စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အတွင်း မိုးရေချိန်အနည်းဆုံးနှစ်အဖြစ် စံချိန်သစ်တင်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အတွင်း မိုးရေချိန်အနည်းဆုံးနှစ်အဖြစ် စံချိန်သစ်တင်
Published 27 November 2019
ထွန်းလင်းအောင်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အတွင်း ပျမ်းမျှမိုးချိန်ထက် ထက်ဝက်ကျဆင်း ကာ  မိုးရေချိန်အနည်းဆုံးနှစ်အဖြစ် စံချိန် သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဌာနမှတ်တမ်းများ၊ အခြားဌာနဆိုင်ရာ မှတ် တမ်းများအရ သိရသည်။

ကသာခရိုင်မိုးဇလဌာန မှတ်တမ်းအရ ၂၀၁၉ ခုနှစ် နိုဝင်ဘာနောက်ဆုံးအပတ်အထိ မိုးရေချိန် ၃၂ ဒသမ ၆၀ လက်မသာ ရွာသွန်း ခဲ့ပြီး ပျမ်းမျှမိုးရေချိန် ၆၀ ဒသမ ၁၅ လက်မထက် ထက်ဝက်နီးပါးကျဆင်းခဲ့သည်။

ကသာခရိုင် မိုးဇလမှ ဒုဦးစီးမှူး ဦးဟန်ထက်အောင်က “မှတ်တမ်းအရ ဒီနှစ် အနည်းဆုံးပဲ။ အရင် ၁၉၉၈ ခုနှစ်က ၄၁ ဒသမ ၄၃လက်မက အနည်းဆုံးဖြစ်ခဲ့တယ်”ဟု ဆိုသည်။ မိုးရွာသွန်းမှုနည်းပါးမှုကြောင့် တောင်သူများလယ်စိုက်ပျိုးရေးတွင် နောက်ကျမှု၊ အထွက်နှုန်းမတူညီမှု၊ ပိုးမွှားကျရောက်မှုများကို ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ကသာမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက ဒေါ်ခင်မြတ်မိုးက ဧရာဝတီမြစ်အနီးနှင့် အနိမ့်ပိုင်းဒေသများတွင် စပါးအထွက်နှုန်း ကောင်းမွန်ခဲ့ပြီး မိုးရေခံလယ်များမှာ ထက်ဝက်နီးပါး အထွက်လျော့ခဲ့ကြောင်း ပြော ကြားသည်။

“ကျွန်မတိုဌာနတိုင်းတာချက်မှာ မိုးရေ ချိန် ၃၁ လက်မပဲရှိတယ်။ ပင်စင်ပဲ ယူခါနီးပြီး ဒါမျိုးဖြစ်တာ မကြုံဘူးသေးဘူး။အောက်ချိုင့် စပါးက ဆတိုးထွက်ပြီးအောင် ရေမရတဲ့လယ်တွေ အထွက်တစ်ဝက်လျော့ တယ်။ နှမ်းစိုက်သူတွေ ဒီနှစ်ပွပေါက်တိုးတယ်”ဟု ဆိုသည်။

 မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒ ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပျမ်းမျှမိုးနည်းခဲ့ကြောင်း၊ ကရင်၊ မွန်၊ တနင်္သာရီဒေသများတွင် မိုးရွာ သွန်းမှုပိုမိုခဲ့ကြောင်း၊ မိုးရေချိန်ထက်ဝက်ကျဆင်းသည့်အခြေအနေဖြစ်ပါက မြေဆီလွှာကုန်ခမ်းခြင်း၊ အပူချိန်မြင့်ခြင်း၊ ရေခန်းခြောက်ခြင်း၊ သောက်သုံးရေးခက်ခဲခြင်းတို့ နောက်ဆက်တွဲ ပြဿနာများအနေဖြင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သုံးသပ်သည်။

 ကသာခရိုင်တွင် ၂၀၁၉ ခုနှစ်တွင်း လယ်စိုက်ဧက ၃၆၃၆၃၄၄ ဧကရှိပြီး အားလုံး နီးပါးမှာ မိုးရေခံလယ်များဖြစ်ကြောင်း သိရ သည်။

Most Read

Most Recent