မြိတ်မြို့တွင် ငါးလေလံစျေး အများအပြားဖွင့်ရန် စီစဉ်နေမှုပြည်သူ့ဘဏ္ဍာ ဖြုန်းတီးရာကျပြီး လက်ရှိအနေထားအရ ငါးစျေးကွက် ခိုင်မာအောင် တည်ဆောက်ရန်လိုအပ်ကြောင်း စောင့်ကြည့် လေလာနေသူများက ပြောကြားခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် ငါးများကို အိမ်နီးချင်းထိုင်းနိုင်ငံသို့ အားလုံးနီးပါး သွားရောက်ရောင်းချနေရပြီး ငါးစျေးကွက်ကြီးမှာလည်း ထိုင်းနိုင်ငံတွင် ရောက်ရှိနေကြောင်း သိရသည်။ လက်ရှိအနေထားတွင် မြိတ်မြို့တွင်ရှိသည့် မြန်မာအ ပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးတွင် ပိုက်လှေငယ်များမှရရှိသည့် ငါးများကို ညငါးစျေး အဖြစ် စတင်လည်ပတ်နေပြီဖြစ်ရာ အစိုးရ အနေဖြင့် နိုင်ငံတော်ဘဏ္ဍာဖြုန်းတီးမည့် နောက်ထပ် ငါးစျေးများ တည်ဆောက်ရန် ကြိုးစားနေမည့်အစား လက်ရှိငါးစျေး ကို သာ ကူညီဆောင်ရွက်ပေးရန်လိုအပ်နေကြောင်း သိရသည်။
“ငါးဖမ်းလှေအားလုံးကိုကျွန်တော်တို့ မြိတ်မြို့မှာပဲ ဝင်ရောက်ရောင်းချမယ်ဆို တာမျိုး အစီအစဉ်ပေါ့။ ဥပမာ-ရနှောင်းမြို့ လိုမျိုးပေါ့။ အဲဒီအစီအစဉ်ရှိရင် ငါးစျေးတွေ အများကြီးဖြစ်သွားအောင် လုပ်လို့ရတယ်။လုပ်လည်းလုပ်ရမယ့် လုပ်ငန်းစဉ်မျိုးဖြစ် တယ်။ မဟာဗျူဟာလည်းကျတယ်။ ဒါပေမဲ့ အခုလက်ရှိ အခြေအနေအရ ငါးဖမ်းရာသီမှာ တနင်္သာရီတိုင်းဒေသကြီးမှာရှိတဲ့ ငါးလှေတွေရဲ့ ရာခိုင်နှုန်း ၃၀ က ထားဝယ်မြို့ကနေ သွားထွက်နေကြတယ်။ ရာခိုင်နှုန်း ၄၀ ကကော့သောင်းကနေ သွားထွက်နေကြတယ်။ ဆိုလိုချင်တာက ဒီဒေသမှာ လာရောက်ရောင်းချတဲ့ လှေအစီးရေတွေက မျှော်မှန်းထားသလောက် မများတာတွေ့ရတယ်။ အဲဒီအချိန်မှာ ငါးစျေးတွေအများကြီး ဆောက်ဖို့လုပ်နေတာဟာ နိုင်ငံတော်ဘဏ္ဍာ ကို အလဟသဖြစ်စေပြီး မဟာဗျူဟာမြောက်တဲ့ လုပ်ဆောင်ချက်မဟုတ်ဘူးလို့ မြင်ပါတယ်။ လက်ရှိငါးစျေးကို ဒီထက်ပိုပြီး ကောင်းမွန်အောင် ရေမီးအဆင်ပြေလား အဆင်ပြေအောင် ဘယ်လိုစိစဉ်ပေးမလဲ လုပ်ငန်းစဉ်ဖြစ်မြောက်အောက် လာရောက် ရောင်းချနေသူတွေကို အခွန်နှုန်းထားတောင် မှ လျော့ချပြီး ဆွဲဆောင်သွားရမှာပါ။ ကျွန်တော်သာဆိုရင် အဲဒီအတိုင်းလုပ်သွားမယ် ဒီလ ၂၂ ရက်နှင့် ၂၃ ရက်မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လာပြီး စီးပွားရေးဖိုရမ် လုပ်သွားမယ်လို့ သိရတယ်။ အဲဒီဖိုရမ်မတိုင် မီမှာ ကျွန်တော်တို့ဒေသရဲ့ ရေလုပ်ငန်းရုပ်ပြ ကောင်းမွန်ဖို့ အားလုံးလည်း လာရောက် လေ့လာနိုင်တဲ့ အခြေအနေဖြစ်သွားအောင် တိုးတက်အောင် အခွန်လျှော့ချပြီး လိုအပ်တဲ့ အပြင်အဆင်တွေကို ကူညီလုပ်ဆောင် ပေးခြင်းအားဖြင့် ငါးစျေးကွက်တစ်ခုဖြစ်ပေါ်အောင် လုပ်ဆောင်ပေးသင့်ပါတယ်”လို့ တနင်္သာရီတိုင်းဒေသကြီး ရေလုပ်ငန်းမိတ် ဖက်အဖွဲ့မှ ဦးတင်ကိုကိုဦးက ပြောကြားခဲ့သည်။
ငါးလေလံစျေးအသစ်များ ထပ်မံဖွင့်လှစ်ရန် မြိတ်မြို့ ရေနံမြေရှိ တောဆိပ်နေရာများတွင် လိုက်လံကြည့်ရှုနေသလို လာမည့်ဘဏ္ဍာနှစ်တွင် လုပ်ဆောင်မည့်အရိပ်အယောင်များကို တာဝန်ရှိသူများက ပြောကြားခဲ့သည်။
“အခုလက်ရှိ ၂၀၁၉-၂၀ ဘဏ္ဍာရေး နှစ်အတွက် ရေးဆွဲထားတာကလည်း ၂၀၁၈-၂၀၁၉ မှာ ရေးဆွဲခဲ့တဲ့ ဘတ်ဂျက်နှင့် အကောင်ထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်တယ်။ လာမယ့်နှစ်မှာ ငါးစျေးလုပ်မယ်ဆို တာတွေက အခုလောလောဆယ် ဘတ်ဂျက်ရေးဆွဲရတာ မရှိသေးဘူး။ ဒီအလုပ်မှမဟုတ်ဘူး။ တစ်မြို့လုံးမှာရှိတဲ့ တခြားရေပေးဝေ ရေး၊ လမ်းတံတားအတွက် ဘတ်ဂျက်ရေး ဆွဲတဲ့ကာလဖြစ်တာ မဟုတ်သေးတဲ့အတွက် ရေးဆွဲခြင်းမရှိသေးဘူး။ ဒီလုပ်ငန်းတွေနှင့် ပတ်သက်ပြီး ရေးဆွဲပြီဆိုရင် ကျွန်တော်တို့ ပုလဲရတနာခန်းမမှာ ရှင်းလင်းပြောဆိုပြသမှာပါ။ အခုချိန်မှာ မရေးဆွဲရသေးဘူး။ မျှော်မှန်းထားတာတော့ ရှိမှာပေါ့။ အခုနက မေးတဲ့မေးခွန်းလို ဘယ်နေရာမှာ လုပ်မှာပဲ။ ငွေက ဘယ်လောက်ကုန်မှာ ဘယ်တော့ပြီးမှာ လဲဆိုတဲ့ မေးခွန်းကို လတ်တလောမှာ ကျွန်တော်ဖြေလို့မရသေးဘူး”လို့ မြိတ်မြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးကြည်စိုးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ငါးစျေးကွက်မရှိသည့် အတွက် တိုင်းပြည်တွင် အခွန်အခများစွာ ဆုံးရှုံးနေပြီး အလုပ်အကိုင်အခွင့်အလန်း များလည်း ဖန်တီးပေးနိုင်ခြင်းမရှိ ဖြစ်နေကြောင်း သိရသည်။ အစိုးရအနေဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကိုများ ဖိတ်ခေါ်နေပြီး မြိတ်မြို့တွင် Investment Forum ကျင်းပရန် ရှိနေသော်လည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပါဝင်သော မြန်မာအပြည်ပြည်ဆိုင်ရာ ငါးလေလံစျေး၏ ရင်းနှီးမြှုပ်နှံမှုငွေများကို ပြည်တွင်းသို့ လွဲပြောင်းရန်ကိစ္စကိုပင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့် အနေအထားဖြစ်ကြောင်း သိရသည်။















