ဘာစီလိုနာအမျိုးသမီးအသင်းဟာ အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၆)ရာသီဆက်တိုက် တက်ရောက်နိုင်ခဲ့ကြောင်း သိရပါတယ်။
၂၀၂၅-၂၆ ရာသီ အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲတွေကို မေ(၂၊ ၃)ရက်က ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် လိုင်ယွန်နဲ့ ဘာစီလိုနာတို့ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ကြတာပါ။
လိုင်ယွန်က အာဆင်နယ်ကို နှစ်ကျော့ပေါင်း(၄-၃)ဂိုး၊ ဘာစီလိုနာက ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်း(၅-၃)ဂိုးနဲ့ အနိုုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်ခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအမျိုးသမီးအသင်းက ၂၀၂၀-၂၁ ရာသီကနေ လက်ရှိရာသီအထိ ဗိုလ်လုပွဲကို (၆)ရာသီဆက်တိုက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲရဲ့သမိုင်းမှာ စံချိန်သစ်ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဗိုလ်လုပွဲ(၅)ကြိမ်မှာတော့ ဘာစီလိုနာအမျိုးသမီးအသင်းက (၃)ကြိမ်အနိုင်ရပြီး (၂)ကြိမ်ရှုံးနိမ့်ခဲ့ပါတယ်။
လိုင်ယွန်အမျိုးသမီးအသင်းက အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ချန်ပီယံဆု(၈)ကြိမ် ရရှိထားပါတယ်။
လိုင်ယွန်အသင်းဟာ အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၁၂)ကြိမ်မြောက် တက်ရောက်ခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ ဗိုလ်လုပွဲမှာ စတုတ္ထအကြိမ် ရင်ဆိုင်ရမှာပါ။
၂၀၂၅-၂၆ ရာသီ အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲကို နော်ဝေနိုင်ငံမှာ မေ(၂၃)ရက်နေ့ ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။















