မြန်မာနိုင်ငံရှိ ကျားဖျန့်စင်တာများတွင် လုပ်ကိုင်ခဲ့မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဖိလစ်ပိုင်နိုင်ငံသားများကို ပြန်လွှတ်ပေးမှုအပေါ်  ကျေးဇူးတင်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

မြန်မာနိုင်ငံရှိ ကျားဖျန့်စင်တာများတွင် လုပ်ကိုင်ခဲ့မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဖိလစ်ပိုင်နိုင်ငံသားများကို ပြန်လွှတ်ပေးမှုအပေါ်  ကျေးဇူးတင်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား
Published 19 April 2026

မြန်မာနိုင်ငံအတွင်းရှိ  ကျားဖျန့်စင်တာ များတွင် အလုပ်လုပ်ကိုင်ရန် လူကုန်ကူးခံခဲ့ရပြီး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေများဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဖိလစ်ပိုင်နိုင်ငံသား ၇၈ ဦးကို မြန်မာအစိုးရက ပြန်လည်လွှတ်ပေးခဲ့ကာ ထိုကဲ့သို့ ပြန်လွှတ်ပေးမှုအပေါ် ကျေးဇူးတင်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန (DFA) ၏ ဧပြီ ၁၈ ရက်ညပိုင်း ထုတ်ပြန်ချက်အရ အဆိုပါဖိလစ်ပိုင်နိုင်ငံသားများသည် မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး တရားမဝင် ဝင်ရောက်မှုနှင့် တရားမဝင်နေထိုင်မှုတို့ဖြင့် ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်ကြောင်း သိရသည်။

မြန်မာ့နှစ်သစ်ကူး သင်္ကြန် ကာလအတွင်း ယခုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြင်နာသော လုပ်ဆောင်ချက်အတွက် မြန်မာအာဏာပိုင်များကို ကျေးဇူးတင်ရှိကြောင်းနှင့် ယင်းသည် မြန်မာနှင့် ဖိလစ်ပိုင်နှစ်နိုင်ငံကြားရှိ ကောင်းမွန်သော ဆက်ဆံရေးကို ထင်ဟပ်စေကြောင်း DFA က ဖော်ပြထားသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ ဖိလစ်ပိုင်သံရုံးသည် မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းကာ အဆိုပါ ဖိလစ်ပိုင်နိုင်ငံသား ၇၈ ဦးကို ဘေးကင်းလုံခြုံစွာဖြင့် နေရပ်သို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပြည်ပရောက် ဖိလစ်ပိုင်နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန်နှင့် တရားမဝင် လူစုဆောင်းသူများကို ဥပဒေအရ အရေးယူနိုင်ရန် သက်ဆိုင်ရာ ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းတို့က အတည်ပြုခဲ့သည်။

Ref:PNA

Most Read

Most Recent