ဖွင့်လှစ်ခွင့်ပြုခဲ့သည့် စက်ရုံ၊ အလုပ်ရုံများကို အလုပ်သမားဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ရှောင်တခင် ကြည့်ရှုစစ်ဆေးရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ညွှန်ကြား

ဖွင့်လှစ်ခွင့်ပြုခဲ့သည့် စက်ရုံ၊ အလုပ်ရုံများကို အလုပ်သမားဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ရှောင်တခင် ကြည့်ရှုစစ်ဆေးရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ညွှန်ကြား
   ဇူလိုင် ၉ ရက်ကပြုလုပ်သည့် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် တိုင်းဒေသကြီး ပြည်နယ်အလိုက် COVID-19 ဖြစ်ပွားမှု အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းအစည်းအဝေး ပြုလုပ်နေသည်ကို တွေ့ရစဉ်
 ဇူလိုင် ၉ ရက်ကပြုလုပ်သည့် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် တိုင်းဒေသကြီး ပြည်နယ်အလိုက် COVID-19 ဖြစ်ပွားမှု အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းအစည်းအဝေး ပြုလုပ်နေသည်ကို တွေ့ရစဉ်
Published 10 July 2020
အိသဥ္ဇာကျော်

ဖွင့်လှစ်ခွင့်ပြုခဲ့သည့် စက်ရုံ၊ အလုပ်ရုံများကို အလုပ်သမားဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ရှောင်တခင် ကြည့်ရှုစစ်ဆေးရန် ညွှန်ကြားထားကြောင်း ဇူလိုင် ၉ ရက်က နေပြည်တော်၌ပြုလုပ်သည့် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် COVID-19 ဖြစ်ပွားမှု အခြေအနေ၊ စိန်ခေါ်မှုနှင့် အခက်အခဲများ၊ ဝန်ကြီးဌာနမှ ဦးစားပေးအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များဆွေးနွေးခြင်း အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် လုပ်ငန်းလည်ပတ်ရန်သင့်လျော်ကြောင်း စစ်ဆေးတွေ့ရှိရ၍ ဖွင့်လှစ်ခွင့်ပြုခဲ့သည့် စက်ရုံ၊ အလုပ်ရုံများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့်ညှိနှိုင်း၍ ရှောင်တခင်ဝင်ရောက်၍ တိုက်ဆိုင်စစ်ဆေးမှုပုံစံများဖြင့် ကြည့်ရှုစစ်ဆေးရန် မိမိအနေဖြင့် ညွှန်ကြားထားကြောင်း ပြောကြားသည်။

ထို့ပြင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး စက်ရုံ၊ အလုပ်ရုံ၊ ဌာနများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ရှောင်တခင်စစ်ဆေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ညွှန်ကြားထားကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထင်လင်း၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် ကျန်းမာရေးရေးဌာနစိတ်မှ ညွှန်ကြားရေးမှူး ဒေါက်တာကေခိုင်အေးနှင့် အဖွဲ့အား ရုံးအမှတ် (၄)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ဇူလိုင် ၆ ရက် ညနေပိုင်းတွင် တွေ့ဆုံပြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ စက်ရုံ၊ အလုပ်ရုံ၊ ဌာနများနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေး လေ့လာရေးအတွက် လမ်းညွှန်မှာကြားခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလည် ပတ်ရန် သင့်လျော်ကြောင်း စစ်ဆေးတွေ့ရှိရ၍ ဖွင့်လှစ်ခွင့်ပြုခဲ့သည့် စက်ရုံ၊ အလုပ်ရုံများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ရှောင်တခင်ဝင်ရောက်၍ ပြန်လည်ကြည့်ရှုစစ်ဆေးရန် လိုအပ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် သတ်မှတ်ချက်များနှင့် လမ်းညွှန်ချက်များကို စဉ်ဆက်မပြတ် လိုက်နာမှု ရှိ မရှိကို Check List များဖြင့် စစ်ဆေးကြပ်မတ်ရန် အရေးကြီးပါကြောင်း၊ သို့မှသာ စက်ရုံ၊ အလုပ်ရုံများ၌ COVID-19 ကူးစက်ဖြစ်ပွားမှု အန္တရာယ်ကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးသာမက ကျန်တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စက်ရုံ၊ အလုပ်ရုံများကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် ဆက်သွယ်ညှိနှိုင်းပြီး ရှောင်တခင် ပြန်လည်စစ်ဆေးရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ဝန်ကြီးဌာနသည် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်ခဲ့ပြီး ရောဂါဖြစ်ပွားမှုကာလ နှစ်လခန့် ကြာမြင့်သည့်အခါ ဖြစ်ပေါ်လာသည့် ရောဂါပြန့်ပွားမှု အခြေအနေပေါ်မူတည်၍ နည်းဗျူဟာအချို့ကို ပြုပြင်ခြင်း၊ မွမ်းမံပြောင်းလဲခြင်း၊ ထပ်တိုးခြင်း၊ ထပ်လျှော့ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း၊ ထို့ပြင် လုပ်ဆောင်ချက်များ မည်သည့်အတိုင်းအတာအထိ ထိရောက်မှုရှိ သည်ကိုလည်း ပြန်လည်သုံးသပ်လျက်ရှိကြောင်း၊ COVID-19 ရောဂါဖြစ်စဉ် အချိန်ကာလကြာလာသည်နှင့်အမျှ နှီးနွှယ်ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများ၊ အလှူရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အရှိန်အဟုန်မြင့်တက်လာရမည်ဖြစ်ပြီး မြင့်လည်း မြင့်တက်လာသည်ကို နှစ်လိုဖွယ်ရာတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

 

Most Read

Most Recent