■ စုံ/မ စနစ်ကြောင့် ကျောင်းဖွင့်ချိန်တွင် ကျောင်းဖယ်ရီကားများကိုသာ အကြို၊အပို့အတွက် အသုံးပြုမှု များလာနိုင်

■ စုံ/မ စနစ်ကြောင့် ကျောင်းဖွင့်ချိန်တွင် ကျောင်းဖယ်ရီကားများကိုသာ အကြို၊အပို့အတွက် အသုံးပြုမှု များလာနိုင်
Published 30 April 2026

ကျောင်းဖယ်ရီခများ အဆမတန်မြင့်မားလာခြင်းကြောင့် ကျောင်းဖွင့်ချိန်တွင် ကျောင်းသားမိဘများ အခက်တွေ့ဖွယ်ရှိ

 

ကျောင်းဖွင့်ရာသီကာလတွင် စုံ/မ စနစ်ကြောင့် ကျောင်းသားမိဘများအနေဖြင့် ကျောင်းအကြို၊အပို့အတွက် ကိုယ်ပိုင်ယာဉ်ထက် ကျောင်းဖယ်ရီကားများကို  အသုံးပြုရမှုများလာနိုင်ပြီး ကျောင်းဖယ်ရီ ကားခဈေးနှုန်းထားများမှာလည်း အဆမတန်မြင့်မားလာခြင်းကြောင့် ကျောင်းသားမိဘများ အခက်တွေ့လာနိုင်ကြောင်း သိရသည်။

လက်ရှိတွင်လည်း ကိုယ်ပိုင်ကျောင်းများ၊ ပုဂ္ဂလိကကျောင်းအချို့တွင် လာမည့် ပညာသင်နှစ်အတွက် ကျောင်းကားခများကို ကြေညာရာတွင် ယခင်နှစ်ကထက်များစွာ မြင့်တက်သွားသည်ဟု သိရသည်။

ယခင်က ကျောင်းဖယ်ရီခ ကျပ် တစ်သိန်းကိုး သောင်းသာရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ် နှစ်သိန်းခွဲမှ သုံးသိန်းခွဲအထိ မြင့်တက်သွားသည်ဟု ပုဂ္ဂလိက ကျောင်းတစ်ကျောင်းမှ ကျောင်းသားမိဘအချို့က ပြောကြား သည်။

" ဒီနှစ်က ဖယ်ရီခက တစ်သိန်းရှစ် သောင်းကနေ သုံးသိန်းခွဲဖြစ်သွားတော့ အွန်လိုင်းပဲ ထားရ တော့မယ်" ဟု ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။

စာသင်နှစ်တစ်နှစ်အတွက် ကျောင်းတက်ရောက်ရသည့်လမှာ ၁၀ လကြာမြင့်သည့်အတွက် တစ်လ လျှင် ဖယ်ရီခ သုံးသိန်းခွဲ ကုန်ကျမည့်ကလေးငယ်တစ်ဦးအတွက် ကျောင်းဖယ်ရီခမှာ တစ်နှစ် ကျပ် ၃၅ သိန်း အထိ ကုန်ကျမည်ဖြစ်သည်။ လက်ရှိတွင် ကျောင်းဖယ်ရီခများအနေဖြင့် မြို့နယ်အနီးအဝေးအပေါ် မူတည်၍ တချို့မှာ တစ်မြို့နယ်ကျော်လျှင် ငါးသောင်းကျပ်ဟု သတ်မှတ်ထားရာမှ တစ်သိန်းကျပ်သို့ ပြောင်းလဲ သတ် မှတ်ခြင်း၊ တချို့မှာ ဆီအကန့်အသတ်စနစ်သို့ ပြောင်းလဲသွားသဖြင့် ပြင်ပမှ ဆီဝယ်ယူ၍ ကျောင်းကား ပြေးဆွဲ ရမည့် အခြေအနေမျိုးလည်း ရှိသည့်အတွက် ကားခဈေးနှုန်းများကို ယခင်ထက် ၅၀ ရာခိုင်နှုန်း အနိမ့်ဆုံး တိုးမြှင့် သတ်မှတ်ရန် ရှိလာကြောင်းလည်း ပြောဆိုမှုများ ရှိနေသည်။

လာမည့်နှစ်တွင် ကျောင်းဖယ်ရီခအနေဖြင့် ယခင်နှစ်ကထက်စာ လျှင် များစွာမြင့်တက်လာခြင်းမှာ အမှန်ပင် ဖြစ်ပြီး လောင်စာဆီဈေးနှုန်းနှင့် စုံ/မ စနစ်ကြောင့် ယင်းသို့ ဈေးနှုန်းတိုးလာခြင်းနှင့် အခက်အခဲများ ဖြစ်လာခဲ့သည်ဟုကျောင်းသားမိဘများက ဆိုသည်။

ကျောင်းဖယ်ရီခမှာ မြို့နယ်အတွင်းကြိုပို့သည့် ကျောင်းဖယ်ရီများလည်း ရှိပြီး ယင်းကြို/ ပို့ယာဉ်များပင် ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။

" ကျောင်းမှာက နွေရာသီသင်တန်းတွေ လည်းရှိတယ်။ အဲ့ဒီမှာလာတက်တဲ့ကလေးတွေကိုလည်း ကြို/ ပို့လုပ်ရတယ်။ ဆီဈေးတွေကတက်လာတော့ ကားခ ၈ သောင်းကျော် ၁ သိန်းလောက် ယူရာကနေ အခု သုံးလပိုင်းမှာတုန်းကတော့ တစ်ယောက်ကို တစ်သောင်း တော့ တိုးယူတယ်။ လာမယ့် ကျောင်းဖွင့်ချိန်တော့ အနည်းဆုံး သုံးသောင်းလောက်အထိ ထပ်တက်နိုင်တယ်" ဟု သာကေတမြို့နယ်တွင်း ကျောင်း အကြို/အပို့ ဝန်ဆောင်မှုပေးနေသည့် မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ကိုယ်ပိုင်ကျောင်းအချို့နှင့် ပုဂ္ဂလိကကျောင်းအချို့မှာ မေလကုန်ပိုင်းမှသာ ကျောင်းဖယ်ရီခများကို ထုတ်ပြန်နိုင်မည်ဖြစ်ပြီး ယင်းအချိန်တွင် ဖြစ်ပေါ်နေသည့် စက်သုံးဆီဈေးနှုန်းများအပေါ်မူတည်ကာ သတ်မှတ်နိုင်မည်ဖြစ်ကြောင်း ကျောင်းကားမောင်းနှင်သူအချို့က ပြောကြားသည်။

" ဈေးကတော့ တက်ကိုတက်ရမယ့်သဘောပဲ။ အခုဈေးတွေက ဒီဇယ်တစ်လီတာကို သုံးထောင် ကျော်ပဲရှိသေးတဲ့အချိန်မှာ ယူထားတဲ့ဈေးလေ။ အခုက ဒီဇယ်တစ်လီတာကို ခြောက်ထောင်ကျော်နေပြီ။ ဖယ်ရီခက ခဏခဏပြောင်းလို့လည်း မရဘူး။ ကျောင်း တွေနဲ့က စာချုပ်နဲ့သွားရတာ။ ကားပျက်တဲ့နေ့ဆိုရင် အစားထိုးဆွဲပေးမယ့်ကားကိုလည်း အရန်သင့်စီစဉ်ထားရတာ။ ပြီးတော့ ကားပြင်စရိတ်နဲ့ပစ္စည်းဖိုးတွေကလည်း တက်လာတော့ ဘယ်လိုမှ မကိုက်တော့ဘူး။ အခု နောက်ဆုံး ဆီဈေးတက်သွားတဲ့အချိန်မှာ ကားခကို နဂို အတိုင်းပဲ ယူလိုက်ရတော့ အဲ့ဒီ တစ်လကို လူနဲ့ကားက Free မောင်းပေးလိုက်ရတဲ့သဘောဖြစ်သွားတယ်။ ဆီဖိုးတင် ရှစ်သိန်းနီးပါးလောက်ကုန်တယ်။ ဖယ်ရီခက ရှစ်သိန်းပဲရတာ။ ဘယ်လိုမှ မကျန်ပေမယ့် ကျောင်းနဲ့က တစ်နှစ်လုံးချုပ်ထားတာဆိုတော့ မတတ်နိုင်ဘူးပေါ့" ဟု ကျောင်းကားပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ထို့ပြင်စုံ/မ သတ်မှတ်ထားသည့်စနစ်ကြောင့် ကျောင်းသားမိဘများမှာ ကျောင်းဖယ်ရီကိုသာ အားကိုးရမည့်အခြေအနေဖြစ်ကာ အခြားတစ်ဖက်တွင်လည်း မြင့်တက်လာသည့် ကျောင်းလခများနှင့်အတူ ကျောင်း ဖယ်ရီခများမှာလည်း မိဘများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်။

