ဗလင်စီယာအသင်းကို အသင်းဥက္ကဋ္ဌ ဖျက်ဆီးနေသည်ဟု ကွန်ဒေါ့ဘီယာ စွပ်စွဲ

ဗလင်စီယာအသင်းကို အသင်းဥက္ကဋ္ဌ ဖျက်ဆီးနေသည်ဟု ကွန်ဒေါ့ဘီယာ စွပ်စွဲ
Photo: Getty Images
Photo: Getty Images
Published 16 October 2020

ဗလင်စီယာကွင်းလယ်လူ ကွန်ဒေါ့ဘီယာက အသင်းဥက္ကဋ္ဌ အန်နယ်လ်မာတီသည် အသင်းကို ဖျက်ဆီးနေကြောင်း စွပ်စွဲခဲ့သည်။ 

ဗလင်စီယာအသင်းသည် ယခုရာသီ လာလီဂါပွဲစဉ် (၅)အပြီးတွင် (၂)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၂)ပွဲရှုံး ရလဒ်ထွက်ပေါ်ထားပြီး ရမှတ် (၇)မှတ်ဖြင့် အဆင့် (၈)နေရာ၌ ရပ်တည်နေသည်။ 

သို့သော် ဗလင်စီယာအသင်းတွင် အသင်းတွင်းပြဿနာများ ရှိနေပြီး နည်းပြ ဂရာစီယာသည် အသင်းဘုတ်အဖွဲ့၏ ကတိမတည်မှုကြောင့် အသင်းမှနုတ်ထွက်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

ထို့ပြင် ဗလင်စီယာအသင်းဘုတ်အဖွဲ့သည် နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့တွင် အက်သလက်တီကိုအသင်းသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေသည့် ကွန်ဒေါ့ဘီယာကိုလည်း တားဆီးခဲ့ကြောင်း သိရသည်။ 

ထို့ကြောင့် ကွန်ဒေါ့ဘီယာက "အသင်းရဲ့ ရည်မှန်းချက်ကြီးမားတဲ့ ပရောဂျက်ကိုလည်း ဖျက်ဆီးလိုက်ပြီ။ နည်းပြကိုလည်း လိမ်ပြီးပြီ။ နောက်ဆုံး ငါ့ကိုလည်း လိမ်တယ်။ ကျေးဇူးတင်ပါတယ်။ အန်နယ်လ်မာတီ"ဟု သူ၏ Instagram Story တွင် ရေးတင်ခဲ့သည်။

ဗလင်စီယာအသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အသင်း၏ အဓိကကစားသမားများဖြစ်သည့် ရိုဒရီဂို၊ ပယ်ရေဟို၊ ဖယ်ရန်တောရက်စ်နှင့် ကိုကွီလင်တို့ကို ရောင်းချ၊ ထွက်ခွာခွင့်များပေးခဲ့သော်လည်း ကစားသမားသစ် ခေါ်ယူခဲ့ခြင်း မရှိပေ။ 

ယင်းအတွက် နည်းပြ ဂရာစီယာက အသင်းဘုတ်အဖွဲ့ကို ဒေါသထွက်နေသလို၊ အသင်းပရိသတ်များကလည်း အသင်းပိုင်ရှင်များကို စိတ်ပျက်နေကြကြောင်း သိရသည်။ 

Most Read

Most Recent