Photos : Dave Leduc Facebook
WLC၏ ခရူဆာဝိတ်တန်း ကမ္ဘာ့ချန်ပီ ယံ ကနေဒါနိုင်ငံသား ဒေဗ့်က ယှဉ်ပြိုင်ထိုးသတ်ဖူးသည့် ပြိုင်ဘက်များအနက် ထွန်းထွန်းမင်း၏ လက်သီးချက်များမှာ အပြင်းထန်ဆုံးဖြစ်ကြောင်း ဝန်ခံပြောကြားသည်။
''ကျွန်တော်ယှဉ်ပြိုင်ခဲ့ရတဲ့ သက်တမ်းတစ်လျှောက်မှာ ပြင်းထန်တဲ့လက်သီးတွေနဲ့ ကြုံခဲ့ရပါတယ်။ အပြင်းထန်ဆုံးထိုးချက်ကတော့ ကျွန်တော့်ရဲ့ညီအစ်ကို ထွန်းထွန်းမင်းဆီကဖြစ်ပါတယ်။ အလွတ်တန်းချန်ပီယံတစ်ယောက်အနေနဲ့ သူဟာ လေးစားဖို့ကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့တယ်။ သူ့ ရဲ့လက်သီးဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ လေ့ကျင့်ခဲ့ရ တယ်''ဟု ဒေဗ့်က ဆိုသည်။

ဒေ့ဗ်သည် ၂၀၁၆ ခုနှစ်မှစတင်ကာ ရိုးရာလက်ဝှေ့လောကသို့ ဝင်ရောက်လာသူဖြစ်ပြီး ထွန်းထွန်းမင်းအပါအဝင် တူးတူး၊ ဖိုးကေစသည့် ပြည်တွင်းမှထိပ် တန်းလက်ဝှေ့သမားများနှင့် ယှဉ်ပြိုင်ခဲ့ဖူးသလို ဆိုင်းရပ်စ်ဝါရှင်တန်ကဲ့သို့ Kickboxing ကစားသမား၊ ဆက်ဘတ်ဇင်စကီးကဲ့သို့ MMA ကစားသမားများနှင့်လည်း ရင်ဆိုင်ခဲ့သူဖြစ်သည်။
ဒေဗ့်သည် မြန်မာပြည်အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းနှင့် သုံးကြိမ်ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးရာ ဒေဗ့်က တစ်ပွဲအနိုင်ရပြီး နှစ်ပွဲသရေရလဒ်ထွက်ပေါ် ထားခဲ့သည်။
ဒေဗ့်သည် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ရောက်ရှိချိန်တွင် တူးတူးနှင့်စတင်ယှဉ် ပြိုင်ခဲ့ရသူဖြစ်ပြီး အဆိုပွဲပွဲစဉ်မှာ ပူးတွဲသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။

အဆိုပါပွဲစဉ်၌ အစီးသရေရလဒ်ရယူနိုင်ခဲ့သော ဒေဗ့်ကို ပွဲစီစဉ်သူများက ထွန်းထွန်းမင်းနှင့်ထိုးသတ်ရန်စီစဉ်ခဲ့ရာ ပထမစိန်ခေါ်ပွဲတွင် ရလဒ်မပြတ်သားဘဲ ပူးတွဲသရေရလဒ် ထွက်ပေါ်ခဲ့သည်။
အဆိုပါပွဲစဉ်အပြီးတွင် ဒေဗ့်နှင့်ထွန်းထွန်းမင်းတို့၏ ဒုတိယအကြိမ်မကျေပွဲကို မြန်မာပြည်အလွတ်တန်း ချန်ပီယံစိန်ခေါ်ပွဲအမည် ဖြင့် ကျင်းပခဲ့ရာ ကနေဒါနိုင်ငံသား ဒေဗ့်က တတိယအချီတွင် အနိုင်ရခဲ့သည်။
ယင်းပွဲစဉ်တွင် ဒေ့ဗ်သည် ထွန်းထွန်းမင်း၏လက်သီးချက်ကြောင့် အမှတ်စဉ်အရေခံခဲ့ရသည်။
သို့ သော်လည်း ထွန်းထွန်းမင်းမှာ ဒူးဒဏ်ရာရရှိ ကာ ပွဲပြီးဆုံးသည်အထိ မထိုးသတ်နိုင်တော့ဘဲ အရှုံးပေးခဲ့ရခြင်းဖြစ်သည်။















