ပူးပေါင်းကော်မတီ၊ ဥပဒေကြမ်းများနှင့် တပ်မတော်ဆိုင်ရာ ပြင်ဆင်ချက်များ

ပူးပေါင်းကော်မတီ၊ ဥပဒေကြမ်းများနှင့် တပ်မတော်ဆိုင်ရာ ပြင်ဆင်ချက်များ
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်နေစဉ်
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်နေစဉ်
Published 8 February 2020
ဒေါက်တာရန်မျိုးသိမ်း

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့သည် အပြန်အလှန်ချိတ်ဆက်နေသည့်အလျောက် တစ်ခုပြီးမှ တစ်ခုဖော်ဆောင်သည်ထက် တစ်ပြိုင်နက်ဖော်ဆောင်၍ ပြိုင်တူတွန်းနိုင်ရန် အရေးကြီးမည် ဖြစ်သည်။ ကော်မတီ၏ ဥပဒေကြမ်းနှစ်ရပ်သည် တပ်မတော်၏ အခန်းကဏ္ဍကို ထိထိရောက်ရောက် လျှော့ချနိုင်ရန် နိုင်ငံရေး စျေးဖွင့်နိုင်ခဲ့လင့်ကစား တိုင်းရင်းသားလူမျိုးစုများအရေးကို အလေးမပေးနိုင်ခဲ့သည်ကို သင်ခန်းစာယူသင့်သည်။ တိုင်းရင်းသားလူမျိုးစုများ အရေးသည် မြန်မာ့နိုင်ငံရေးတွင် ဗျူဟာမြောက် ဗဟိုချက်ကြီးဖြစ်နေသည်ကို မျက်ခြည်မပြတ်သင့်ပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် အပါအဝင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၃၅၁ ဦးက လက်မှတ်ရေးထိုး၍ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း နှစ်ရပ်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည်။ ပုဒ်မ ၄၃၆ (က) အရ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြင်ဆင်၊ အစားထိုး၊ ပယ်ဖျက်မည့် ပုဒ်မ ၃၆ ခု ပါဝင်ပြီး၊ ပုဒ်မ ၃၀ သည် တပ်မတော်နှင့် သက်ဆိုင်နေသည်။ ပုဒ်မ ၄၃၆ (ခ) အရ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြင်ဆင်၊ အစားထိုး၊ ပယ်ဖျက်မည့် ပုဒ်မ ၄၅ ခု ပါဝင်ပြီး၊ ပုဒ်မ ၁၃ ခုသည် တပ်မတော်နှင့် ပတ်သက်နေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ဒုတိယအကြိမ် ပြင်ဆင်မည့် ခြေလှမ်းသည် တပ်မတော်နှင့်သက်ဆိုင်သော ပြဋ္ဌာန်းချက်များကို ပိုမိုအာရုံကျနေပုံရသည်။

တပ်မတော်အနေဖြင့် နိုင်ငံရေးမှထွက်၍ စစ်တန်းလျားသို့ပြန်ပြီး၊ ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကို ဦးလည်မသုန် ထမ်းရွက်စေလိုသည်မှာ မြန်မာပြည်သူလူထု အများစု၏ ဆန္ဒသဘောထားပင်ဖြစ်သည်။ သို့ဖြစ်၍ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးအပါအဝင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ အရေးပေါ်အခြေအနေနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတို့တွင် တပ်မတော်၏အခန်းကဏ္ဍကို လျှော့ချမည့် ပြင်ဆင်ချက်များကို ပြည်သူလူထုအများစုက ထောက်ခံမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။ သော့ချက်ကျသည်မှာ အဆိုပါပြင်ဆင်ချက်များ အထမြောက်ရုပ်လုံးပေါ်ရန် မည်သို့မည်ပုံ ချဉ်းကပ်ပုံဖော်မည်ဆိုသည့်အချက်ပင် ဖြစ်သည်။ ရေရှည်အမြင်ရှိရှိ စနစ်တကျ ချဉ်းကပ်ပြင်ဆင်နိုင်ရန် အရေးကြီးမည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်နိုင်ခြင်းမရှိလျှင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအလွန် ပြင်ဆင်နိုင်ရေး သုံးသပ်၊ အဖြေရှာ၍ ဗျူဟာမြောက်ချဉ်းကပ်၊ ဖော်ဆောင်နိုင်ရေး စိုင်းပြင်းသင့်သည်။

