ကမ္ဘာပေါ်တွင် လူသန်း ၈၀ နီးပါးသည် အကြမ်းဖက်မှုများနှင့် ဖိနှိပ်မှုများကြောင့် ၎င်းတို့၏နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ရပြီး ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာတစ်ဝန်း အိုးအိမ်စွန့်ခွာရမှု နှစ်ဆနီးပါး မြင့်တက်လာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ဇွန် ၁၈ တွင် ထုတ်ပြန်ခဲ့သည်။
၂၀၁၉ ခုနှစ်ကုန်အထိ ကမ္ဘာပေါ်ရှိ လူ ၉၇ ဦးလျှင် တစ်ဦးနှုန်းသည် နေစရာပျောက်ဆုံးခြင်း သို့မဟုတ် နေရပ်စွန့်ခွာခဲ့ရခြင်း ကြုံခဲ့ရသည်ဟု ကုလသမဂ္ဂ၏ဒုက္ခသည်များ ဆိုင်ရာအေဂျင်စီ UNHCR ၏ အစီရင်ခံစာသစ်တွင် ဖော်ပြခဲ့ရာ ဆီးရီးယားနှင့် ဒီအာကွန်ဂိုတို့ကဲ့သို့ နိုင်ငံများတွင် ပဋိပက္ခများကြောင့် နေရပ်မဖြစ်မနေ စွန့်ခွာရသူအရေအတွက် အလွန်အမင်းမြင့်တက်နေမှုကို မီးမောင်းထိုးပြခဲ့သည်။
စစ်ပွဲများ၊ နှိပ်ကွပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အခြားအကြမ်းဖက်မှု ပုံစံများကြောင့် ကမ္ဘာ့လူဦးရေအားလုံး၏ တစ်ရာခိုင်နှုန်းကျော်သည် ၎င်းတို့၏နေအိမ်များသို့ မပြန်နိုင်ဖြစ်နေကြောင်း UNHCR အကြီးအကဲ ဖီးလစ်ပိုဂရန်ဒီက အေအက်ဖ်ပီနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ပြီးခဲ့သောနှစ်ကုန်အထိ ကမ္ဘာပေါ်တွင် စံချိန်တင် လူ ၇၉.၅ သန်းအထိသည် ဒုက္ခသည်များ၊ ခိုလှုံခွင့်တောင်းခံသူများ သို့မဟုတ် ၎င်းတို့၏နိုင်ငံထဲတွင်ပင် ပြည်တွင်းနေရပ် စွန့်ခွာသူများအဖြစ် နေထိုင်နေရကြောင်း၊ ယင်းသည် ၂၀၁၈ ခုနှစ်ကထက် ကိုးသန်းနီးပါး မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း UNHCR ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ပြီးခဲ့သော ၁၀ နှစ်ခန့်က ကမ္ဘာပေါ်တွင် နေရပ်စွန့်ခွာရသူအရေအတွက်သည် သန်း ၄၀ ဝန်းကျင်သာ ရှိခဲ့ကြောင်း ဂရန်ဒီက ပြောကြားခဲ့သည်။ ယင်းအတွက်ကြောင့် ယခုအခါ နှစ်ဆနီးပါး မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ထိုအလားအလာ အားလျော့လာမှုကို မမြင်တွေ့ရသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်အတွက် စိုးရိမ်မှု
နိုင်ငံတကာအသိုင်းအဝိုင်းသည် အလွန်အမင်း သဘောထားကွဲလွဲနေခဲ့ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရန် မစွမ်းဆောင်နိုင်ဖြစ်နေသောကြောင့် ကံမကောင်းစွာပင် အခြေအနေများသည် ပိုမိုဆိုးရွားလာနိုင်ကြောင်း၊ ယင်းအတွက်ကြောင့် လာမည့်နှစ်သည် ယခုနှစ်ထက် ပိုမိုဆိုးရွားမည်ကို မိမိက အလွန်အမင်း စိုးရိမ်မိကြောင်း ဂရန်ဒီက ပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ်ကုန်တွင် နေရပ်စွန့်ခွာရသူ စုစုပေါင်းအနက် ၄၆ သန်းနီးပါးသည် ၎င်းတို့၏နိုင်ငံများထဲ၌ နေထိုင်နေကြရပြီး ကျန်သော ၂၆ သန်းသည် နိုင်ငံဖြတ်ကျော်၍ ဒုက္ခသည်များအဖြစ် ခိုလှုံခဲ့ကြရကြောင်း UNHCR ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
