ဂါလာတာစာရေး နှင့် ကလပ်ဘရုဂေး (ဗုဒ္ဓဟူးနံနက် ၀၀၂၅ နာရီ)
ပထမအကျော့တုန်းက ဘရုဂေးရဲ့ကွင်းမှာ ဂါလာတာစာရေးက သရေခံကစားခဲ့တယ်။ ခြေစွမ်းချင်း သိပ်မကွာပေမယ့် ဘရုဂေး အနိုင်ရခဲ့သင့်တဲ့ပွဲပါ။ ဒီနှစ်သင်းက အုပ်စုတတိယနေရာလုရမယ့် အသင်းတွေဖြစ်ပြီး ဘရုဂေးကတော့ ဒုတိယနေရာအတွက်လည်း အလွန်သေးငယ်တဲ့ မျှော်လင့်ချက်ရှိတယ်။ ဒါပေမဲ့ ဖြစ်လာဖို့ တော်တော်လေးခက်ခဲပြီး လက်တွေ့ကျတဲ့အလုပ်ကတော့ ဂါလာတာစာရေးကို ကျော်နိုင်ဖို့ပါ။ နောက်ဆုံးပွဲက နှစ်သင်းစလုံးအတွက် ခက်ခဲမယ့် အခြေအနေမှာ ဒီပွဲမှာ အနိုင်ရတဲ့အသင်းက ယူရိုပါလိဂ်ဝင်ခွင့်အတွက် အားကောင်းသွားနိုင်ပါတယ်။ အဝေးကွင်းဖြစ်ပေမယ့် ခြေစွမ်းပိုကောင်းတဲ့ ဘရုဂေးကို ကြိုက်တယ်။
လိုကိုမိုးတစ်မော်စကို နှင့် လေဗာကူဆင် (ဗုဒ္ဓဟူးနံနက် ဝဝး၂၅ နာရီ)
လိုကိုမိုးတစ်နဲ့ လေဗာကူဆင်တို့က နောက်ဆုံးပွဲမှာ အက်သလက်တီကို၊ ဂျူဗင်တပ်စ်တို့နဲ့ ကစားရမှာဖြစ်ပြီး ဒီပွဲက ယူရိုပါလိဂ်ဝင်ခွင့်အတွက် အရေးပါတယ်။ နှစ်သင်းစလုံး (၃)မှတ်စီယူထားနိုင်တာတွေ့ရတယ်။ အသင်းကြီးတွေနဲ့ ကစားတဲ့ပွဲတွေမှာ လေဗာကူဆင်က ပိုကောင်းအောင် တုံ့ပြန်နိုင်ခဲ့ပေမယ့် လိုကိုမိုးတစ်ရထားတဲ့ (၃)မှတ်က ပထမအကျော့တုန်းက လေဗာကူဆင်ကွင်းမှာ အနိုင်ရထားတဲ့ အမှတ်တွေဖြစ်တယ်။ ဂျူဗင်တပ်စ်နဲ့ နှစ်ပွဲမှာ ကစားခဲ့တဲ့ ခြေစွမ်းအရလည်း လိုကိုမိုးတစ်က လေဗာကူဆင်ကို စိုးရိမ်နေမှာမဟုတ်ဘူး။ အိမ်ကွင်းလည်း ဖြစ်နေတဲ့အတွက် လေဗာကူဆင်ရဲ့အုပ်စုတတိယနေရာမျှော်လင့်ချက်က ဒီပွဲမှာ ပျက်စီးသွားနိုင်တယ်။

မန်စီးတီး နှင့် ရှက်တာဒိုးနက် (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)
ဒီအုပ်စုမှာ မန်စီးတီးက ခေါင်းတစ်လုံးလောက်သာနေပြီး ဒီပွဲပြီးရင် နောက်တစ်ဆင့်တက်ပြီလို့ ပြောလို့ရပါပြီ။ အတ္တလန်တာကလည်း ပြိုင်ပွဲကထွက်ရဖို့ နီးစပ်နေပြီဖြစ်ပြီး ရှက်တာဒိုးနက်နဲ့ ဒိုင်နမိုဇာဂရက်တို့က အုပ်စုဒုတိယနဲ့ တတိယနေရာတွေကို လုရမှာဖြစ်တယ်။ ရှက်တာဒိုးနက်က ပထမအကျော့တုန်းက အိမ်ကွင်းမှာ မန်စီးတီးကို ဂိုးပြတ်ရှုံးခဲ့တဲ့အသင်းဖြစ်ပြီး အခုအဝေးကွင်းမှာ ရင်ဆိုင်ရမှာပိုခက်ပါတယ်။ ဂွါဒီယိုလာနဲ့ မန်စီးတီးက လူစုံမထုတ်ရင်တောင် ဂိုးပြတ်သွင်းဖို့ အမြဲအားထုတ်နေတဲ့အသင်းမျိုးဖြစ်ပြီး မန်စီးတီး (၃-၀)နဲ့အထက်ပဲ။
