မွန်ပြည်နယ်အတွင်း COVID-19 ရောဂါ သက်သာ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွားသူ ၁၄၅ ဦး အထိရှိလာ

မွန်ပြည်နယ်အတွင်း COVID-19 ရောဂါ သက်သာ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွားသူ ၁၄၅ ဦး အထိရှိလာ
ပုံစာ - ရောဂါသက်သာပျောက်ကင်းသွားသည့်အတွက် ဆေးရုံမှ ပြန်လည်ဆင်းခွင့်ရသူများအား မော်လမြိုင်အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ကွန်ရက်မှ လူနာများအား နေအိမ်များသို့ လိုက်လံပို့ဆောင်ပေးနေပုံများ (Photo  - Mawlamyine Rescue Team)
ပုံစာ - ရောဂါသက်သာပျောက်ကင်းသွားသည့်အတွက် ဆေးရုံမှ ပြန်လည်ဆင်းခွင့်ရသူများအား မော်လမြိုင်အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ကွန်ရက်မှ လူနာများအား နေအိမ်များသို့ လိုက်လံပို့ဆောင်ပေးနေပုံများ (Photo - Mawlamyine Rescue Team)
Published 2 October 2020
ဘိုဘိုမြင့်

မွန်ပြည်နယ်အတွင်း COVID-19 ရောဂါ သက်သာပျောက်ကင်းသည့်အတွက် အောက်တိုဘာ ၁ ရက်အထိ ဆေးရုံမှဆင်းသွားသူ ၁၄၅ ဦးအထိရှိလာကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထံမှ သိရသည်။

ရောဂါသက်သာပျောက်ကင်းသွားသည့်အတွက် ဆေးရုံမှ ဆင်းသွားသူ (၁၄၅) ဦးရှိကြောင်း၊ လက်ရှိ ဆေးရုံတွင် Positive လူနာ (၁၂၆) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း၊ Positive လူနာ တစ်ဦးအား ဆေးရုံပြောင်းရွှေ့ပေးထားကြောင်း နှင့် အောက်တိုဘာ ၁  ရက် အထိ Positive လူနာသေဆုံးမှု (၆) ဦးအထိရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်မှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာဝတ်မှုံ က ပြောကြားသည်။

၎င်းကဆက်လက်ပြီး"လက်ရှိဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှုပေးထားတဲ့ Positive လူနာ (၁၂၆) ဦးထဲမှာမ (၆) ဦးလောက်ကိုတော့ နေ့စဉ် ဂရုတစိုက်နဲ့ဆေးကုသမှုပေးနေရပါတယ်။ ကျန်တဲ့လူနာတွေကတော့ ကျန်းမာရေးကောင်းမွန်ကြတယ်လို့ပြောလို့ရပါတယ်။ ဆေးရုံက ဆင်းသွားကြတဲ့လူနာတွေကိုလည်း နေအိမ်မှာ (၇) ရက်နေဖို့၊ ဘယ်ကိုမှ သွားလာတာတွေမလုပ်ဖို့၊ နောက် ရောဂါလက္ခဏာအခုခုခံစားရပြီးဆိုရင် ဆေးရုံကို လာပြန်ပြပေးကြဖို့မှာကြားထားပါတယ်" Positive လူနာသေဆုံးမှုနှင့် ပတ်သက်ပြီး တချို့သေဆုံးသူများမှာ သေဆုံးပြီးနောက် စစ်ဆေးရာမှ COVID – 19 ကူးစက်ရောဂါပိုးတွေ့ရှိရသူများလည်းပါဝင်ကြောင်း ဒေါက်တာဝတ်မှုံ ၏ပြောကြားချက်အရ သိရသည်။

လက်ရှိ မွန်ပြည်နယ်အတွင်း COVID – 19 ကူးစက်ကပ်ရောဂါနှင့် ပတ်သက်ပြီး ကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရေးအတွက် မော်လမြိုင်၊ ဘီးလင်း နှင့် ကျိုက်ထိုမြို့နယ်များတွင် ညမထွက်အမိန့် ထုတ်ပြန်ထားကြောင်း၊ ထို့အပြင် မော်လမြိုင်မြို့ ချောင်းဆုံမြို့နယ်၊ မုဒုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်များရှိ ကျေးရွာတချို့နှင့် လမ်းပိုင်းတချို့အား Lockdown ဧရိယာအဖြစ်သတ်မှတ်ထားပြီး ယင်းနေရာများနှင့် ဆက်စပ်လျှက်ရှိသည့် ရပ်ကွက်နှင့် ကျေးရွာတချို့ကိုလည်း Stay at Home အစီအစဉ် သတ်မှတ်ထားကြောင်း သိရသည်။

Most Read

Most Recent