ကျန်ကစားသမားများကို သြဂုတ်လအတွင်းကစားရမည့် ချန်ပီယံလိဂ်ပြိုင်ပွဲ ပြီးဆုံးမှသာ ရောင်းချမည်ဖြစ်သော်လည်း ဂါရတ်ဘေးလ်၊ ဟာမီးစ်ရိုဒရီဂွက်ဇ်၊ စီဘယ် ယော့စ်၊ ယိုဗစ်တို့အပြင် ဗယ်လေဟို၊ အော်စကာရိုဒရီဂွက်ဇ်၊ မာရီယာနို ဒီယက်ဇ်နှင့် ဘရာဟင်ဒီယက်ဇ်တို့ ပါဝင်ဖွယ်ရှိကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။
လာလီဂါချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုနွေရာသီတွင် ကစားသမားရောင်းချရာမှ ယူရိုသန်း ၁၈၀ ရရှိရန် မျှော်မှန်းထားကြောင်း စပိန်သတင်းဌာနများစွာ၏ ဖော်ပြချက်အရ သိရသည်။

ရီးယဲလ်အသင်းသည် ယခုနွေ ရာသီတွင် "Operation Exit" အစီအစဉ်ကို အကောင်အထည်ဖော်ရန် ပြင်ဆင်ထားပြီး ညာနောက်ခံလူ ဟာကီမီကို အင်တာမီလန်အသင်းသို့ ယူရိုသန်း ၄၀၊ ခံစစ်အတွင်းလူ ဟာဗီဆန်းချက်ဇ်ကို ဗယ်လာဒိုလစ် အသင်းသို့ ယူရိုသုံးသန်းဖြင့် ရောင်းချထားပြီးဖြစ်သည်။ ကျန်ကစားသမားများကို သြဂုတ်လအတွင်းကစားရမည့် ချန်ပီယံလိဂ်ပြိုင်ပွဲ ပြီးဆုံးမှသာ ရောင်းချမည်ဖြစ်သော်လည်း ဂါရတ်ဘေးလ်၊ ဟာမီးစ်ရိုဒရီဂွက်ဇ်၊ စီဘယ် ယော့စ်၊ ယိုဗစ်တို့အပြင် ဗယ်လေဟို၊ အော်စကာရိုဒရီဂွက်ဇ်၊ မာရီယာနို ဒီယက်ဇ်နှင့် ဘရာဟင်ဒီယက်ဇ်တို့ ပါဝင်ဖွယ်ရှိကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။

ဂါရတ်ဘေးလ်
နည်းပြ ဇီဒန်းက ဂါရတ်ဘေးလ် နှင့် ပြဿနာမရှိဟု အကြိမ်ကြိမ်ငြင်းဆန်နေသော်လည်း ၎င်းတို့အကြား ဆက်ဆံရေးအခြေအနေမှာ အဆိုးဆုံးဖြစ်နေသည်။ ဘေးလ်သည် ယခုရာသီ လာလီဂါပြိုင်ပွဲတွင် ပွဲထွက် ကစားသမားအဖြစ် ၁၆ ပွဲသာကစား ခွင့်ရရှိသလို နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ ထို့ပြင် ပွဲစဉ် ၃၃ မှ ၃၇ အထိ ငါးပွဲဆက်တိုက် အရန်စာရင်းပါဝင်သော်လည်း လူစားဝင်အဖြစ် ကစားခွင့်မရသလို ရာသီပိတ်ပွဲစဉ် ၃၈ တွင်မူ ၂၃ ဦးလူစာရင်းမှာပင် ရွေး ချယ်ခြင်းမခံရဘဲ ချန်လှပ်ခံခဲ့ရသည်။ ဘေးလ်သည် အလာဗတ်စ်အသင်း နှင့်ကစားသည့်ပွဲစဉ်တွင် နှာခေါင်းစည်းကို မျက်လုံးတွင်အုပ်၍ ပွဲကြည့် စင်ပေါ်၌ အိပ်ပျော်နေသဖြင့် ဝေဖန် မှုများခံခဲ့ရသလို ဂရန်နာဒါအသင်း နှင့်ပွဲတွင်မူ ဝေဖန်မှုများကို တုံ့ပြန်သည့်အနေဖြင့် လက်နှစ်ဖက်ကို မှန်ဘီလူးပုံစံဖြင့် ချောင်းကြည့်နေသည့် ပုံစံ ပြုလုပ်ခဲ့သည်။ ဘေးလ်သည် လာလီဂါချန်ပီယံဖလားနှင့် အောင် ပွဲခံရာတွင် အသင်းဖော်များနှင့် သီးခြားခွဲနေ၍ စိတ်မပါသည့်ပုံစံပြုလုပ် နေသည့် ဗီဒီယိုဖိုင်မှာလည်း လူမှုမီဒီယာများတွင် ထွက်ပေါ်ခဲ့သည်။ ၎င်း၏စာချုပ်မှာ ၂၀၂၂ ခုနှစ်အထိ နှစ်နှစ်ကျန်ရှိနေသေးပြီး ယူရိုသန်း ၆၀ ကျော် တန်ဖိုးရှိသည်။

ဟာမီးစ်ရိုဒရီဂွက်ဇ်
ဘိုင်ယန်မြူးနစ်အသင်း၌ နှစ်ရာသီ အငှားသွားရောက်ကစားပြီးနောက် ပြန်လည်ရောက်ရှိလာသည့် ဟာမီးစ်ရိုဒရီဂွက်ဇ်မှာလည်း ရှစ်ပွဲသာ ပွဲထွက်ခွင့်ရခဲ့သည်။ သို့သော် ၎င်းအနေဖြင့် အေးဂျင့် ဂျော့ချ်မန်ဒက်စ်နှင့် နီးစပ်သည့် ဘင်ဖီကာ အသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်နေသည်။

ယိုဗစ်
ပြီးခဲ့သည့်နှစ် နွေရာသီတွင် ယူရိုသန်း ၆၀ ဖြင့် ရောက်ရှိလာသူ ယိုဗစ်မှာလည်း ဒဏ်ရာပြဿနာ၊ အပျော်အပါးမက်သည့်ပြဿနာများကြောင့် နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ ၎င်းကို ဟာသာဘာလင်နှင့် အေစီမီလန်တို့အပြင် ဖရန့်ဖတ်တွင် လက်တွဲခဲ့ဖူးသည့် မိုနာကိုအသင်းနည်းပြ နီကိုကိုဗက်က ခေါ်ယူရန် စိတ်ဝင်စားနေပြီး ရီးယဲလ်အသင်းကမူ အငှားဖြင့်သာ ထွက်ခွာခွင့်ပြုဖွယ်ရှိသည်။

စီဘယ်ယော့စ်
အာဆင်နယ်အသင်းတွင် တစ်ရာသီအငှားစာချုပ်ဖြင့် သွားရောက်ကစားနေသူ စီဘယ်ယော့စ်မှာ အာတီတာလက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ရနေပြီး ရာသီကုန်ချိန်အထိ ကာလတိုသက်တမ်းတိုးထားသည်။ ၎င်းကိုယ်တိုင်က အာဆင်နယ်သို့ အပြီးသတ်ပြောင်းရွှေ့လိုနေပြီး ယူရို သန်း ၃၀-၃၅ သန်း ဝန်းကျင်ရရှိပါက ရောင်းချဖွယ်ရှိသည်။















