ဘာစီလိုနာကို မက်ဆီ စွန့်ခွာခဲ့ပါက ၎င်းအားခေါ်ယူနိုင်ရန် မန်စီးတီး မျှော်လင့်နေ

ဘာစီလိုနာကို မက်ဆီ စွန့်ခွာခဲ့ပါက ၎င်းအားခေါ်ယူနိုင်ရန် မန်စီးတီး မျှော်လင့်နေ
Published 17 August 2020

မန်စီးတီးအသင်းသည် ဘာစီလိုနာအသင်း၏အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီအား ခေါ်ယူနိုင်ရန် မျှော်လင့်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ ဘာစီလိုနာအသင်းသည် ယခုရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်တွင် ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းအား (၂-၈)ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းခေါင်းဆောင် မက်ဆီ၏ အနာဂတ်မှာ အပြင်းထန်ဆုံးလှုပ်ခတ်လာပြီဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

သို့ဖြစ်ရာ ဘာစီလိုနာအသင်းကို မက်ဆီ စွန့်ခွာခဲ့ပါက ၎င်းအား ခေါ်ယူနိုင်မည့်အသင်းဖြစ်လာရန် မန်စီးတီးအသင်းက မျှော်လင့်နေခြင်းဖြစ်ကြောင်း သိရှိရသည်။ အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဆီနှင့် ဘာစီလိုနာအသင်း ချုပ်ဆိုထားသည့်စာချုပ်မှာ လာမည့်နှစ် နွေရာသီတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ မန်စီးတီးအသင်းတာဝန်ရှိသူများအနေဖြင့် ဘာစီလိုနာအသင်းတွင် မက်ဆီ၏အခြေအနေကိုစောင့်ကြည့်လျက်ရှိနေကြောင်း သိရှိရသည်။ လက်ရှိမန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ ဘာစီလိုနာအသင်းကို ကိုင်တွယ်ခဲ့စဉ်က မက်ဆီနှင့်လက်တွဲ၍ အောင်မြင်မှုများရယူနိုင်ခဲ့ရာ ၎င်းတို့နှစ်ဦးကို ပြန်လည်ပေါင်းစပ်ရန် မန်စီးတီးတာဝန်ရှိသူများက ဆန္ဒရှိနေခြင်းလည်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်အား ရှုံးနိမ့်ခဲ့သော ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဒုတိယပိုင်း ပြန်မစမီ၌ ကြမ်းပြင်ကို အဓိပ္ပာယ်မဲ့ကြည့်ရှုနေသည့် မက်ဆီ၏ ညှိုးငယ်သည့်သွင်ပြင်ပါဝင်သော ဓာတ်ပုံမှာ လူမှုကွန်ရက်စာမျက်နှာတွင်  ပျံ့နှံ့ခဲ့ပြီး ယင်းပုံအရ မက်ဆီသည် ဘာစီလိုနာအသင်းအား ဦးဆောင်ကစားရခြင်းကို စိတ်ပျက်နေပြီဖြစ်ကြောင်း၊ အသင်းမှထွက်ရန် ဆန္ဒရှိနေပြီဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ မက်ဆီသည် ၂၀၁၉-၂၀ ဘောလုံးရာသီအတွင်း ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ(၃၁)ဂိုးသွင်းယူကာ (၂၆)ဂိုး ဖန်တီးပေးခဲ့သော်လည်း သူ၏အသင်းမှာ ဖလားလက်မဲ့ရာသီကို ဖြတ်သန်းခဲ့ရသည်။ သို့ဖြစ်ရာ မက်ဆီ၏အနာဂတ်နှင့်ပတ်သက်၍ လှုပ်ခတ်သောသတင်းများ ဆက် တိုက်ထွက်ပေါ်နေပြီး စီးရီးအေကလပ် အင်တာမီလန်အသင်းကလည်း ၎င်းင်းကိုခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သတင်းများထွက်ပေါ်နေသည်။ မက်ဆီသည် ဘာစီလိုနာအသင်းတွင် လူငယ်ကစားသမားဘဝ စတင်ခဲ့သူဖြစ်ပြီး ၂၀၀၄-၀၅ ရာသီတွင် ဘာစီလိုနာအသင်းကြီး၌ စတင်ကစားခွင့်ရရှိခဲ့သည်။ မက်ဆီသည် ဘာစီလိုနာအသင်း၌ ကစားခဲ့သည့်(၁၆) ရာသီအတွင်း (၄)ရာသီမြောက် ဖလားလက်မဲ့ရာသီကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

 

Most Read

Most Recent