ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ၂၀၁၉ Ballon d'Or ဆုကို စံချိန်တင်(၆) ကြိမ်မြောက်အဖြစ် ဆွတ်ခူးရရှိရန် သေချာသွားခဲ့ပြီဟု စပိန်မီဒီယာများက အတိအလင်း ရေးသားလျက်ရှိသည်။
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ၂၀၁၉ Ballon d'Or ဆုကို စံချိန်တင်(၆) ကြိမ်မြောက်အဖြစ် ဆွတ်ခူးရရှိရန် သေချာသွားခဲ့ပြီဟု စပိန်မီဒီယာများက အတိအလင်း ရေးသားလျက်ရှိသည်။
ယင်းဆုပေးပွဲအခမ်းအနားကို လာမည့်ဒီဇင်ဘာ ၂ ရက်၌ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အောက်တိုဘာလက ဆန်ခါတင် (၃၀) ဦးစာရင်းသာ ထုတ်ပြန်ထားခြင်းဖြစ်သည်။
စပိန်အားကစားသတင်းစာ Mundo Deprtivo က ရေးသားသည့်သတင်းတွင် ယင်းဆုကို ကမကထပြုချီးမြှင့်သည့် ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ယခုနှစ်အတွက် အကောင်းဆုံးဆုကို မက်ဆီ ရရှိကြောင်း သတင်းပို့ရန်အတွက် ဘာစီလိုနာမြို့သို့ သွားရောက်ခဲ့ပြီးဖြစ်သည်ဟု ဖော်ပြခဲ့သည်။
မက်ဆီသည် Ballon d'Or ဆုကို ၂ဝဝ၉ ခုနှစ်က စတင်ဆွတ်ခူးခဲ့ပြီး FIFA နှင့်ပူးပေါင်းပြီးနောက် ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၅ ခုနှစ်များတွင်လည်း ရရှိခဲ့သည်။ ၎င်းအနေဖြင့် ယခုနှစ်အကောင်းဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့လျှင် Ballon d'Or ဆုအဖြစ် ပြန်လည်သီးခြားချီးမြှင့်ပြီးနောက် ပထမဆုံးဆွတ်ခူးနိုင်ခြင်း ဖြစ်လာမည်ဖြစ်သည်။
ယင်းကဲ့သို့ သတင်းများထွက်ပေါ်လာပြီးနောက် လောင်းကစားကုမ္ပဏီများ၏ အလေးပေးချက်များတွင်လည်း မက်ဆီသည် ဗန်ဒိုက်ကိုကျော်ဖြတ်ကာ အပြတ်အသားရေပန်းစားလာကြောင်း သိရသည်။
Skybet ၏ အလေးပေးချက်တွင် မက်ဆီက (၁း၈) လေးဖြင့် ထိပ်ဆုံးတွင်ရှိပြီး ဗန်ဒိုက်က (၉း၂) လေး၊ စီရော်နယ်လ်ဒိုက (၁၆း၁) လေး၊ အယ်လစ်ဆန်နှင့် ဆာလာက (၃၃း၁) လေး၊ မာနေနှင့် ဘာနာဒို ဆေးလ်ဗားက (၄ဝး၁) လေးဖြင့် အသီးသီးရပ် တည်လျက်ရှိသည်။
PSG လူငယ်တိုက်စစ်မှူး ဘာပေက ယခုနှစ်ဆုအတွက် မက်ဆီသာ ထိုက်တန်ကြောင်း မှတ်ချက်ပြုထားသည်။ ယခုနှစ် အဓိကဆုသုံးခုအနက် UEFA အကောင်းဆုံးဆုကို ဗန်ဒိုက်၊ FIFA ၏ The Best ဆုကို မက်ဆီတို့က ဆွတ်ခူးရရှိထားခဲ့သည်။