စုံ/မ စနစ်ကြောင့် မိမိတွင်ရှိသည့်မော်တော်ယာဉ်ကို နေ့စဉ်အသုံးပြုနိုင်ခြင်းမရှိဘဲ တရက်ခြားသာ အသုံးပြုရမည်ဖြစ်သည်။

" ကိုယ့်ဆီမှာကားရှိရင်တောင် ဖယ်ရီခ သက်သာအောင် ဘယ်လိုမှ ပို့လို့မရဘူး။ စုံ/ မစနစ်က ရှိနေ တော့ မပယ်ဖျက်သေးတော့ အဖွဲ့စုံနဲ့တွေ့ရင် ဒဏ်ရိုက်ခံရမယ်။ တခါရိုက် သုံးသောင်းအပြင် တရားရုံး သွားရ တာနဲ့ အတော့်ကို ဒုက္ခရောက်တယ်။ အဆင်မပြေဘူး။ ကျောင်းဖယ်ရီကျတော့ ထောက်ခံစာတွေရှိရင် အဆင်ပြေတယ်ဆိုတော့ ဖယ်ရီနဲ့ပဲ အကြို/အပို့ လုပ်ရမယ်။ ဒါပေမဲ့ ဖယ်ရီခတွေကလည်း ဈေးတက်လာတော့ တော်တော်လေးကို ခက်ခဲတယ်" ဟု ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ဒဂုံ ၁၊ TTC ကဲ့သို့ အစိုးရ ကျောင်းများ၏ ကျောင်းဖယ်ရီခများ၊ ကိုယ်ပိုင်ကျောင်းနှင့် ပုဂ္ဂလိကျောင်းအချို့မှာ ကျောင်းဖယ်ရီခများမှာ မသတ်မှတ်ရသေးသော်လည်း လောင်စာဆီဈေးနှုန်းများ ကြောင့် ယခင်နှစ်ကထက်များစွာမြင့်တက်လာမည့်အခြေအနေလည်းဖြစ်သည်။

“လာမယ့် ကျောင်းဖွင့်ချိန်ကတော့ ကလေး ပညာရေးအတွက် ဘယ်လို လုပ်ရမလဲ ဆိုတာ ဝေခွဲမရ ဖြစ်နေတယ်။ ကျောင်းလခတွေ ဈေးတက်တဲ့အပြင် အခု ကျောင်းကားခဈေး တွေကလည်း အဆမတန် တက် တော့မယ်။ ဆီဈေးတက်တာနဲ့ စုံ/မ စနစ်ကြောင့် ကျောင်းကားခ အရင် သုံးသိန်းလောက်ကနေ ခြောက်သိန်း လောက်ထိ ဖြစ်သွားမယ်ဆိုရင် စုစုပေါင်း ကလေးကျောင်းစရိတ်တွေအတွက် ဘယ်လို လုပ်ရမလဲဆိုတာ မသိ တော့ဘူး။ စုံ မ စနစ်သာ မရှိရင် အဆင်ပြေအောင် လုပ်လို့ရသေးတယ်။ ကျောင်းဖွင့်မယ့် အချိန်မှာ ကျွန်တော် တို့လို ကလေးမိဘတွေရော၊ အားလုံးအတွက် ဖိစီးရပါတယ်ဗျာ။ ဒီစနစ်က ဘာတွေများ ကောင်းလို့ အခုထိ မပယ်ဖျက်သေးတာလဲ။ စုံ၊မ စနစ်ကြောင့် EV ကားတွေ ဈေးတက်သွားတယ်။ EV လုပ်နေကြတဲ့သူတွေ ချမ်းသာသွားကြတယ်။ မုဒိတာ ပွားပေးပါတယ်ဗျာ။ သူတို့တွေ ချမ်းသာပါစေ။ ကျန်းမာပါစေ။ ကျွန်တော်တို့လို အခက်အခဲတွေနဲ့ ဒုက္ခဖြစ်ရတဲ့ သူတွေအတွက် စုံ၊မစနစ်ကို ဖျက်ပေးစေချင်ပါတယ်ဗျာ။ အခုကျောင်းကားခ ဈေးနှုန်းတွေပါ မတရားတက်လာရင်တော့ လာမယ့်နှစ် ကလေးကို Campus မှာ ထားနိုင်ဖို့တောင် မလွယ်တော့ ပါဘူးဗျာ” ဟု ရန်ကင်းမြို့နယ်ရှိ ကျောင်းသားမိဘတစ်ဦးကလည်း ပြောကြားသည်။