ရီးယဲလ်မက်ဒရစ် နှင့် PSG (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)
ရီးယဲလ်မက်ဒရစ်က ဒီပွဲနိုင်ရင်တောင် PSG ဆီက အုပ်စုဗိုလ်နေရာကို လုယူနိုင်ဖို့ မလွယ်တော့ဘူး။ ဒါပေမဲ့ ရီးယဲလ်က ဒီပွဲကို အနိုင်ကစားဖို့အတွက် တွန်းအားနှစ်ခုရှိတယ်။ ပထမတစ်ခုက ပထမအကျော့တုန်းက PSG ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့တာကို လက်စားချေဖို့ဖြစ်ပြီး ဒုတိယအချက်ကတော့ ဒီပွဲမှာ အရှုံး၊ သရေ ဆိုတဲ့ ရလဒ်တွေထွက်ပေါ် ခဲ့ရင် ဘရုဂေးက အုပ်စုဒုတိယနေရာအတွက် ခြိမ်းခြောက်လာနိုင်ခြေရှိနေတာဖြစ်တယ်။ ဘရုဂေးသာ ဂါလာတာစာရေးကို အဝေးကွင်းမှာ နိုင်ခဲ့ပြီး ရီးယဲလ်က PSG ကို မနိုင်ခဲ့ရင် ဘရုဂေးကွင်းမှာ အုပ်စုဒုတိယနေရာအတွက် လုရတော့မယ့် အခြေအနေဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်အုပ်စုအစောပိုင်းပွဲတွေမှာ ကစားခဲ့တဲ့ပုံစံထက် လက်ရှိ ရီးယဲလ်က ပိုကောင်းနေပါပြီ။ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းရော၊ ယုံကြည်မှုပါ မြင့်တက်လာခဲ့သလို၊ အသင်းလိုက် Rhythm ပြန်မှန်လာတာကိုလည်း တွေ့ရတယ်။ ပထမအကျော့တုန်းက ဂိုးပြတ်ရှုံးခဲ့တာက တစ်ပိုင်းဖြစ်ပြီး ရီးယဲလ်ရဲ့လူအင်အားနဲ့ ခြေစွမ်းက PSG ကို ပြန်အနိုင်ယူဖို့အတွက် အရမ်းခက်ခဲနေတာမျိုး တော့ မဟုတ်ဘူး။ PSG ရဲ့လက်ရှိခြေစွမ်းပို်င်းကလည်း အားနည်းလာလို့ ရီးယဲလ်နိုင်မယ်။ (၂-၁၊ ၃-၁)ဖြစ်မယ်။
စပါး နှင့် အိုလံပီယာကော့စ် (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)
မော်ရင်ဟိုနဲ့ စပါးက ဝက်စ်ဟမ်းနဲ့ပွဲမှာ အဖွင့်နိုင်ပွဲရခဲ့ပြီး ဒီပွဲမှာလည်း ဒုတိယမြောက်နိုင်ပွဲကို ရှာရမှာဖြစ်တယ်။ တကယ်တော့ စပါးအတွက် ခြေစစ်ပွဲအောင်ဖို့က သိပ်မခက်တော့ပါဘူး။ နောက်ဆုံးပွဲမှာ ဘိုင်ယန်မြူးနစ်ကွင်းမှာ ကစားရဖို့ ကျန်နေသေးတယ်ဆိုပေမယ့် ဒီပွဲမှာ သရေလောက်ကစားလိုက်ရင်ပဲ အုပ်စုကတက်ဖို့ သေချာသလောက်ရှိနေပါပြီ။ ပထမအကျော့တုန်းက အိုလံပီယာကော့စ်ကွင်းမှာ နှစ်ဂိုးသွင်းပြီးမှ နှစ်ဂိုးပြန်ပေးခဲ့ရပေမယ့် ဒီလိုအမှားမျိုးကို အိမ်ကွင်းမှာ စပါးကျူးလွန်လိမ့်မယ် မထင်ဘူး။ မော်ရင်ဟိုရဲ့အိမ်ကွင်းအဖွင့်ပွဲမှာ ဂိုးပြတ်သွင်းမယ်။

