မြန်မာ့စီးပွားရေးအမြင် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလူမျိုးများ၏ အခန်းကဏ္ဍမှာ အဓိက ဇာတ်ဆောင်နေရာမှ ပါဝင်ရန် လိုအပ်နေသည့်အပြင် စီးပွားရေးမဟာဗျူဟာ ချမှတ်ရန်ပင် လိုအပ်နေကြောင်း ယခင်အစိုးရလက်ထက် စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင်နှင့် လက်ရှိကုန်သည်စက်မှုအသင်းချုပ် အကြံပေး ဒေါက်တာဦးမြင့်က ပြောကြားသည်။
ပြည်ပမှရယူနိုင်မည့် အခွင့်အလမ်းများကို အကောင်းဆုံးရယူနိုင်ရန် မြန်မာ့စီးပွားရေးအမြင် လိုအပ်နေပြီး အဆိုပါ စီးပွားရေးအမြင်အတွက် ‘အမြင်နှင့် မဟာဗျုဟာ’၊ ‘လက်တွေ့ လုပ်ငန်းစဉ်’ နှင့် လုပ်ငန်းစဉ် အကောင်အထည် ဖော်မှုအတွက် ‘အကဲခတ်လုပ်ငန်းစဉ်’ သုံးရပ် ချမှတ်ရန် ဒေါက်တာဦးမြင့်က အကြံပြုခဲ့ခြင်းဖြစ်ပြီး မြန်မာ့စီးပွားရေးအမြင် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ပထမအချက် အနေဖြင့် တပ်မတော်မှာ အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ရန် လိုအပ်ကာ တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် အကူအညီများမှာ အလွန်အရေးကြီးကြောင်း ထောက်ပြထားပြီး ထိုအမြင်တွင် တပ်မတော်ကို အရည်အသွေး ထက်မြက်ပြီး လက်နက်ယန္တရား အပြည့်အ၀ တပ်ဆင်ထားသည့် ခေတ်မီတပ်မတော်အဖြစ် ပေါ်ထွန်းလာရေးကို ဦးတည်ရမည်ဟု အကြံပြုထားသည်။
ထို့ပြင် နိုင်ငံရေးပါတီများ အနေဖြင့် ၎င်းတို့ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များကို ရေရေရာရာ အကောင်အထည်ဖော်နိုင်ရန် အားပေးရန်လိုအပ်ပြီး တိုင်းပြည်အတွက် အရေးပါသော ကိစ္စကြီးများကို ဖြေရှင်းရာတွင် ပါဝင်ဆောင်ရွက်နိုင်ရန် လမ်းဖွင့်ပေးကြရမည်ဟု ဆိုသည်။
တတိယအချက် အနေဖြင့် တိုင်းရင်းသားလူမျိုးများ ပါဝင်လှုပ်ရှားနိုင်မည့် အခန်းကဏ္ဍများကို ထည့်သွင်းထားရန် လိုအပ်နေသည်။ မြန်မာ့စီးပွားရေး အမြင်တွင် တိုင်းရင်းသားလူမျိုးများ၏ ရှုထောင့်များ၊ ဆန္ဒများနှင့် မျှော်မှန်းချက်များကို လေးစားရမည်ဆိုသော အချက်ကို သေချာထည့်သွင်း ထားရမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာများကို လေးစားရန်နှင့် ၎င်းတို့၏ ကွဲပြားခြားနားမှုများကို မြန်မာ့လူ့ဘောင်၏ တန်ဖိုးများအဖြစ် ရှုမြင်ရန် အလေးထားရမည်ဖြစ်ကြောင်း၊ လူ့ဘောင်သစ် ထူထောင်ရာတွင် တန်းတူမဟာမိတ်များအဖြစ် ဆက်ဆံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ပထဝီအနေအထားနှင့် အခြားအားနည်းချက်များကြောင့် ဖွံ့ဖြိုးမှုအသီးအပွင့်များ တန်းတူမခံစားရပါကလည်း အထူးပံ့ပိုးမှုများ ဆောင်ရွက်သွားကြရမည် ဖြစ်သည်။ ထိုသို့ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား လူမျိုးများ၏ အခန်းကဏ္ဍမှာ အဓိက ဇာတ်ဆောင်နေရာမှ ရှိနေရမည့်အပြင် မြန်မာ့စီးပွားရေးအမြင်တွင် တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ တတ်သိပညာရှင်များ၊ ကျွမ်းကျင်သူများ၊ အမျိုးသမီးများနှင့် လူငယ်များ၏ လိုအင်ဆန္ဒများ ဖြည့်ဆည်းနိုင်ရေးကိုလည်း ထည့်သွင်းဖော်ပြရမည်ဟု ဆိုသည်။
