လည် ဝင်ရောက်ခွင့်ပေးဖွယ်ရှိနေသည်ဟုလည်း သိရှိရသည်။

လက်ရှိအချိန်တွင် စုစုပေါင်း ကူးစက်သူဦးရေမှာ ဗြိတိန်တွင် လူနာ (၉)သိန်းဝန်းကျင် ရှိနေပြီး၊ အီတလီနိုင်ငံတွင် လူနာ (၅)သိန်းကျော်ရှိနေသည်ဟုလည်း သိရှိရသည်။ 

Most Read

Most Recent