ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်တွင် စီးပွားဖြစ် ရပ်တည်နိုင်စွမ်းရှိမှု သေချာသည့် စက်မှုဇုန်နှင့် အခြေခံ အဆောက်အအုံများ တည်ဆောက်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာ (EoI) စတင်ခေါ်ယူ

ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်တွင် စီးပွားဖြစ် ရပ်တည်နိုင်စွမ်းရှိမှု သေချာသည့် စက်မှုဇုန်နှင့် အခြေခံ အဆောက်အအုံများ တည်ဆောက်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာ (EoI) စတင်ခေါ်ယူ
Swiss Challenge အတွက် အကြံပေး ဝန်ဆောင်မှုလုပ်ငန်း ခန့်အပ်ရန် အစည်းအဝေး ပြုလုပ်နေသည်ကို တွေ့ရစဉ်
Swiss Challenge အတွက် အကြံပေး ဝန်ဆောင်မှုလုပ်ငန်း ခန့်အပ်ရန် အစည်းအဝေး ပြုလုပ်နေသည်ကို တွေ့ရစဉ်
Published 16 October 2020
စည်သူအောင်

ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်တွင် စီးပွားဖြစ် ရပ်တည်နိုင်စွမ်းရှိမှု သေချာသည့် စက်မှုဇုန်နှင့် အခြေခံ အဆောက်အအုံများ တည်ဆောက်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာ (EoI) စတင်ခေါ်ယူထားကြောင်း သိရသည်။

ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းသစ်ကို ပြည်ထောင်စုအစိုးရနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး Swiss Challenge တင်ဒါကော်မတီ ဖွဲ့စည်းဆောင်ရွက် လျက်ရှိကာ အဆိုပြုလွှာကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက် နောက်ဆုံးထားပြီး တင်ဒါကော်မတီထံ လျှောက်ထားနိုင်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းတွင် စက်မှုဇုန်၊ တန်ဖိုးနည်း အိမ်ရာများနှင့် အထောက်အကူပြု အခြေခံ အဆောက်အအုံများ ပါဝင်သည်။

ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်တွင် ပါဝင်သည့် လုပ်ငန်းစီမံကိန်းများအနက် စီးပွားဖြစ် ရပ်တည်နိုင်စွမ်းရှိမှု သေချာသည့် စက်မှုဇုန်နှင့် အခြေခံ အဆောက်အအုံများကို ဦးစွာအကောင်အထည်ဖော် ဆောင်ရွက်ရန် ပွင့်လင်းမြင်သာမှုရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် Swiss Challenge ခေါ်ယူနိုင်ရေး အကြံပေး ဝန်ဆောင်မှု လုပ်ငန်းအဖြစ် Roland Berger Co.,Ltd ကို စက်တင်ဘာ ၄ ရက်တွင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်ကို ရန်ကုန်မြို့ အနောက်ဘက်ကမ်းတွင် တည်ဆောက် သွားမည်ဖြစ်ပြီး ကနဦးတွင် စီးပွားဖြစ် ရပ်တည်နိုင်စွမ်း သေချာသည့် စက်မှုဇုန်နှင့် အခြေခံ အဆောက်အအုံများ ဦးစွာအကောင်အထည် ဖော်မည်ဖြစ်သည်။ စီမံကိန်း ဆောင်ရွက်ခြင်းကြောင့် ရန်ကုန်မြို့တွင် စက်မှုလုပ်ငန်းများ ပိုမိုချဲ့ထွင်လာနိုင်ရန် မျှော်လင့်ထားပြီး COVID-19 ကပ်ရောဂါ အလွန်ကာလ၌ စီးပွားရေး ပြန်လည်ဦးမော့လာရေး၊ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရန် မျှော်မှန်းထားသည်။

ထို့ပြင် အဆိုပါ စီမံကိန်းသည် မြန်မာနိုင်ငံကို ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်စေရန်နှင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ အများအပြား ဆွဲဆောင်နိုင်ရန်အတွက် လိုအပ်လျက်ရှိသည့် ခေတ်မီအခြေခံ အဆောက်အအုံများ ဖြည့်ဆည်းပေးနိုင်ရေး ရည်ရွယ်အကောင်အထည် ဖော်ခြင်းလည်း ဖြစ်သည်။

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ GDP ၏ ၂၆ ရာခိုင်နှုန်းကို ကိုယ်စားပြုထားပြီး ရန်ကုန်မြို့တော်တွင် စက်မှုကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးလာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာမည်ဖြစ်ပြီး အသေးစား၊ အလတ်စား လုပ်ငန်းများ အပါအဝင် စီးပွားရေး လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းမှတစ်ဆင့် ရန်ကုန်တိုင်းနေ ပြည်သူလူထု၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အပံ့ ဖြစ်စေရန် မျှော်မှန်းထားသည်။

ရန်ကုန်မြို့ အနောက်ဘက် တွံတေး၊ ကြည့်မြင်တိုင်၊ တောင်ဘက် ဆိပ်ကြီးခနောင်တို တို့တွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်၊ မွန်ပြည်နယ် ကုလားဂုတ်ကျွန်း ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် Swiss Challenge တင်ဒါ ကော်မတီ ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ် (၈၉/၂၀၂၀) ဖြင့် ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ အနောက်ဘက် တွံတေးမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် တောင်ဘက် ဆိပ်ကြီးခနောင်တို မြို့နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်တွင် ပါဝင်သော လုပ်ငန်းများကို အပိုင်းလိုက် (Unbundled) ခွဲထုတ်၍ စီးပွားဖြစ်ရပ်တည် နိုင်စွမ်းရှိသည့် စက်မှုဇုန်နှင့် မြို့ပြအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းများအားလည်းကောင်း၊ ထားဝယ်မြို့၏ မြောက်ဘက်၊ ကပ္ပလီပင်လယ် ကမ်းရိုးတန်းတွင် တည်ရှိ၍ အိန္ဒိယ သမုဒ္ဒရာထွက်ပိုက်လည်း ရရှိနိုင်သည့် မွန်ပြည်နယ် ကုလားဂုတ်ကျွန်းကို ပင်လယ်ကူး သင်္ဘောများ ဝင်ထွက်ရန် ရေနက်ဆိပ်ကမ်းအဖြစ် အသုံးပြုပြီး အထူးစီးပွားရေးဇုန် (SEZ) အဖြစ်ဆောင်ရွက်နိုင်ရန် Feasibility Study ပြုလုပ်ခြင်း လုပ်ငန်းများအား လည်းကောင်း မိမိသဘော ဆန္ဒအလျောက် တင်သွင်းသည့် စီမံကိန်း အဆိုပြုလွှာ (Unsolicited Proposal) အပေါ် အခြေခံ၍ ပွင့်လင်းမြင်သာမှုနှင့် ယှဉ်ပြိုင်မှုရှိသော တင်ဒါခေါ်ယူရန်အတွက် Swiss Challenge တင်ဒါကော်မတီကို ဖွဲ့စည်းခြင်းဖြစ်သည်။

အဆိုပါ ကော်မတီကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က အဖွဲ့ဝင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းက အဖွဲ့ဝင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးက အဖွဲ့ဝင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။

Most Read

Most Recent