မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာရာထူးအတွက် လျှောက်ထားသူ ၁၁ ဦးရှိပြီး ကိုရိုနာဗိုင်းရပ်စ်အခြေအနေတည်ငြိမ်သွားမှ ခန့်အပ်မည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာရာထူးအတွက် လျှောက်ထားသူ ၁၁ ဦးရှိပြီး ကိုရိုနာဗိုင်းရပ်စ်အခြေအနေတည်ငြိမ်သွားမှ ခန့်အပ်မည်
Photos : MFF Facebook
Photos : MFF Facebook
Published 28 May 2020

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် လစ်လပ်လျက်ရှိသည့် နည်းစနစ်ဒါရိုက် တာရာထူးအတွက် လျှောက်လွှာများခေါ်ယူလျက်ရှိပြီး မေလနောက်ဆုံးပတ်အထိ လျှောက်ထားသူ ၁၁ ဦးရှိကြောင်း သိရသည်။

MFF သည် မေလပထမပတ်တွင် ယခင်နည်းစနစ်ဒါရိုက်တာဟောင်း ဘယ်လ်ဂျီယံနိုင်ငံသား အဲရစ်အာဗရန်နှင့် လမ်းခွဲပြီးနောက်ပိုင်း နည်းစနစ်ဒါရိုက်တာတစ်ဦး ပြန်လည်ခန့်အပ်ရန် စီစဉ်နေခြင်းဖြစ်သည်။  

လက်ရှိလျှောက်ထားသူများတွင် MNL ကလပ် ဟံသာဝတီအသင်း (ယခင် ဥဿာယူနိုက်တက်) ၌ နည်းစနစ်ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သည့် ဂျာမန်နိုင်ငံသား ယာဂင်ဂီဒါလည်း ပါဝင်လာပြီး ဖိလစ်ပိုင်လက်ရွေးစင်အသင်းနည်းပြဟောင်းနှင့် လက်ရှိမွန်ဂိုလီးယားလက်ရွေးစင်အသင်းနည်းပြချုပ် ဂျာမန်နိုင်ငံသား မိုက်ကယ်ဝစ်ဘ်လည်း ပါဝင်နေသည်။

ယာဂင်ဂီဒါသည် ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်တွင် နည်းစနစ်ဒါရိုက်တာအဖြစ် နောက်ဆုံးဆောင်ရွက်ခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းကမှ လမ်းခွဲခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်တို့အနေနဲ့ နည်းစနစ်ဒါရိုက်တာတစ်ဦး ပြန်လည်ခန့်အပ်မှာဖြစ်ပြီး လျှောက်လွှာတွေ ခေါ်ယူနေပါတယ်။ လက်ရှိအချိန်ထိတော့ လျှောက်ထားသူ ၁၁ ဦးရှိပြီး နောက်ထပ်လည်း လက်ခံသွားမှာပါ။ လက်ရှိအချိန်က ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ကာလဖြစ်တာကြောင့် အပြီးသတ်ခန့်အပ်ဖို့ မဖြစ်နိုင်သေးလို့ လျှောက်လွှာတွေ ထပ်မံလက်ခံသွားမှာဖြစ်ပြီး ရောဂါအခြေအနေပြီးဆုံးသွားမှ အပြီးသတ်ခေါ်ယူဖို့ လုပ်ဆောင်သွားမှာပါ။ လာရောက်လျှောက်ထားတဲ့သူတွေထဲမှာ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်နဲ့ ဟံသာဝတီအသင်းမှာ လုပ်ခဲ့တဲ့ ယာဂင်၊ လက်ရှိမွန်ဂိုလီးယားလက်ရွေးစင်အသင်းနည်းပြချုပ် မိုက်ကယ်ဝစ်ဘ်လည်း ပါဝင်ပါတယ်''ဟု MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြား သည်။

MFF သည် နည်းစနစ်ဒါရိုက်တာအသစ်ကို ကိုရိုနာဗိုင်းရပ်စ်အခြေအနေတည်ငြိမ်သွားမှသာ ခန့်အပ်သွားမည်ဖြစ်ပြီး ပြည်ပနိုင်ငံသားကိုသာ တာဝန်ပေးအပ်သွားဖွယ် ရှိနေသည်။

နောက်ဆုံးခန့်အပ်ခဲ့သည့် နည်းစနစ်ဒါရိုက်တာ အဲရစ်အာဗရန်သည် သုံးနှစ်စာချုပ် ချုပ်ဆိုထားသော်လည်း စာချုပ်သက်တမ်းတစ်နှစ်ခွဲကျော်အကြာမှာပင် နှစ်ဦးသဘောတူလမ်းခွဲခဲ့ခြင်းဖြစ်သည်။

MFF သည် နည်းစနစ်ဒါရိုက်တာ ခန့်အပ်ဖြစ်ပါက လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများ ဦးစားပေး လုပ်ဆောင်စေမည်ဖြစ်ပြီး အကယ်ဒမီများကို ကြီးကြပ်ရမည်ဖြစ်သည်။

ထို့ပြင် MFF သည် လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ဥရောပ ထိပ်သီးကလပ်အသင်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းနေပြီး ဂျာမနီထိပ်သီးကလပ် ဒေ့ါမွန်အသင်း၊ နယ်သာလန်ကလပ် အေဂျက်စ်အသင်းတို့နှင့် ဆွေးနွေးမှုပြုလုပ်လျက်ရှိသည်။

MFF သည် လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ဆောင်ရွက်မည့်အစီအစဉ်များကို ကိုရိုနာဗိုင်းရပ်စ်အပြီးတွင် အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။

MFF သည် FIFA ၏ အကူအညီဖြင့် တည်ထောင်ထားသည့် မန္တလေး၊ ပုသိမ်နှင့် ရန်ကုန်မြို့မှ ဘောလုံးအကယ်ဒမီများကို အဆင့်မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိပြီး ရောဂါအပေါ်မူတည်၍ ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent