၂၀၀၇ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ စာရင်းများအရ မြန်မာနိုင်ငံသည် အာရှတွင်မိုင်းကြောင့် ဒုက္ခရောက်သူအများဆုံးနိုင်ငံ ဖြစ်ကြောင်း ဒီဇင်ဘာ ၁၉ ရက်တွင် ရန်ကုန်မြို့၊ ရွှေဂုံတော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သည့် ၂၀၁၉ ခုနှစ် မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေး မြန်မာနိုင်ငံ အစီရင်ခံစာမိတ်ဆက်ပွဲမှ သိရသည်။
အဆိုပါမိတ်ဆက်ပွဲတွင် မြန်မာနိုင်ငံ၏ မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုအခြေအနေများနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (ဂျီနီဗာ)၏ ဒေသဆိုင်ရာညှိနှိုင်းရေးမှူး Dr.Yeshua Moser- Puangsuwan က ရှင်းလင်းပြောကြားစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“၂၀၀၇ ကစပြီး ကြည့်မယ်ဆိုရင် ၂၀၀၇ က စရတဲ့စာရင်းဇယားအရ မြန်မာနိုင်ငံသည် အာရှမှာမိုင်းကြောင့် ဒုက္ခရောက်သူ ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။ သို့သော် လူဦးရေအရ တွက်မယ်ဆိုရင် မြန်မာက အာရှမှာ လူဦးရေစုစုပေါင်းရဲ့ တစ်ရာခိုင်နှုန်းပဲ ရှိပါတယ်။ သို့သော် မိုင်းကြောင့် ဒုက္ခရောက်သူက အာရှလူဦးရေစုစုပေါင်းရဲ့ ၁၂ ရာခိုင်နှုန်းရှိပါတယ်။ ဒါက ဂုဏ်ယူဝမ်းမြောက်စရာ မဟုတ်ပါဘူး။ တွေ့ရတဲ့အချက်တွေအရ မိုင်းနင်းမိသူအများစုဟာ ဘယ်အချိန်မှာ မိုင်းအန္တရာယ်အများဆုံးကြုံရလဲဆိုတော့ တောထဲတောင်ထဲသွားတဲ့အချိန်မှာ အများဆုံးဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ မိုင်းအန္တရာယ်ရှိနေတဲ့ ရွာသူရွာသားတွေက တောထဲတောင်ထဲသွားမယ်။ စားနပ်ရိက္ခာ၊ အိမ်မှာလိုတဲ့ပစ္စည်း၊ စျေးမှာ ရောင်းလို့ရတဲ့ပစ္စည်းလည်း ရှာတာဖြစ်မယ်။ ဒါကသူတို့ ဘဝရပ်တည်ရေးအတွက်ပါ။ ဒီလိုရှာရင်းနဲ့ ဒုက္ခရောက်ခဲ့ရတာပါ။ ဒုတိယအများဆုံးကတော့ တစ်နေရာကနေ တစ်နေရာခရီးသွား တာကနေပါ။ တတိယကတော့ လယ်ယာလုပ် ငန်းဆောင်ရွက်ရင်းဖြစ်တာပါ။ အဲဒီနောက်မှာ တခြားအနည်းငယ်စီ ဖြစ်စေတဲ့ အကြောင်းအရာတွေလည်း ရှိပါတယ်” ဟု Dr.Yeshua Moser- Puangsuwan က ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် လူပေါင်း ၄၆၂၀ သည် မိုင်းကြောင့် ဒုက္ခခံနေရကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်လည်း မြေမြှုပ်မိုင်း အသုံးမပြုဟု ကြေညာလိုက်ပြီး မြေမြှုပ်မိုင်း အသုံးပြုမှု ရပ်ဆိုင်းလိုက်မည်ဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပိုမိုကောင်းမွန်သည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်းလည်း Dr. Yeshua Moser Puangsuwan က ဆက်လက်ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံမှာ လူပေါင်း ၄၆၂၀ က မိုငး်ကြောင့် ဒုက္ခခံခဲ့ရပါတယ်။ ကျွန်တော်တို့ ရတာထက် အမှန်တကယ် မိုင်းဒဏ်ခံရတဲ့ သူက ဒီထက်ပိုများနိုင်ပါတယ်။ ဒါက ရရှိသမျှ အချက်အလက်ထဲက ရေတွက်လို့ရတဲ့ အရေအတွက် ၄၆၂၀ ဖြစ်ပါတယ်။ အမှန်တကယ်က ကျွန်တော်တို့ သတင်းမရတာ မသိတာ ဒီထက် အများကြီးရှိနိုင်ပါတယ်။ ငြိမ်းချမ်းရေး စတင်ဆွေးနွေးစဉ်ကနေ အခုချိန်အထိ လူပေါင်း ၁၆၀၀ ကျော်က မိုင်းရဲ့သားကောင် ဖြစ်ပြီးဖြစ်ပါတယ်။ ဒီထက် အများကြီး ပိုနိုင်ပါသေးတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ခုဖြစ်ဖို့ မြေမြှုပ်မိုင်းအသုံးမပြုဘူးဟု ကြေညာလိုက်ရင် တော်တော်ကောင်းမွန်တဲ့ တိုးတက်မှုဖြစ်မှာပါ။ တပ်မတော်ရော တိုင်းရင်းသားလက်နက်ကိုင်တွေပါ မြေမြှုပ်မိုင်းသုံးတာကို ရပ်ဆိုင်းလိုက်ရင် ငြိမ်းချမ်းရေးမှာ ပိုကောင်းတဲ့ အကျိုးတွေရလာမှာဖြစ်ပါတယ်” ဟု Dr. Yeshua Moser- Puangsuwan က ပြောကြားခဲ့သည်။
ကမ္ဘာပေါ်ရှိ နိုင်ငံအစိုးရများ၏ ရာခိုင်နှုန်း ၈၀ သည် မိုင်းတားမြစ်ရေး သဘောတူညီချက်တွင် ပါဝင်လက်မှတ်ထိုးပြီးဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် ယနေ့အချိန်အထိ လက်မှတ်ရေးထိုးခြင်း မရှိသေးကြောင်း၊ ကမ္ဘာအနှံ့တွင် မိုင်းတားမြစ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးသော နိုင်ငံများက ပေးအပ်ထားသည့် မိုင်းများကို စနစ်တကျဖျက်ဆီးခဲ့ပြီးဖြစ်၍ သဘောတူစာချုပ်၏ အချက်တစ်ခုဖြစ်သော မြေပြင်ကီလိုမီတာရာ ပေါင်းများစွာကို မိုင်းရှင်းလင်းရေး ဆောင်ရွက်ပြီးဖြစ်ကြောင်း အစီရင်ခံစာထုတ်ပြန်စဉ်တွင် Dr. Yeshua Moser- Puangsuwan က ပြောကြားသည်။
၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေး အစီအရင်ခံစာကို နိုင်ငံတကာ မြေမြှုပ်မိုင်းတားဆီးရေးအဖွဲ့က ထုတ်ပြန်ခြင်းဖြစ်ပြီး နိုင်ငံတကာ မြေမြှုပ်မိုင်း တားဆီးရေးအဖွဲ့တွင် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၇၀၀၀၀ ခန့် ပါဝင်ပြီး နိုင်ငံပေါင်း ၉၀ မှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအဖွဲ့အနေဖြင့် မြေမြှုပ်မိုင်းကြောင့် လူသားများသေကျေပျက်စီးခြင်းကို အဆုံးသတ်ရန် ဖွဲ့စည်းထားခြင်းဖြစ်ပြီး နှစ်စဉ်အစီရင်ခံစာတွင် နိုင်ငံတစ်ခုချင်းကို လေ့လာသုံးသပ်ပြီး ယင်းနိုင်ငံများတွင် မြေမြှုပ်မိုင်းတားဆီးရန် မူဝါဒရှိမရှိ စောင့်ကြည့်လေ့လာခြင်း၊ လူသားများ သေကျေပျက်စီးကြသည့် လူများကို ရည်ရွယ်ပြီး သေစေသည့် မိုင်းမျိုးအားတားဆီးခြင်းများကို ၁၉၉၀ ပြည့်နှစ်မှစ၍ ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။