ပုဒ်မ ၄၃၆ (က) အရ အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲများအပေါ် ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ပြင်ဆင်ချက် ၄၉ ခု ပါဝင်ပြီး၊ ပုဒ်မ ၃၆ ခုကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အဆိုပြုထားသည်။ အဆိုပါပြင်ဆင်ချက်များအနက် ပယ်ဖျက်ရန် အဆိုပြုချက်သည် ၁၇ ချက်ရှိပြီး ပုဒ်မ ၄၁၉၊ ၄၂၀၊ ၄၂၁၊ ၄၂၂၊ ၄၂၅၊ ၄၂၆ နှင့် ၄၃၁ တို့ကို ပုဒ်မတစ်ခုလုံး ပယ်ဖျက်ရန် အဆိုပြုထားသည်။ ပြင်ဆင်မည့်ပုဒ်မများအနက် ပုဒ်မ အခု ၃၀ သည် တပ်မတော်နှင့်သက်ဆိုင်ပြီး၊ တပ်နှင့် သက်ဆိုင်သောပြင်ဆင်ချက် ၃၄ ခုကို အဆိုပြုထားသည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူလက်ခံပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်၏ ဆန္ဒမဲဖြင့်သာ ပုဒ်မ ၄၃၆ (က) အရ အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲများကို ပြင်ဆင်နိုင်မည်ဖြစ်သည်။

ပုဒ်မ ၄၃၆ (ခ) အရ အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲများအပေါ် ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြင်ဆင်ချက် ၆၃ ခု ပါဝင်ပြီး ပုဒ်မ ၄၅ ခုကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် တင်သွင်းထားသည်။ အဆိုပါ တင်ပြချက်များအနက် ပယ်ဖျက်ရန်အဆိုပြုချက် (၃၀) ချက်ရှိပြီး၊ ပုဒ်မ ၃၃၈၊ ၃၃၉၊ ၄၄၁၊ ၄၄၂၊ ၄၄၃၊ ၄၄၄၊ ၄၄၅၊ ၄၄၆၊ ၄၄၇ နှင့် ၄၄၈ တို့ကို ပုဒ်မတစ်ခုလုံး ပယ်ဖျက်ရန် အဆိုပြုထားသည်။ ပြင်ဆင်သည့်ပုဒ်မများအနက် ပုဒ်မ ၁၃ ခုတွင် တပ်မတော်နှင့် သက်ဆိုင်သော ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန် အဆိုပြုထားသည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံဆန္ဒမဲရရှိပါက ပုဒ်မ ၄၃၆ (ခ) အရ အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲများ ပြင်ဆင်ရေး အထမြောက်မည်ဖြစ်သည်။

ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှစ်ရပ်ပါ တပ်မတော်နှင့်သက်ဆိုင်သော ပုဒ်မ ၄၃ ခုကို ပြင်ဆင်နိုင်ရေးသည် ကြီးမားသောစိန်ခေါ်ချက်ပင် ဖြစ်သည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက မထောက်ခံလျှင် မည်သည့်ပုဒ်မကိုမှ မပြင်ဆင်နိုင်သည့် အခင်းအကျင်းတွင် ပြင်ဆင်သည့်ဥပဒေကြမ်းများ ခရီးပေါက်ရန် မည်သို့မည်ပုံ နည်းလမ်းရှာမည်ဆိုသည့်ကိစ္စက စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်သကဲ့သို့ စိတ်ဝင်စားဖွယ်ရာပင် ဖြစ်သည်။ တပ်မတော်နှင့်သက်ဆိုင်သည့် ပုဒ်မ ၄၃ ခု ပြင်ဆင်ရေး အထမြောက်ရန်ဆိုလျှင် အလွတ်သဘောနှင့် အလုပ်သဘော ညှိနှိုင်းဆွေးနွေးမှုများက သော့ချက်ကျမည်ဖြစ်သည်။ အဆုံးအဖြတ်ပေးနိုင်မည့် နှစ်ဖက်ပုဂ္ဂိုလ်များအကြား ပွင့်လင်းမြင်သာ အကြိတ်အနယ် ဆွေးနွေးအမြင်ဖလှယ်နိုင်ရေးသည် ကနဦးခြေလှမ်းဖြစ်သင့်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ရာခိုင်နှုန်းကို လွှတ်တော်သက်တမ်းအလိုက် တစ်ဆင့်ချင်း လျှော့ချမည့် ပုဒ်မ ၁၄၊ ပုဒ်မ ၁၀၉(ခ)၊ ပုဒ်မ ၁၄၁(ခ) နှင့် ပုဒ်မ ၁၆၁(ဃ) တို့ကို အစားထိုးပြင်ဆင်မည့် ခြေလှမ်းသည် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်သည်ဟု သုံးသပ်မှုများ ရှိလင့်ကစား အထမြောက်ရန် ခဲယဉ်းဦးမည် ဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်ဟု ပြဋ္ဌာန်းထားသည့် ပုဒ်မ ၂၀ (ဂ)၊ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်ဟု ပြဋ္ဌာန်းထားသည့် ပုဒ်မ ၃၃၈၊ နိုင်ငံတော်အား ပြည်တွင်းပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည့် ပုဒ်မ ၃၃၉၊ ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ပြည်ထောင်စု နယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် ခရိုင်အုပ်ချုပ်ရေးတွင် ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်အုပ်ချုပ်ရေး စသည့်တာဝန်များ ထမ်းဆောင်ရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်ဟု ပြဋ္ဌာန်းထားသော ပုဒ်မ ၁၇ (ခ) တို့ကို ပယ်ဖျက်မည့် ပြင်ဆင်ချက်များသည် အလွန့်အလွန်ခက်ခဲပြီး ခရီးပေါက်ရန် အလားအလာနည်းသည်ဟု သုံးသပ်သံများ ကြားနေရသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ(ကာလုံကောင်စီ) ကို ပြင်ဆင်ဖွဲ့စည်း၍ ကာလုံကောင်စီ၏ လုပ်ပိုင်ခွင့်များကို လျှော့ချပြီး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များတွင် ပုဒ်မအများစု ပယ်ဖျက်ရန်နှင့် စပ်လျဉ်း၍ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက ထောက်ခံဆန္ဒမဲပေးနိုင်ခြေ အလွန်အမင်း နည်းပါလိမ့်မည်။ လွှတ်တော်ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီများဖွဲ့စည်းရန် ပြဋ္ဌာန်းထားသည့် ပုဒ်မ ၁၁၅ (ခ) နှင့် ပုဒ်မ ၁၄၇ (ခ) တို့ကို ပယ်ဖျက်ရန်ထက် လွှတ်တော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီများသည် အရပ်ဘက်- စစ်ဘက် ဆက်ဆံရေး ပိုကောင်းရေးဖော်ဆောင်မည့် စင်္ကြံလမ်းများ ဖြစ်လာရန် ရည်မှန်းချက်ထား၊ ဖွဲ့စည်း၊ အလုပ်လုပ်နိုင်ခြေ မည်မျှရှိသည်ကို ဆန်းစစ်သင့်သည်။ ကာလုံကောင်စီသည် အရပ်ဘက်ခေါင်းဆောင်များနှင့် စစ်ဖက်ခေါင်းဆောင်များအကြား ညှိနှိုင်းအဖြေရှာနိုင်မည့် နိုင်ငံရေးစားပွဲဝိုင်း ဖြစ်လာမည်ဆိုပါက ယုံကြည်မှုတည်ဆောက်ရေးကို အထောက်အကူပြုနိုင်မည်လား အနုလုံပဋိလုံ သုံးသပ်ဆန်းစစ်သင့်သည်။

အချုပ်ဆိုရသော် တိုင်းရင်းသားခေါင်းဆောင်များ အပါအဝင် အရပ်ဘက်ခေါင်းဆောင်များနှင့် စစ်ဘက်ခေါင်းဆောင်များအကြား ပွင့်ပွင့်လင်းလင်း အကြိတ်အနယ် မျက်နှာစုံညီ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဖော်ဆောင်နိုင်ရေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အကျပ်အတည်း အပါအဝင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စသည့် အကျပ်အတည်းအစုံအလင်နှင့် စပ်လျဉ်း၍ ဗျူဟာမြောက်ချဉ်းကပ်သည့် ကနဦးခြေလှမ်းပင်ဖြစ်သည်။ အားလုံးပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများတွင် အဆုံးအဖြတ်ပြုနိုင်မည့် ပုဂ္ဂိုလ်များအကြား ယုံကြည်မှုတည်ဆောက်၍ အခြေခံသဘော တူညီချက်များရယူ၊ အတည်ပြုနိုင်ပြီး၊ နိုင်ငံတော်နှင့် နိုင်ငံသားအများစု၏ ဆန္ဒသဘောထား၊ အကျိုးစီးပွားကို ရှေးရှုလျက် ပြိုင်တူ တွန်းနိုင်ရေး အားစိုက်သင့်ပါကြောင်း တိုက်တွန်း ဆော်သြလိုက်ရပါသည်။

 

Most Read

Most Recent