အကယ်၍ စုံ၊မ စနစ် ဆက်ရှိနေမည်ဆိုပါကလည်း ကျောင်းအကြို၊အပို့ယာဉ်များ၊ ကိုယ်ပိုင်ကားများဖြင့် ကလေးငယ်များအား အကြိုအပို့ လုပ်ရမည့်ကျောင်းသားမိဘများ ယာဉ်များကို ထောက်ခံချက်တစ်ခုခုပေး၍ ကျောင်းအကြိုအပို့အတွက် Car Pass ကို သက်ဆိုင်ရာမှ ဆောင်ရွက်ပေးသင့်ကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။

သက်ဆိုင်ရာအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသည့် စုံ၊မစနစ်နှင့် ပတ်သက်၍ ထုတ်ပြန်ချက်တွင် ‘ကျောင်းကား၊ ဝန်ထမ်းကြိုပို့ကားတွေ၊ ကုန်စည်ဖြန့်ဖြူးသည့်ယာဉ်တွေ၊ စက်ရုံအလုပ်ရုံဌာနတွေရဲ့ ရုံးလုပ်ငန်း သုံးတဲ့ ယာဉ်တွေ နေ့စဉ်အသုံးပြုနိုင်တယ်လို့ ဆိုထားသော်လည်း လက်တွေ့တွင် ရုံးဌာနအကြီးအကဲများ၏ ထောက်ခံချက်ဖြင့် မိမိတို့ကုမ္ပဏီလုပ်ငန်းကိစ္စရပ်များ အသုံးပြုခြင်း၊ သက်ဆိုင်ရာ ကျောင်းထောက်ခံချက်ဖြင့် ကျောင်းသားမိဘများမှ ကလေးအား ကျောင်းအကြိုအပို့ပြုလုပ်ခြင်းများတွင် အသုံးပြု၍ မရဘဲ ဖမ်းဆီးခံရခြင်း များလည်း ရှိနေသည်။

အစောပိုင်းကနဦးထွက်ရှိသောသတင်းတွင် စုံ၊မ စနစ်ဖောက်ဖျက်ပါက ထောင်ဒဏ် တစ်လ အထိ ကျခံရနိုင်သည်ဟု ပါရှိပြီးနောက်ပိုင်းတွင် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ - ၉၆ ဖြင့် ငွေဒဏ် အရေးယူ မှုများရှိနေသည့်အတွက် အများပြည်သူအနေဖြင့် ကြီးစွာသော အခက်အခဲဖြင့် ရင်ဆိုင်နေကြရခြင်းလည်း ဖြစ်သည်။