နောက်ထပ် ၄.၂ သန်းသည် ခိုလှုံခွင့် တောင်းခံခဲ့ကြပြီး ဗင်နီဇွဲလားမှ နေရပ်စွန့် ခွာခဲ့ရသူ ၃.၆ သန်းကို သီးခြားတွက်ချက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ပြီးခဲ့သောနှစ်တွင် လူ ၁၁ သန်းခန့်သည် နေရပ်စွန့်ခွာရသူသစ်များ ဖြစ်ခဲ့ကြပြီး ၎င်းတို့အနက် အများအပြားသည် ပဋိပက္ခများ ကြုံတွေ့နေရသော လက်တစ်ဆုပ်စာ နိုင်ငံများနှင့် ဒေသများမှဖြစ်ကြကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ထိုနေရပ်စွန့်ခွာရသူသစ်များထဲတွင် ပြည်တွင်းစစ်ပွဲ ကိုးနှစ်ကျော်ကြာမြင့်လာပြီဖြစ်သော ဆီးရီးယားမှလည်း ပါဝင်ခဲ့သည်။ ဆီးရီးယားတွင် ပြည်တွင်းစစ်ပဋိပက္ခကြောင့် ပြည်သူ ၁၃.၂ သန်းခန့်သည် နိုင်ငံတွင်း နေရပ်စွန့်ခွာရခြင်း သို့မဟုတ် ပြည်ပသို့ထွက် ပြေးရခြင်း ပြုလုပ်ခဲ့ကြရသည်။
ကမ္ဘာ့ဒုက္ခသည်အားလုံး၏ ၆၈ ရာခိုင်နှုန်းသည် ဆီးရီးယား၊ ဗင်နီဇွဲလား၊ အာဖဂန် နစ္စတန်၊ တောင်ဆူဒန်နှင့် မြန်မာစသည့် နိုင်ငံငါးနိုင်ငံမှ ဖြစ်ကြကြောင်း ဂရန်ဒီက ထောက်ပြခဲ့သည်။
ယင်းအတွက်ကြောင့် ထိုနိုင်ငံများအား ပဋိပက္ခများမှ ရုန်းထွက်ပြီး ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ကူညီမှုတွင် နိုင်ငံတကာအသိုင်းအဝိုင်းသည် ညီညွတ်မှု၊ နိုင်ငံရေးဆန္ဒနှင့် ရင်းမြစ်များ ရှိနေလျှင် မိမိတို့သည် ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာပြဿနာ၏ ထက်ဝက်ကျော်ကို ဖြေရှင်းနိုင်ဖွယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကပ်ရောဂါ၏ သက်ရောက်မှု
ယခုအခါ ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် နေရပ်စွန့်ခွာမှုအခြေအနေ ဆင့်ကဲပြောင်းလဲ နေမှုကိုမူ ထိုအစီရင်ခံစာတွင် မဖော်ပြခဲ့ပေ။
နေအိမ်ပြင်ပ ထွက်သည့်လူတိုင်းသည် ကိုယ်တိုင်နှင့် အခြားသူများအတွက် တာဝန်ရှိသည်ဟု ညွှန်ကြားထားသည့် ကပ်ရောဂါ ကာလအတွင်း နေရပ်စွန့်ခွာသူများအတွက် အခြေအနေကို ရှုပ်ထွေးစေခဲ့ကြောင်း၊ သို့သော် ကမ္ဘာ့ဒုက္ခသည်အားလုံးအနက် ၈၅ ရာခိုင်နှုန်းခန့်ကို လက်ခံထားရသော ဝင်ငွေနိမ့်နှင့် အလယ်အလတ်ရှိနိုင်ငံများသည် ကပ်ရောဂါကြောင့် ကျန်းမာရေးဆိုင်ရာ အဆိုးရွားဆုံးသက်ရောက်မှုမှ အတော်အသင့် သက်သာနေသေးကြောင်း ဂရန်ဒီက ပြောကြားခဲ့သည်။ သို့သော် ထိုနိုင်ငံများတွင် ကပ်ရောဂါကြောင့် စီးပွားရေးအရ ထိခိုက်မှုများသည် အလွန်အမင်းပြင်းထန်ခဲ့ကြောင်း ၎င်းက သတိပေးခဲ့သည်။
အိုးအိမ်စွန့်ခွာရသူများအပြင် ထိုဒုက္ခသည်များအား လက်ခံထားရသည့်နိုင်ငံများကို ကြီးကြီးမားမား ထောက်ပံ့မှုများမရှိပါက သွားလာလှုပ်ရှားမှုများကို ကြီးကြီးမားမား ထပ်မံဖြစ်စေနိုင်ကြောင်း ဂရန်ဒီက သတိပေးခဲ့သည်။ နယ်စပ် ပိတ်ထားရမှုများနှင့် Lockdown စီမံချက်များ ရှိနေသော်လည်း နိုင်ငံများသည် အကူအညီလိုနေသူများအား ခိုလှုံခွင့် ဆက်လက်ပေးသင့်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။















