မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရန် ဒူဘိုင်းမြို့ကို International Transit အဖြစ် အခြေပြု၍ နိုင်ငံတကာသို့ ချိတ်ဆက်လိုကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသည်။
အဆိုပါပြောကြားမှုအား ဒူဘိုင်းအခြေစိုက် flydubai လေကြောင်းလိုင်း ရန်ကုန်-ဒူဘိုင်း တိုက်ရိုက်ခရီးစဉ် စတင်ပျံသန်းခြင်း ခရီးစဉ်ကို ကြိုဆိုနှုတ်ဆက်ပွဲတွင် ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“ မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးမှာ ရန်ကုန်လေဆိပ်ဟာ အရေးကြီးပါတယ်။ နိုင်ငံတကာခရီးသွားဖို့အတွက်ဆိုရင် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းတွေကို အသုံးပြုပြီး ဆောင်ရွက်ကြတဲ့နေရာမှာ ရန်ကုန်လေယာဉ်ကွင်းဟာ အဓိကကျတဲ့ အခန်းကဏ္ဍတစ်ခုက လည်ပတ်နေတာဖြစ်ပါတယ်။ ဒီနေ့ပျံသန်းလာတဲ့ ဒူဘိုင်းအခြေစိုက် flydubai လေကြောင်းလိုင်းကို ဘာကြောင့် ဒီလောက် နွေးနွေးထွေးထွေး ကြိုဆိုနေသလဲဆိုရင် တစ်အချက်က ကျွန်တော်တို့ရဲ့ ခရီးသွားကဏ္ဍ မြှင့်တင်ချင်ပါတယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ဟာ ဒူဘိုင်းကိုအခြေပြုပြီး International Transit ကို ကျွန်တော်တို့ သုံးချင်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားသည်။
ဒူဘိုင်းအခြေစိုက် flydubai လေကြောင်းလိုင်းက ရန်ကုန်-ဒူဘိုင်း တိုက်ရိုက်ခရီးစဉ်အား ဒီဇင်ဘာ ၁၀ ရက်မှ စတင်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ပျံသန်းခဲ့ကြောင်း သတင်းရရှိသည်။
ယခင်က အဆိုပါရန်ကုန်-ဒူဘိုင်း တိုက်ရိုက်ခရီးစဉ်အား Emirates လေကြောင်းလိုင်းက ပျံသန်းနေခြင်းဖြစ်ပြီး ၂၀၁၉ ဒီဇင်ဘာ ၁၀ ရက်မှစ၍ အဆိုပါခရီးစဉ်အား flydubai လေကြောင်းလိုင်းမှ ပျံသန်းသွားမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Emirates လေကြောင်းလိုင်းအနေဖြင့် ရန်ကုန်- ဒူဘိုင်း တိုက်ရိုက်ခရီးစဉ်အား တစ်ပတ်လေးကြိမ် ပျံသန်းခဲ့ခြင်းဖြစ်ပြီး flydubai လေကြောင်းလိုင်းသည် ဒူဘိုင်းနှင့် ရန်ကုန်ခရီးစဉ်အား နေ့စဉ်ပျံသန်းသွားမည် ဖြစ်သည်ဟု ဆိုသည်။
Flydubai လေကြောင်းလိုင်းသည် ဒူဘိုင်းနှင့် ရန်ကုန်ခရီးစဉ်အား လေယာဉ်အမှတ် FZ1 585 နှင့်FZ1 586 များဖြင့် နေ့စဉ်ပျံသန်းသွားမည်ဟု သိရသည်။
ယခုကဲ့သို့ ဒူဘိုင်းအခြေစိုက် လေကြောင်းလိုင်းနှစ်ခု၏ မဟာဗျူဟာမြောက် ပူးပေါင်းမှုသည် ခရီးသည်များအတွက်လည်း ပိုမိုအကျိုးရှိစေမည်ဖြစ်ကြောင်း သိရသည်။
Emirates လေကြောင်းလိုင်းသည် ၂၀၁၆ ခုနှစ် သြဂုတ် ၃ ရက်မှစ၍ ရန်ကုန်မြို့သို့ Boeing 777 လေယာဉ်အမျိုးအစားဖြင့် ခရီးစဉ်များအား ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် လေကြောင်းခရီးစဉ်အား သုံးနှစ်ကျော် ပျံသန်းခဲ့ခြင်း ဖြစ်သည်။
Flydubai လေကြောင်းလိုင်းသည် ရန်ကုန်-ဒူဘိုင်းခရီးစဉ်ကို Emirates လေကြောင်းလိုင်းဖြင့် codeshare ပြေးဆွဲသွားမည်ဖြစ်ပြီး Emirates ၏ Codeshare Booking ဖြင့် ဝယ်ယူထားသော ခရီးသည်များအနေဖြင့် flydubai ၏ Business နှင့် Economy များအတွက် Emirates checked baggage allowance အသီးသီး ရရှိမည်ဖြစ်ပြီး အစားအသောက်များပါ အခမဲ့ သုံးဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အခွန်အခများနှင့် 40kg Checked ၊ အစားအစာများနှင့် ခရီးစဉ်အတွင်း Entertainment များအပါအဝင် ဒူဘိုင်း-ရန်ကုန်ခရီးစဉ် Business classနှင့် Economy class လက်မှတ်များကို ဝယ်ယူနိုင်မည်ဟု သိရသည်။
Flydubai နှင့် Emirates တို့ပူးပေါင်းမှုအား ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ကျယ်ပြန့်လာသော နိုင်ငံတကာကွန်ရက်၊ လက်မှတ်တစ်စောင်တည်းဖြင့် တစ်နေရာမှ တစ်နေရာသို့ baggage handling ဆောင်ရွက်ပေးမှုစသည့် ခရီးသည်များ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်ရန် ပူးပေါင်း ချဲ့ထွင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။















