ကစားသမားရောင်းချခြင်းမှ တစ်ရာသီယူရိုသန်း (၁၀၀)အထက်ကို (၄)ရာသီဆက်ရရှိသည့် ပထမဆုံးလာလီဂါအသင်းအဖြစ် ရီးယဲလ် မှတ်တမ်းဝင်

ကစားသမားရောင်းချခြင်းမှ တစ်ရာသီယူရိုသန်း (၁၀၀)အထက်ကို (၄)ရာသီဆက်ရရှိသည့် ပထမဆုံးလာလီဂါအသင်းအဖြစ် ရီးယဲလ် မှတ်တမ်းဝင်
Photo: AS
Photo: AS
Published 21 September 2020

ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီတွင် ကစားသမားရောင်းချခြင်းမှ ယူရိုသန်း (၁၂၀)ရရှိခဲ့ပြီးနောက် ကစားသမားရောင်းချခြင်းမှ ယူရိုသန်း (၁၀၀)အထက်ကို  (၄)ရာသီဆက်တိုက် ရရှိခဲ့သည့် ပထမဆုံးလာလီဂါကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့် စနေနေ့ (စက်တင်ဘာ ၁၉ ရက်နေ့)က အသင်း၏ ဘယ်နောက်ခံလူ ရယ်ဂီလွန် (၂၃ နှစ်)အား စပါးအသင်းထံ ယူရိုသန်း (၃၀) (add-on ကြေး ယူရို ၅ သန်း) ဖြင့် ရောင်းချခဲ့ပြီးနောက် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်း၏ ကစားသမားရောင်းချခြင်းမှ ဝင်ငွေစုစုပေါင်း ယူရိုသန်း(၁၂၀)အထိ ရှိလာခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း နောက်ခံလူ ဟာကီမီကို အင်တာမီလန်အသင်းသို့ ယူရိုသန်း (၄၀)၊ ကွင်းလယ်တိုက်စစ်ကစားသမား အော်စကာရိုဒရီဂွက်ဇ်ကို ဆီဗီလာအသင်းသို့ ယူရို (၁၅)သန်း၊ တောင်ပံကစားသမား ဟာမီးစ်ရိုဒရီဂွက်ဇ်ကို အဲဗာတန်အသင်းသို့ ယူရို (၂၅) သန်း၊ နောက်ခံလူ ဟာဗီဆန်းချက်ဇ်ကို ဗယ်လာဒိုလစ်အသင်းသို့ ယူရို (၃)သန်း၊ တောင်ပံကစားသမား ဂျော်ဂျီဒီဖရူတို့စ်နှင့် တိုက်စစ်မှူး ဒါနီဂိုးမက်ဇ်တို့ကို လီဗန်တေးအသင်းသို့ ယူရို (၅)သန်း၊ ကွင်းလယ်တိုက်စစ်ကစားသမား အယ်လ်ဘာတိုဆိုရိုကို ဂရန်နာဒါအသင်းသို့ ယူရို (၂)သန်းတို့ဖြင့် ရောင်းချထားပြီး ယခု ရယ်ဂီလွန်ကိုပါ ထပ်မံရောင်းချခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ယခုရာသီတွင် ကစားသမားသစ် ခေါ်ယူမှုမရှိသေးဘဲ ကစားသမားရောင်းချခြင်းများကို ဆက်တိုက်ဆိုသလိုပြုလုပ်နေခြင်းဖြစ်ပြီး ယခုရောင်းချထားသည့် ကစားသမား (၈)ဦးတွင် ဟာမီးစ်ရိုဒရီဂွက်ဇ်မှလွဲ၍ ကျန်ကစားသမား (၇)ဦးမှာ ပြီးခဲ့သည့်ရာသီက အငှားချထားသည့် ကစားသမားများဖြစ်သည်။

ထို့ပြင် ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် အသင်းတိုက်စစ်မှူးတစ်ဦးဖြစ်သည့် မာရီယာနိုဒီယက်ဇ်ကိုလည်း ရောင်းချရန်စီစဉ်ထားပြီး၊ ၎င်းကိုရောင်းချနိုင်ခဲ့ပါက အသင်းသမိုင်းတစ်လျှောက် ကစားသမားရောင်းချခြင်းမှ ငွေကြေး အများဆုံးရာသီအဖြစ် မှတ်တမ်းဝင်နိုင်ဖွယ်ရှိနေသည်။

ယခင်ရီးယဲလ်မက်ဒရစ်အသင်း၏ တစ်ရာသီအတွင်း ကစားသမားရောင်းချခြင်းမှ ငွေကြေးအများဆုံးရရှိခဲ့သည့်ရာသီမှာ ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီဖြစ်ပြီး စုစုပေါင်း ယူရိုသန်း(၁၃၀) အထိ ရရှိခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent