လီဗာပူးလ်အသင်းဥက္ကဋ္ဌ တွမ်ဝါနာက နွေရာသီအပြောင်းအရွှေ့ကာလပိတ်သိမ်းမည့်ရက် ပြန်လည်ပြင်ဆင်သည့် ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ထုတ်ဖော်ပြောကြားသည်။
ပရီးမီးယားလိဂ်ကလပ်များသည် ဖေ ဖော်ဝါရီ ၆ ရက်ကပြုလုပ်သည့် အစည်းအဝေးတွင် နွေရာသီအပြောင်းအရွှေ့ကာလပိတ်သိမ်းမည့်ရက်ကို ယခင်အတိုင်း သြဂုတ်လ ကုန် (သို့မဟုတ်) စက်တင်ဘာလဆန်းသို့ ပြန်လည်ပြောင်းလဲရန် မဲပေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယခုနှစ် သြဂုတ် ၃၁ ရက်မှာ အများပြည်သူအားလပ်ရက်ဖြစ်သောကြောင့် ဘဏ်ပိတ်သဖြင့် လာမည့် ၂၀၂၀-၂၀၂၁ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ နွေရာသီအပြောင်းအရွှေ့ကို စက်တင်ဘာ ၁ ရက် ဒေသစံတော် ချိန် ညနေ ၅ နာရီ (မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲ) တွင် ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ယင်းဆုံးဖြတ်ချက်နှင့်ပတ်သက် ၍ တွမ်ဝါနာက ''အပြောင်းအရွှေ့ကာလ နောက်ဆုံးအချိန်ကို သြဂုတ်လကုန်အထိ ထပ်တိုးပြီးတော့ တခြားလိဂ်ပြိုင်ပွဲတွေနဲ့အတူ တစ်ပြိုင်တည်းလုပ်ဖို့ ဆုံးဖြတ်တာက ကျွန် တော်တို့လိဂ်အတွက် အကောင်းဆုံးဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ အပြောင်းအရွှေ့ကာလနောက်ဆုံးအချိန်ကို ရှေ့တိုးခဲ့တဲ့ ဆုံး ဖြတ်ချက်ရဲ့ အကြောင်းရင်းကိုလည်း နားလည်ပါတယ်။ ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်က တခြားလိဂ်တွေအတွက် အားသာချက်ဖြစ်စေလို့ ကျွန်တော်တို့အပေါ် ဖိအားတွေအများ ကြီးကျရောက်ခဲ့ပါတယ်''ဟု ပြောကြားသည်။
၂၀၁၈-၂၀၁၉ နှင့် ၂၀၁၉-၂၀၂၀ ရာသီတွင် နွေရာသီအပြောင်းအရွှေ့ကာလ၏ ကစားသမားခေါ်ယူမှု နောက်ဆုံးနေ့ကို ရာသီ သစ်မစတင်မီ ကြာသပတေးနေ့တွင် ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့သော်လည်း ကစားသမားရောင်းချမှုကို တားမြစ်ထားခြင်းမရှိသဖြင့် ဝေဖန်မှုများစွာထွက်ပေါ်ခဲ့ပြီးနောက် ပြန်လည်ပြင်ဆင်ခြင်းဖြစ်သည်။