ရိုဟင်ဂျာစကားရပ်အပေါ် အငြင်းပွားနေချိန် ယင်းကိစ္စရပ်အား အဓိကပြဿနာအဖြစ် ရှေ့တန်းတင်လာမှုကြောင့် မြန်မာလူထု၏စိတ်နှလုံးကို ကုလသမဂ္ဂအနေဖြင့် ဆုံးရှုံးနေပြီဟု NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ရိုဟင်ဂျာစကားရပ်အပေါ် အငြင်းပွားနေချိန် ယင်းကိစ္စရပ်အား အဓိကပြဿနာအဖြစ် ရှေ့တန်းတင်လာမှုကြောင့် မြန်မာလူထု၏စိတ်နှလုံးကို ကုလသမဂ္ဂအနေဖြင့် ဆုံးရှုံးနေပြီဟု NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 20 October 2019
ဉာဏ်လင်းထွန်း

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာစကားရပ် နှင့်ပတ်သက်၍ အငြင်းပွားနေချိန် ယင်းကိစ္စရပ်ကို အဓိကပြဿနာအဖြစ် ရှေ့တန်းတင်လာမှုကြောင့် မြန်မာလူထု၏ စိတ်နှလုံးကို ကုလသမဂ္ဂအနေဖြင့် ဆုံးရှုံးနေပြီဟု ယူဆကြောင်း NLD ပါတီဝင် ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံး ကေသီနိုင်က ပြောကြားသည်။

‘မြန်မာ့အရေးမှာ ကုလသမဂ္ဂကို ဘယ်လောက် အရေးထားသင့်လဲ’ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သည့် DVB Debate အစီအစဉ်တွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“၁၉၉၆ ခုနှစ် နောက်ပိုင်းမှာ ရိုဟင်ဂျာဆိုပြီးတော့မှ ဒီအရေးကိစ္စကို ကုလသမဂ္ဂက ပိုပြီးတော့ ရှေ့တန်းတင်လာတယ်။ အဲဒီအခါကျတော့  မြန်မာပြည်သူလူထုအနေနဲ့က ဒီစကားလုံးကိုတောင်မှ ကျွန်မတို့မှာ အ ငြင်းပွားဖွယ်ရာ အများကြီးရှိနေတဲ့အချိန်မျိုး မှာ ဒါကို အဓိကပြဿနာအနေနဲ့ ရှေ့တန်း တင်လာတဲ့အခါကျတော့ မြန်မာပြည်သူလူထုရဲ့ စိတ်နှလုံးသားကို ကုလသမဂ္ဂက အထိုက် အလျောက် ဆုံးရှုံးနေပြီလို့ ကျွန်မကတော့ ဒီလိုမြင်ပါတယ်” ဟု ဒေါ်ပြုံးကေသီနိုင်က ပြောကြားသည်။

ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုနှင့် ဆက်စပ်သည့် စီမံ ကိန်းများ ဆောင်ရွက်လျက်ရှိသော်လည်း အမှန်တကယ် ဖွံ့ဖြိုးတိုးတက်စေသည့် စီမံကိန်း ကြီးကြီးမားမားမရှိကြောင်း ၎င်းက ဆိုသည်။

“မြန်မာပြည်သူလူထုအနေနဲ့ ကျွန်မမြင်တာ ကုလသမဂ္ဂအပေါ်မှာ တကယ်အရေးကြီးတဲ့အချိန်တွေမှာ အားကိုးရလောက်တယ်လို့တော့ ခံစားရမယ်လို့ ကျွန်မတော့ မထင်ဘူး။ သို့သော် တစ်ဖက်မှာလည်း ကုလ သမဂ္ဂလို အဖွဲ့အစည်းကတော့ နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍမှာ အရေးပါနေဆဲလည်း ဖြစ်ပါတယ်” ဟု ဒေါ်ပြုံးကေသီနိုင်က ပြောကြားသည်။

DVB Debate အစီအစဉ်တွင် ၎င်းနှင့်အတူ သေနင်္ဂအင်စတီကျုဒါရိုက်တာ  ဒေါက်တာနိုင်ဆွေဦး၊ မြန်မာ့အရေးလေ့လာရေးအဖွဲ့မှ အကြီးတန်းသုတေသီ ဦးအေးမောင်ကျော်နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးဌာနမှ ကထိက ဦးလှိုင်တင့်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအများအပြား နေရပ်စွန့်ခွာရမှုအပေါ် စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂက ဖွဲ့စည်းခဲ့သည့် အချက်အလက်ရှာရေးအဖွဲ့ (FFM) ၊ စုံစမ်းစစ်ဆေးရေး ယန္တရား (IIM) စသည်တို့ကို မြန်မာအစိုးရက အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ ၎င်းတို့ တင်သွင်းသည့် အစီရင်ခံစာ များကိုလည်း ကန့်ကွက်ပယ်ချခြင်းများ ပြုလုပ်ထားသည်။

နိုင်ငံတကာ တည်ငြိမ်ရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတစ်ခုနှင့် တစ်ခုကြား ခင်မင်ချစ်ကြည်ရေး စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကုလသမဂ္ဂကို စတင်ဖွဲ့ စည်းခဲ့သော်လည်း ယခုနောက်ပိုင်းနှစ်များ တွင် ကုလသမဂ္ဂ၏ ရပ်တည်ချက်အပေါ် မေးခွန်းထုတ်မှုများ ရှိလာခဲ့သည်ဟု ဒေါက်တာနိုင်ဆွေဦးက ပြောကြားသည်။

