ဆေးဝါးစက်ရုံ (အင်းစိန်) က ထုတ်လုပ် သော မြွေပွေးအဆိပ်ဖြေဆေး အလုံးပေါင်း ၂၀၀၀ နှင့် မြွေဟောက်အဆိပ်ဖြေဆေး အလုံး ၂၀၀၀ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဝယ်ယူခဲ့ကြောင်း ဆေးဝါးစက်ရုံ (အင်းစိန်) မှ သိရသည်။
လက်ရှိတွင် မြွေဆိပ်ဖြေဆေးများကို စက်မှုဝန်ကြီးဌာနက ထုတ်လုပ်လျက်ရှိပြီး မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရာတွင်အသုံး ပြုမည့် မြွေဆိပ်အတွက် လိုအပ်သည့်သုတေ သနလုပ်ငန်းများကိုမူ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် မြွေကိုက်ခံရသူများအနက် ကိုက်သည့် မြွေအမျိုးအစား ခွဲခြားနိုင်ခြင်းမရှိသည့် လူနာများအတွက် မြွေပွေးနှင့်မြွေဟောက် အဆိပ်နှစ်မျိုးစလုံးကို ဖြေပေးနိုင်သည့် Bivalent မြွေဆိပ်ဖြေဆေးများကို ဆေးဝါးစက်ရုံ (အင်းစိန်) က ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာဖြစ်ပွားတဲ့ မြွေကိုက်မှု ဖြစ်စဉ်တွေရဲ့ ရာခိုင်နှုန်း ၉၀ လောက်က မြွေ ပွေးကိုက်ခံရတာဖြစ်ပါတယ်။ ခြောက်ရာခိုင်နှုန်းလောက်ကတော့ မြွေဟောက်ကိုက်ခံရ တာဖြစ်ပြီး ကျန်တဲ့ ရာခိုင်နှုန်းအနည်းငယ်က အခြားမြွေအမျိုးအစား ကိုက်ခံရခြင်းကြောင့် ဖြစ်ပါတယ်။ ဆေးဝါးစက်ရုံ (အင်းစိန်) အနေ နဲ့ မြွေပွေးအဆိပ်ဖြေဆေးကို ရာခိုင်နှုန်း အများစုထုတ်လုပ်ပြီး မြွေဟောက်အဆိပ် ဖြေဆေးကို ၁၀ ရာခိုင်နှုန်းလောက်ထုတ်လုပ် နေပါတယ်” ဟုဆေးဝါးစက်ရုံ (အင်းစိန်) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
BPI က ထုတ်လုပ်သော မြွေဆိပ်ဖြေဆေးများကို ပြည်တွင်း၌သာမက ဒေသတွင်း နိုင်ငံအချို့သို့ တင်ပို့ရောင်းချနေပြီး လက်ရှိ ဘဏ္ဍာနှစ်အတွင်း အလုံးရေ ၅၀၀၀ ခန့် ထပ်မံတင်ပို့ရောင်းချခဲ့ကြောင်း၊ ပြည်တွင်း လိုအပ်ချက်ထက်ပြည့်စုံသော မြွေဆိပ်ဖြေ ဆေးများကို ပြည်ပသို့တင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အ တွင်း ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများသို့ မြွေဆိပ်ဖြေဆေးအလုံး ၅၀၀ စမ်းသပ်တင်ပို့ ရောင်းချခဲ့ကြောင်း နှင့်၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် မြွေဆိပ်ဖြေဆေးအလုံး ၅၀၀၀ ခန့် တင်ပို့နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆေးဝါးစက်ရုံ (အင်းစိန်) က ထုတ်လုပ် သော မြွေဆိပ်ဖြေဆေးများကို ဒေသတွင်း နိုင်ငံများသို့ ရောင်းချနေပြီး ပြီးခဲ့သည့် ဘဏ္ဍာ နှစ်က ကမ္ဘောဒီးယားနိုင်ငံသို့ မြွေပွေးအဆိပ် ဖြေဆေး အေးခဲခြောက်အလုံး ၃၀၀ နှင့် လာအိုနိုင်ငံသို့ မြွေဆိပ်ဖြေဆေးအလုံး ၂၀၀ ကို တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၂၂ တန်ဖိုးဖြင့် တင်ပို့ရောင်းချခဲ့ပြီးဖြစ်သည်။
စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်) က မြွေဆိပ်ဖြေ ဆေးများကို ၂၀၁၈ ခုနှစ်မှစ၍ ဆေးအလုံးရေ တစ်သိန်းအထိ တိုးမြှင့်ထုတ်လုပ်ရန်လျာ ထားဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ တွင် မြွေကိုက်ခံရမှု အန္တရာယ်အရှိဆုံးမှာ ကျေး လက်နေ တောင်သူလယ်သမားများဖြစ် ပြီး မြွေကိုက်ခံရမှုများတွင် မြွေပွေးကိုက်ခံရသူ အရေအတွက် အများဆုံးဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် ဝေးလံခေါင်ဖျားဒေသများ နှင့် ကျေးလက်များသို့ ယင်းဆေးများ ပေးပို့ အသုံးပြုရာ၌ အဆင်ပြေစေရန် မြွေဆိပ်ဖြေ ဆေးရည်သာမက သာမန်အခန်းအပူချိန် တွင် သိမ်းဆည်းထားနိုင်သည့် အေးခဲခြောက် ပုံစံဖြင့်လည်း ထုတ်လုပ်ဖြန့်ချိလျက်ရှိသည်။
လက်ရှိတွင် မြွေဆိပ်ဖြေဆေးကို စက်မှု ဝန်ကြီးဌာနက ထုတ်လုပ်လျက်ရှိပြီး မြွေဆိပ် ဖြေဆေးထုတ်လုပ်ရာတွင် အသုံးပြုမည့် မြွေ ဆိပ်အတွက် လိုအပ်သည့် သုတေသနလုပ် ငန်းများကိုမူ ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း၊ မြန် မာနိုင်ငံ၏ မြွေဆိပ်သုတေသနလုပ်ငန်းနှင့် မြွေဆိပ်ဖြေဆေးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာလုပ်ငန်းများကို ဘရာဇီးနိုင်ငံနှင့် ပူးပေါင်း ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။
ထို့ပြင် မြွေဆိပ်ဖြေဆေး တိုးမြှင့်ထုတ် လုပ်ရေးအဆောက်အအုံကို၂၀၁၆ ခုနှစ် မေ ၂၀ ရက်တွင် ဆေးဝါးစက်ရုံ (အင်းစိန်) ၌ ဖွင့် လှစ်ခဲ့ပြီး လျှပ်စစ်မီးမရရှိသည့် ကျေးလက် ဒေသများ၌ သာမာန်အခန်းအပူချိန်၌ ဆေး သက်တမ်းငါးနှစ်အထိ ထားရှိနိုင်သောအေးခဲခြောက်ပုံစံဖြင့် မြွေဆိပ်ဖြေဆေးများကို ထုတ်လုပ်ခဲ့ကြောင်းနှင့် ထိုးဆေးအမျိုးအစား ၁၀ မျိုးကို တစ်နှစ်လျှင်သန်း ၂၀ ထုတ်လုပ်နိုင်သည့် Small Volume Production Plan နှင့် တစ်နှစ်လျှင် ငါးသန်း ထုတ်လုပ်နိုင်သည့် Cephalasporin Injection Plant တို့ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆေး ၀ါးစက်ရုံ (အင်းစိန်) ၌လည်းကောင်း၊ Providine (အနာကျက်ဆေးရည်) ထုတ်လုပ်သည့်အဆောက်အအုံသစ်ကို ဆေးဝါးစက်ရုံ (အင်ရောင်း) တွင်၂၀၁၈ ခုနှစ် မတ် ၂၀ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။















