ဒတ်ချ်နာမည်ကျော်ကွင်းလယ် ကစားသမားဟောင်း ဆနိုက်ဒါက မူးယစ်သောက်စားတတ်သည့် ရော့ခ်အင်ရိုးလ်လူနေမှုပုံစံဖြင့် နေထိုင်ခဲ့ခြင်းက မိမိ၏ ရီးယဲလ်မက်ဒရစ်ကစားသမားဘဝကို ပျက်စီးစေခဲ့သည်ဟု သူ၏ အတ္ထုပ္ပတ္တိစာအုပ်တွင် ဖွင့်ဟဝန်ခံခဲ့သည်။
ဆနိုက်ဒါသည် ၂၀၀၇ ခုနှစ်က အေဂျက်စ်အသင်းမှ ရီးယဲလ်အသင်းထံ ပေါင်(၁၈.၃)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ထိုအချိန်က ဥရောပ၏ လူငယ်ကြယ်ပွင့်ဖြစ်ခဲ့သည်။
သို့ရာတွင် ဆနိုက်ဒါသည် ရီးယဲလ်အသင်း၌ ခြေစွမ်းပျောက်ဆုံးခဲ့ပြီး ကစားသမားဘဝ မှေးမှိန်ခဲ့ရသည်။
ထိုကဲ့သို့ ဖြစ်ရခြင်းမှာ မိမိ၏လူ နေမှုပုံစံကြောင့်ဖြစ်သည်ဟု သူ၏စာအုပ်ထဲတွင် ဖွင့်ဟခဲ့သည်။ ဆနိုက်ဒါ က "ရီးယဲလ်ကို ပြောင်းခဲ့ခြင်းက မက်ဒရစ်ရဲ့ Nightlife ကို ပြောင်းရွှေ့သ လိုဖြစ်သွားမယ်လို့ ကျွန်တော် သတိမမူမိခဲ့ပါဘူး။ ငယ်သေးတဲ့ ကျွန်တော် က အဲဒါကို စွဲလမ်းသွားတယ်။ ကျွန်တော် ဆေးမသုံးပေမယ့် အရက်တွေနဲ့ သောက်စားမူးယစ်ပြီး ရော့ခ်အင်ရိုးလ် ပုံစံနဲ့ ဖြတ်သန်းခဲ့ပါတယ်။ ကျွန်တော် မူးလာတဲ့အခါ တစ်နေရာပြီး တစ်နေရာ ဆက်သွားတတ်ပြီး အသောက်အစားအတွက် ယူရိုထောင်နဲ့ချီ သုံးပစ်ခဲ့တယ်။ ကျွန်တော့်သူငယ်ချင်းကောင်းက ဗော့ကာပုလင်းဖြစ်နေခဲ့တယ်"ဟု ၎င်းက ရေးခဲ့သည်။
ထို့ပြင် အဆိုပါကာလ၌ ဆနိုက်ဒါသည် အိမ်ထောင်(၂)ဆက်ကွဲခဲ့ပြီး (၂)ကြိမ်စလုံး အရက်ကြောင့်ကွဲခဲ့ရခြင်းဖြစ်သည်။
ဆနိုက်ဒါက မိမိအား ရော်ဘင်နှင့် နစ္စတယ်ရွိုင်းတို့က ယင်းကဲ့သို့ နေထိုင်ပါက ကစားသမားဘဝ ပျက်စီးလမ့်မည်ဟု သွန်သင်ဖေးမခဲ့သော်လည်း မိမိက နားမထောင်ခဲ့ဟုလည်း ဝန်ခံခဲ့သည်။















