ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘာစီလိုနာအသင်း ယူရို ၉၇ သန်းအရှုံးပေါ်ပြီး ကြွေးမြီနှစ်ဆတိုးလာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘာစီလိုနာအသင်း ယူရို ၉၇ သန်းအရှုံးပေါ်ပြီး ကြွေးမြီနှစ်ဆတိုးလာ
Photos : Getty Images
Photos : Getty Images
Published 7 October 2020

ဘာစီလိုနာအသင်းသည် ကမ္ဘာတစ်ဝန်းရင်ဆိုင်နေရသည့် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကပ်ရောဂါ ကြောင့် ၂၀၁၉-၂၀၂၀ ရာသီတွင် ယူရို ၉၇ သန်း အရှုံးပေါ်ခဲ့ပြီး ကြွေးမြီပမာဏမှာလည်း ယခင်နှစ်ထက် နှစ်ဆတိုးလာကြောင်း သိရသည်။

ပြီးခဲ့သည့်ရာသီအတွက် ဘဏ္ဍာရေးရှင်းတမ်းကို တနင်္လာနေ့တွင် ထုတ်ပြန်ရာ ဘာစီလိုနာအသင်းသည် ကဏ္ဍအသီးသီးမှ ဝင်ငွေ ယူရို ၈၅၅ သန်းရရှိခဲ့သော်လည်း မူလခန့်မှန်းထားသည့် ယူရို ၁၀၅၉ သန်းထက် ယူရိုသန်း ၂၀၀ ကျော် လျော့နည်းသွားသည်။ 

ဘာစီလိုနာအသင်းသည် COVID-19 ကပ် ရောဂါမဖြစ်ပွားပါက တစ်ရာသီအတွင်း ဝင်ငွေယူရိုတစ်ဘီလီယံအထက်ရရှိသည့် ပထမဆုံး ကလပ်ဖြစ်လာရန် မျှော်မှန်းထားသော်လည်း ယူရို ၉၇ သန်း အရှုံးပေါ်ခဲ့သလို ကြွေးမြီမှာလည်း ၂၀၁၉ ခုနှစ် ဇွန်တွင် ယူရို ၂၁၇ သန်း ရှိရာမှ ယခုနှစ် ဇွန်တွင် ယူရို ၄၈၈ သန်းအထိ မြင့်တက်လာကြောင်း သိရသည်။ 

မတ်လတွင် သုံးလကြာ ရပ်နားရပြီးနောက် ပြန်လည်ကစားသည့် လက်ကျန်ပွဲများတွင် ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရသဖြင့် ကွင်းဝင်ကြေး ဝင်ငွေ ယူရို ၄၇ သန်း၊ အမှတ်တရပစ္စည်း အရောင်းဆိုင်မှ ယူရို ၃၅ သန်းနှင့် နူးကမ့်ကွင်း ရှိ ပြတိုက်လက်မှတ်ရောင်းချရမှုမှ ယူရို ၁၈ သန်း နစ်နာဆုံးရှုံးခဲ့ကြောင်း ဘာစီလိုနာ အသင်းက ထုတ်ပြန်ခဲ့သည်။

ယခုရာသီတွင်လည်း ပရိသတ်များ ကြည့်ရှုခွင့်မရသေးသဖြင့် ဝင်ငွေထပ်မံလျော့ ကျနိုင်ပြီး ယူရို ၇၉၁ သန်းသာ ရရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ ထို့ကြောင့် ဘာစီလိုနာ အသင်းသည် ယခုနွေရာသီတွင် လစာမြင့်မားသည့် ဆွာရက်ဇ်၊ ဗီဒယ်လ်၊ ရာကီတစ်စသည့် ကြယ်ပွင့်ကစားသမားများကို ထွက်ခွာခွင့်ပြုခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent