ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲကို ဖျက်သိမ်းပါက အမှတ်ပေးဇယားထိပ်မှ လီဗာပူးလ်အသင်း၏ ရုပ်သံဆုံးရှုံးငွေမှာ ပေါင် (၅၅)သန်းအထိရှိနိုင်

ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲကို ဖျက်သိမ်းပါက အမှတ်ပေးဇယားထိပ်မှ လီဗာပူးလ်အသင်း၏ ရုပ်သံဆုံးရှုံးငွေမှာ ပေါင် (၅၅)သန်းအထိရှိနိုင်
Published 7 April 2020

ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဖျက်သိမ်းခဲ့ပါက အမှတ်ပေးဇယားထိပ်ဆုံးမှဦးဆောင်နေသော လီဗာပူးလ်အသင်း၏ ရုပ်သံဆုံးရှုံးငွေမှာ ပေါင် (၅၅)သန်းခန့်အထိ ရှိနိုင် ကြောင်း ဗြိိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရာသီကုန်၌ ရုပ်သံဝင်ငွေကို ခွဲဝေရာတွင် အမှတ်ပေးဇယားရပ်တည်မှုအလိုက် ခွဲဝေသည့် ငွေကြေးလည်းပါဝင်ပြီး ဇယားထိပ်ပိုင်းတွင် ရပ်တည်သည့်အသင်းများမှာ ဇယားအောက်ခြေမှအသင်းများထက် ခွဲတမ်းပိုမိုရလေ့ရှိသည်။ လီဗာပူးလ်အသင်းအနေဖြင့် ယခုရာသီ ပုံမှန်အတိုင်းရှိခဲ့ပါက ရုပ်သံခွဲတမ်းအပါအဝင် ဝင်ငွေစုစုပေါင်း ပေါင်(၁၇၈)သန်းအထိ ရရှိနိုင်မည်ဖြစ်ပြီး၊ ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် ရာသီကိုဖျက်သိမ်းခဲ့ပါက လီဗာပူးလ် အသင်းရမည့်  ဝင်ငွေစုစုပေါင်းမှာ ပေါင် (၁၂၃)သန်းခန့်သာရှိနိုင် မည်ဖြစ်ကြောင်း Daily Mail သတင်းစာကဖော်ပြခဲ့သည်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားအောက်ပိုင်းမှအသင်း များမှာမူ နစ်နာဆုံးရှုံးမှု ရှိနိုင်သော်လည်း ဇယားအထက်ပိုင်းအသင်းများကဲ့သို့ ဆုံးရှုံးမှုမကြီးမားနိုင်ဘဲ နစ်နာမှုနည်းပါးမည် ဖြစ်ကြောင်း သိရှိရသည်။ အမှတ်ပေးဇယားအောက်ဆုံးတွင် ရပ်တည်နေသော နောဝစ်ချ်အသင်းမှာ ယခုရာသီပုံမှန်အတိုင်းရှိခဲ့ပါက ဝင်ငွေစုစုပေါင်း ပေါင် (၉၄)သန်း ရရှိနိုင်မည် ဖြစ်ပြီး ရာသီကိုဖျက်သိမ်းခဲ့ပါက ပေါင် (၇၉.၅)သန်းရရှိနိုင်မည် ဖြစ်၍ နစ်နာဆုံးရှုံးငွေမှာ ပေါင် (၁၅)သန်းနီးပါးသာ ရှိမည်ဖြစ် ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ရုပ်သံဝင်ငွေမှာ ပြည်တွင်းထုတ်လွှင့်မှု များနှင့် ပြည်ပထုတ်လွှင့်မှုများအပေါ် အခြေခံ၍လည်းကောင်း၊ တိုက်ရိုက်ထုတ်လွှင့်သည့် ပွဲအရေအတွက်အပေါ် အခြေခံ၍ လည်းကောင်းတစ်သင်းနှင့် တစ်သင်းကွဲပြားခြားနားမှုများ ရှိ သည်။ ပြီးခဲ့သည့် ၂၀၁၈-၁၉ ဘောလုံးရာသီတွင် ပရီးမီးယား လိဂ်ချန်ပီယံဖြစ်ခဲ့သည့် မန်စီးတီးအသင်းနှင့် ဒုတိယနေရာမှ လီဗာပူးလ်အသင်းတို့မှာ ဝင်ငွေစုစုပေါင်း ပေါင်သန်း (၁၅၀)ကျော်ရရှိခဲ့ပြီး အမှတ်ပေးဇယားအောက်ဆုံးမှ ဟတ်ဒါဖီးလ် အသင်းမှာ ပေါင် (၉၆)သန်းကျော်သာ ရရှိခဲ့သည်။

ယခုရာသီ ပရီးမီးယားလိဂ်ကလပ်အသင်းများထဲတွင် ဘန်လေအသင်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၎င်းတို့အသင်း ငွေကြေးမည်ရွေ့မည်မျှ ဆုံးရှုံးနစ်နာမည်ဆိုသည်ကို တွက် ချက်ကာ ကြေညာခဲ့သည်။ အကယ်၍ ယခုရာသီကိုဖျက်သိမ်းခဲ့လျှင် မိမိတို့အသင်းမှာ နစ်နာဆုံးရှုံးငွေစုစုပေါင်း ပေါင် သန်း(၅၀)ခန့်ရှိနိုင်သည်ဟု ဘန်လေအသင်းတာဝန်ရှိသူများ က တရားဝင်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ဘန်လေအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်လက်ကျန် (၉)ပွဲအနက် (၄)ပွဲကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်သည်။ အ ကယ်၍ ပရီးမီးယားလိဂ်ပွဲစဉ်များ ပြန်ကစားသည့်တိုင် ကွင်းပိတ်ကစားရမည်ဖြစ်၍ ယင်းအိမ်ကွင်းပွဲစဉ်(၄)ပွဲအတွက် မိ မိတို့အသင်း၏ ကွင်းဝင်ကြေး နစ်နာဆုံးရှုံးမှုမှာ ပေါင်(၅)သန်း ခန့်ရှိနိုင်ကြောင်း၊ ရာသီကိုအဆုံးမသတ်ပါက နစ်နာဆုံးရှုံးမည့် ရုပ်သံဝင်ငွေမှာ ပေါင် (၄၅)သန်းအထိရှိနေကြောင်း၊ သို့ဖြစ်ရာ စုစုပေါင်းဆုံးရှုံးငွေမှာ ပေါင်သန်း (၅၀)အထိရှိနိုင်ကြောင်း ဘန်လေအသင်းတာဝန်ရှိသူများက တွက်ချက်ကြေညာခဲ့ခြင်းဖြစ်သည်။

 

 

Most Read

Most Recent