ဒေါက်တာဦးမြင့်က စီးပွားရေးမဟာဗျုဟာချမှတ်ရန် တောင်းဆိုရာတွင် မဟာဗျူဟာကြမ်း သုံးရပ်ကိုလည်း အကြံပြုခဲ့ပြီး ဦးစားပေး အချက်များမှာ စီးပွားရေး ကိစ္စရပ်များတွင် ပုဂ္ဂလိကကဏ္ဍ ဦးဆောင်၍ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးအကူအညီဖြင့် တိုင်းပြည်သယံဇာတ အရင်းအမြစ်များကို ထိထိရောက်ရောက် ရေရှည်အသုံးချနိုင်ပြီး မြန်မာပြည်သူ အားလုံး၏ လူနေမှု အဆင့်အတန်းများကို မြှင့်တင်သွားနိုင်မည့် ဘက်စုံစီးပွားရေး ဖွံ့ဖြိုးမှုကို ဆောင်ရွက်ရန်၊ ဒုတိယဦးစားပေးတွင် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ထည့်သွင်းရန် တင်ပြခဲ့ပြီး ထိုအပိုင်းတွင် ကျန်းမာရေး၊ ပညာရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစရှိသည့် ကိစ္စများကို သုံးသပ်တင်ပြရန်နှင့် ပုဂ္ဂလိကကဏ္ဍ ဦးဆောင်သည့် ဈေးကွက်စီးပွားရေး စနစ်တွင် အမီမလိုက်နိုင်ဘဲ နောက်ကျကျန်နေသူများအတွက် လူမှုဖူလုံရေး အကူအညီများနှင့် မဖြစ်မနေ အကူအညီပေးရန် လိုအပ်သည့် အင်အားချို့တဲ့သော အုပ်စုများတွင် ဆင်းရဲသားများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ လူငယ်များ၊ မသန်စွမ်းများနှင့် ဝေးလံခေါင်ပါး အရပ်ဒေသများမှ ပြည်သူများ ပါဝင်ရန် လိုအပ်ကြောင်း အကြံပြုသည်။
စီးပွားရေး မဟာဗျူဟာ တတိယဦးစားပေး အချက်အဖြစ် နိုင်ငံတကာနှင့် ဒေသအသိုင်းအဝိုင်းများအကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ဆက်နွှယ်မှုများအကြား တိုးပွားလာခြင်းကြောင့် ဒေသတွင်း စီးပွားရေးတွင် မြန်မာနိုင်ငံ၏ ပါဝင်ဆင်နွှဲမှုပို၍ အရေးကြီးလာမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ဒေသအတွင်း ဖြစ်ပေါ်တိုးတက်နေသော စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး တိုးတက်မှုများမှ အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ကာ ၂၁ ရာစုအတွင်း ဖြစ်ပေါ်နေသော သတင်းတော်လှန်ရေးနှင့် Globalization ဖြစ်စဉ်မှ အခွင့်အလမ်းများကို မြန်မာနိုင်ငံအနေဖြင့် အသုံးချနိုင်ပြီး တစ်ပြိုင်နက် ထိုဖြစ်စဉ်ကြောင့် ပေါ်ပေါက်လာသော ဆိုးကျိုးများကို ကာကွယ်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ပြင်ပကမ္ဘာနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရမည့် အချိန်ကောင်းကို ဆိုက်ရောက်လာနေပြီဖြစ်ကြောင်း အကြံပြုသည်။