ကုလသမဂ္ဂအနေဖြင့် FFM ၊ IIM စသည်တို့ကို ဖွဲ့စည်းဆောင်ရွက်ခြင်းက နိုင်ငံတကာ လူ့အခွင့်အရေးကို အကြောင်းပြ ပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေးခြင်းဖြစ် ကြောင်း၊ သို့သော် မြန်မာနိုင်ငံက အဆိုပါ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလည်း မရှိ၊ အသိအမှတ်ပြုခြင်းလည်း မရှိသည့် အနေအထားကြောင့် အဆိုပါအဖွဲ့များအ နေဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်မှ တစ်ဖက် သတ်အချက်အလက်များရရှိပြီး အစီရင်ခံ စာတင်သွင်းခဲ့ခြင်းက မြန်မာနိုင်ငံအနေဖြင့် တစ်စုံတစ်ရာနစ်နာခဲ့ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာ့အရေးလေ့လာရေးအဖွဲ့မှ အကြီး တန်းသုတေသီ ဦးအေးမောင်ကျော်က  “ကုလသမဂ္ဂက နိုင်ငံကြီးတွေရဲ့ နိုင်ငံရေးကစားတဲ့ နေရာတစ်ခုတော့ဖြစ်တာ အမှန်ပဲ။ ဒါပေမဲ့ လို့ အားကောင်းချက်တွေလည်း အများကြီးရှိ တယ်။ ဘာဖြစ်လို့လဲဆိုတော့ လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်တယ်။ သို့သော်လည်း ဗီတို အာဏာကျတော့ အားလုံးကို ညီတူညီမျှပေး ထားတယ်။ အဲဒီကိစ္စက ကုလသမဂ္ဂမှာ တော်တော်အရေးကြီးတယ်။ ဗီတိုက ခုနပြောသ လိုပေါ့။ အမေရိကန်ပြောတိုင်း မဲခွဲပြီး ဆုံး ဖြတ်လို့မရဘူး။ တရုတ်လည်း ဗီတိုသုံးနိုင်တယ်။ ရုရှားလည်း ဗီတိုသုံးနိုင်တယ်။ ဆိုတော့ အင်အားကို အဲဒီနည်းနဲ့ ပြန်ညှိပေး တာ ကမ္ဘာကြီးကို။ အဲဒီလို ထိပ်ဆုံးငါးနိုင်ငံ၊ ခြောက်နိုင်ငံမှာ ဒီလိုမဲနဲ့သာ ဆုံးဖြတ်ရင် မြန်မာနိုင်ငံဆိုရင် ကော့နေအောင် ခံရမယ့် ကိစ္စတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ခုန ဗီတိုက ကျွန်တော်တို့ကို တစ်ဖက်က ပြော မယ်ဆိုရင် ပြန်ကယ်တာပေါ့” ဟု ပြောကြား သည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းက ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မဲတစ်မဲသာ ပေးနိုင်သည့် သာတူညီမျှအခွင့်အရေးရှိသော်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ကောင်စီအဖွဲ့ဝင်နိုင်ငံများ၏ ဆုံးဖြတ်ချက်က အဓိကကျသွားကြောင်း ဦးလှိုင်တင့်က ပြောကြားသည်။

လုံခြုံရေးကောင်စီ လိုအပ်တယ်။ မလို အပ်ဘူးတော့ မပြောပါဘူး။ သို့သော် နိုင်ငံငယ်လေးတွေအတွက် အဲဒီလိုလုံခြုံရေး ကောင်စီကို အားကိုးရတဲ့ အခြေအနေ ဖြစ်လာတဲ့အခါ ဥပမာ ကျွန်တော်တို့ နိုင်ငံအနေ နဲ့ဆိုရင်ပဲ တချို့ကိစ္စတွေမှာ တရုတ်နဲ့ ရုရှား ရဲ့အကူညီကို လုံခြုံရေးကောင်စီမှာ သွားသွားယူနေရတယ်။ အဲဒီယူခြင်းရဲ့ နောက် ဆက်တွဲမှာ ကျွန်တော်တို့ ပြည်တွင်းရေးနဲ့ နိုင်ငံတကာအရေးကို အမြဲတမ်းချိတ်ဆက် ပြီး စဉ်းစားလာရတယ်။ ကုလသမဂ္ဂအနေနဲ့ ကလည်းပဲ နိုင်ငံတစ်နိုင်ငံနဲ့ပတ်သက်ပြီး တော့ စဉ်းစားဆုံးဖြတ်တဲ့အခါမှာ အဲဒီနိုင်ငံရဲ့ ပြည်တွင်းရေး၊ အဲဒီနိုင်ငံရဲ့ အစိုးရ၊ ဆိုလို တာက အမေရိကန်လိုလားတဲ့ အစိုးရလား၊ တရုတ်လိုလားတဲ့ အစိုးရလားဆိုတဲ့အပေါ် မှာ မူတည်ပြီးတော့ လုံခြုံရေးကောင်စီက ဆုံးဖြတ်တာမျိုး ဖြစ်နေတယ်။ ဒါကြောင့်မို့ အဲဒီတန်ဖိုးထားမှုကတော့ ကွာသွားတယ်လို့ ပြောလို့ရတယ်” ဟု ဦးလှိုင်တင့်က ပြောကြားသည်။

 

 

 

Most Read

Most Recent