" စုံ၊မစနစ်က ပယ်ဖျက်ပေးသင့်ပါပြီ။ ဆီပြဿနာကြောင့် ဒီလိုတွေထုတ်ပြန်ရတယ်ဆိုပေမဲ့ အခု ဆီပြဿနာက ပြေလည်နေပြီလို့ ပြောရပါမယ်။ သူ့ Quota နဲ့ သူ ထုတ်ရတယ်။ ဒီကာလမှာ ဘယ်သူမှ မလို အပ်ဘဲ ကားမသုံးကြဘူး။ နေ့စဉ်ဘဝရုန်းကန်မှုအတွက် ကားမဖြစ်မနေသုံးရမယ့် သူတွေအတွက် ဒီစနစ်က ဖိစီးမှုဖြစ်တယ်။ ထုတ်ပြန်ထားတဲ့ မူဝါဒကပဲ မရှင်းတာလား။ဌာနစုံနဲ့ ဖမ်းဆီးတဲ့အခါမျိုးမှာဆိုရင် တစ်နေရာနဲ့ တစ်နေရာ မတူတာတွေ တွေ့ရတယ်။ ကျွန်တော်ဆိုရင် အလုပ်အရေးကြီးလို့ သွားရတဲ့ အချိန်မှာ ကိုယ့်ရုံးနား တင် အဖမ်းခံရတယ်။ ကိုယ့်ရဲ့ တာဝန်၊အလုပ်နဲ့ ဘာကြောင့် မဖြစ်မနေသုံးရလဲဆိုတာ ရှင်းပြပေမယ့်လည်း မရဘူး။ တချို့မြို့နယ် ထွေအုပ်တွေက အလုပ်ဌာနတွေ၊ ကုမ္ပဏီတွေက ကားတွေကို ထောက်ခံပေးထား တာတွေရှိတယ်။ သူတို့ဆိုရင် အဖမ်းမခံရဘူး။ ဒါကို ကျွန်တော့်မြို့နယ်က ထွေအုပ်တာဝန်ရှိသူကို ပြောပြတော့ ထောက်ခံချက်လမ်းညွှန်ချက်မျိုး မရသလိုလို နားမလည်သလိုလိုပြောပြီး သူ့အနေနဲ့ ကျတော့ ထောက်ခံပေးလို့ မရဘူးဆိုပြီးတော့ပြောတယ်။ အဲဒီတော့ ဒါကို ကြည့်ရင် တစ်နေရာနဲ့ တစ်နေရာ မတူဘူးဖြစ်နေတယ်။ ဒါဆိုရင် တချို့ထောက်ခံချက်တွေ ဘယ်လိုရကြသလဲ။ ဒီစနစ်ကို အကြောင်းပြုပြီးတော့ နောက်ဆက်တွဲ အဂတိ ဘယ်လောက်ဖြစ်နိုင်သလဲဆိုတာကိုပါ ထည့်တွက်ရတော့မယ်။ ကျွန်တော်တို့လိုကျောင်းသားမိဘတွေ ဆိုရင် လည်း စုံ၊မ ရှိလို့ ကျောင်းကားကို ပိုသုံးရတော့မယ်။ ကျောင်းကားခ ဈေးနှုန်းတွေက တချို့ကျောင်းတွေ ၆ သိန်းကျော်ရှိတယ်။ အနည်းဆုံး လာမယ့်နှစ်မှာ ရာခိုင်နှုန်း ၃၀၊၄၀ လောက် တက်သွားပြီး တချို့တွေ နှစ်ဆ၊ သုံးဆ တက်သွားဖွယ် ရှိနေတယ်။ ဒါ့ကြောင့် ကျောင်းဖွင့်ချိန်မှာ မိဘပြည်သူတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်ဖို့ တာဝန်ရှိ သူတွေအနေနဲ့ ချင့်ချိန်ပေးသင့်ပါတယ်။တကယ်လို့ စုံ၊မ စနစ် ဆက်ရှိနေမယ်ဆိုရင်တောင် ကျောင်းသားမိဘ ပြည်သူတွေ အခက်အခဲမဖြစ်အောင် ကျောင်းအကြို၊အပို့အတွက် စနစ်တကျ ထောက်ခံပေးတဲ့ Car Pass မျိုးတွေခွင့်ပြုပေးသင့်ပါတယ်။  ပြည်သူများအပေါ် အခက်အခဲ၊ အကျပ်အတည်းဖြစ်စေတဲ့ စုံ၊မ စနစ်လိုမျိုးဟာ တွေကို ပြန်လည်သုံးသပ် ပြင်ဆင်သင့်ပါတယ်”  ဟု Eleven Media Group အယ်ဒီတာချုပ် ကိုကျော်ဇော လင်းက ပြောကြားသည်။

Most Read

Most Recent