ဂျူဗင်တပ်စ် နှင့် အက်သလက်တီကို (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)
အက်သလက်တီကိုကွင်းမှာတုန်းက ဂျူဗင်တပ်စ်က နိုင်ပွဲရဖို့ နီးစပ်ပြီးမှ သရေကျခဲ့တာနစ်နာပါတယ်။ ဒီပွဲမှာတော့ အိမ်ကွင်းမှာ မရှုံးရုံနဲ့ ဂျူဗင်တပ်စ် အုပ်စုဗိုလ်နေရာရဖို့ တော်တော်နီးစပ်သွားပြီလို့ ဆိုရမယ်။ အက်သလက်တီကိုကနိုင်မှစိတ်ချရမယ် ဆိုပေမယ့် သရေဆိုရင်ကျေနပ်ရမှာပါ။ သရေကျဖို့များတယ်။
ဇဗက်ဒါ နှင့် ဘိုင်ယန်မြူးနစ် (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)
ဇဗက်ဒါက အသင်းကောင်းတစ်သင်းဆိုပေမယ့် အသင်းကြီးတွေကို ယှဉ်ကစားဖို့အတွက်ကတော့ လိုအပ်ချက်တွေရှိနေပါသေးတယ်။ အိမ်ကွင်းမှာ ကစားရမယ်ဆိုပေမယ့် ဘိုင်ယန်မြူးနစ်က ကွင်းရွေးတဲ့အသင်းမျိုးမဟုတ်သလို၊ အသင်းငယ်တွေကို အနိုင်ကစားဖို့အတွက် စိတ်ချရတဲ့အသင်းထဲမှာပါတယ်။ ဒီပွဲအပါအဝင် လက်ကျန်နှစ်ပွဲစလုံးနိုင်ပြီး စပါးကလည်း နှစ်ပွဲဆက်ရှုံးခဲ့ရင် ကျော်တက်နိုင်မှာဖြစ်ပေမယ့် ဒီလောက်အထိ ဖြစ်သွားစရာမရှိဘူး။ ဇဗက်ဒါ အားထည့်ရမယ့်ပွဲက အိုလံပီယာကော့စ်နဲ့ နောက်ဆုံးပွဲဖြစ်တယ်။ ဒီပွဲကတော့ဘိုင်ယန်ပွဲပါပဲ။
အတ္တလန်တာ နှင့် ဒိုင်နမိုဇာဂရက် (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)
အတ္တလန်တာအတွက် မျှော်လင့်ချက်အရမ်းနည်းနေတာမှန်ပေမယ့် ဒီပွဲကိုသာ အနိုင်ကစားခဲ့ရင် နောက်ဆုံးပွဲစဉ်မှာ (၅) မှတ်နှစ်သင်းနောက်ကနေ (၄)မှတ်နဲ့ ကပ်လိုက်တာမျိုးဖြစ်သွားနိုင်တယ်။ အရေးကြီးတာ ဒီပွဲအနိုင်ကစားဖို့ဖြစ်ပြီး မန်စီးတီးသာ လက်ကျန်နှစ်ပွဲစလုံးကို အနိုင်ကစားခဲ့ရင် အတ္တလန်တာက နောက်ဆုံးပွဲမှာ အနိုင်ယူပြီး အုပ်စုဒုတိယနေရာကို ပြန်တက်လာနိုင်တယ်။ ပြီးခဲ့တဲ့ပွဲစဉ်တောက်လျှောက်မှာ စိတ်ပျက်စရာခံစစ်နဲ့ ဂိုးတွေအများကြီးပေးခဲ့ရပေမယ့် ဒီပွဲကိုတော့ အတ္တလန်တာ အဖတ်ပြန်ဆယ်ပါလိမ့်မယ်။ (၂-၁)လောက်ဖြစ်မယ်။















