ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Bumrungrad International ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသော မြိုင်ကြီးငူကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္ဒသုဇနသည် အောက်တိုဘာ ၁၃ ရက် ညပိုင်း ထိုင်းစံတော်ချိန် ၉ နာရီ ၀၁ မိနစ်၊ မြန်မာစံတော်ချိန် ၈ နာရီ ၃၆ မိနစ်အချိန်တွင် ပျံလွန်တော်မူခဲ့သည့်အတွက် ဆရာတော်၏ ရုပ်ကလပ်တော်အား မဲဆောက်-မြဝတီလမ်းမှတဆင့် မြိုင်ကြီးငူသို့ ပင့်ဆောင်ခဲ့ကြောင်း သိရသည်။
ဆရာတော်၏ ရုပ်ကလပ်တော်အား အောက်တိုဘာ ၁၄ ရက် နံနက် ၅းဝ၀ နာရီတွင် ဘန်ကောက်မှတစ်ဆင့် မြဝတီမြို့ နယ်စပ်ဂိတ်သို့ ပင့်ဆောင်လာခဲ့ပြီး နံနက် ၁၁ နာရီခွဲအချိန်တွင် ချစ်ကြည်ရေးတံတား အမှတ်(၁) သို့ ရောက်ရှိပြီး ဖူးမြော်ကြည်ညို ပူဇော်ကန်တော့ရန် မြဝတီမြို့နယ် သာသနာရေးမှူး အပါအဝင် နိုင်ငံရေးပါတီများ၊ ဘာသာရေး အသင်းအဖွဲ့များမှ ဦးဆောင်ကာ ယောဂီဝတ်ရွတ် အသင်းသူ/သားများဖြင့် ချစ်ကြည်ရေးတံတား အမှတ် (၁) ထိပ်မှ စတင် မြဝတီမြို့အတွင်းသို့ ပင့်ဆောင်အပူဇော်ခံခဲ့သည်။
ထို့နောက် ဆရာတော်၏ ရုပ်ကလပ်တော်အား မြိုင်ကြီးငူဒေသသို့ ပြန်လည် ပို့ဆောင်ရာတွင် ဆရာတော်ကြီး၏ သာသနာပြု နောက်ဆုံးခရီးစဉ်အဖြစ် အနယ်နယ်အရပ်ရပ်မှ ဒါယိကာ ဒါယိကာမများနှင့် ဒေသခံများ အများအပြား လိုက်ပါ ပို့ဆောင်ကြမည် ဖြစ်ကြောင်း သိရသည်။
မြိုင်ကြီးငူ ဆရာတော်ဘုရားကြီ၏ အန္တိမစျာပန အခမ်းအနားကို ဆရာတော်ဘုရား မွေးရက်ဖြစ်သည့် သောကြာနေ့ မကျော်လွန်မီ အပြီးဆောင်ရွက်ရမည် ဖြစ်ကြောင်း မြိုင်ကြီးငူဆရာတော်ဘုရား၏ တပည့်သားလည်းဖြစ် နယ်ခြားစောင့်တပ် ဗဟိုကွပ်ကဲရေးနှင့် အကြံပေးလည်း ဖြစ်သော ဗိုလ်မှူးစိုင်းကျော် ပြောကြားခဲ့သည်။
"ဆရာတော် မိန့်ကြားထားတာကတော့ ကြကြာမထားနဲ့ပေါ့။ လာမယ့် ဆရာတော်ရဲ့ မွေးရက် သောကြာနေ့ မကျော်ခင် အန္တိမ အခမ်းအနား ကျင်းပသွားမှာပါ။ ဆရာတော်ရဲ့ ရုပ်ကလပ်ကိုတော့ ဆရာတော် သီတင်းသုံးတဲ့ နှစ်ထပ် ကျောင်းဆောင်မှာ ထားရှိသွားမှာ ဖြစ်ပါတယ်" ဟု BGF တပ်မှ ဗိုလ်မှူး စိုင်းကျော် ကပြောကြားသည်။
မြိုင်ကြီးငူဆရာတော် ဦးသုဇနသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ နို့ထရွာဇာတိဖြစ်ပြီး စကောကရင်လူမျိုး ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရပြီး ပျံလွန်တော်မူချိန် သက်တော် ၇၁ နှစ် သိက္ခာတော် ၅၁ ဝါရှိပြီး ကရင်ပြည်နယ်အတွင်း၌ သာသနာပြုလုပ်ငန်းများ အများအပြား လုပ်ကိုင်ခဲ့သည့်အတွက် ဆရာတော်ကြီးမှာ အနယ်နယ်အရပ်ရပ်ရှိ ဒါယိကာ၊ ဒါယိကာမ အများအပြား၏ ကြည်ညိုခြင်းခံရသော ဆရာတော်ကြီးတစ်ပါး ဖြစ်သည်။
မြဝတီ ချစ်ကြည်ရေးတံတားသို့ ရောက်ရှိလာမည့် ဆရာတော်ဘုရားကြီအား ကရင်ပြည်နယ်အစိုးရအဖွဲ့ ၊ မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်တင်ဝင်းနှင့် ပအိုဝ် တိုင်းရင်းသားရေးရာဝန်ကြီး ခွန်မျိုးတင့် ၊ မြဝတီမြို့မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ ဒါယိကာ ဒါယိကာမများ ပူဆွေး ဝမ်းနည်း လာရောက် ကြိုဆိုခဲ့ကြသည်။
ဆရာတော်ကြီး၏ အန္တိမစျာပနအား ဒေသခံ ဒကာ ၊ တပည့်သားများရဲ့ ဆန္ဒအတိုင်း အကုန်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မွန်တိုင်းရင်းသားရေးရာနှင့် သာသနာရေးဝန်ကြီး ဦးနိုင်တင်ဝင်း ကပြောကြားခဲ့သည်။
၁၉၉၄ ဒီဇင်ဘာလ နှင့် ၁၉၉၅ တို့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်ခဲ့သည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) ကို ဦးဆောင် လမ်းညွှန်နိုင်ပြီး ကရင်ပြည်နယ်၏ ငြိမ်းချမ်းရေး ဗိသုကာ သာသနာ့အာဇာနည် ပုဂ္ဂိုလ်အဖြစ် လည်းကောင်း ပျောက်ဆုံးနေသော ကရင်စာဖြစ်သည့် “ကြက်ယက်စာ” ကို ပြန်လည် ဖော်ထုတ်နိုင်ခဲ့သည့် ဆရာအဖြစ်လည်းကောင်း ထင်ရှားသည့် ဆရာတော်ကြီးလည်း ဖြစ်သည်။
ထို့ကြောင့် ဆရာတော်၏ ရုပ်ကလပ်အား မြဝတီမှ မြိုင်ကြီးငူ အထူးဒေသသို့ သယ်ဆောင်ရာတွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တို့မှ လက်ဆင့်ကမ်း၍ အနီးကပ် လိုက်ပါ ဆောင်ရွက်ပြီး လမ်းခရီးတစ်လျှောက် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် လမ်းခရီးကြန့်ကြာမှု မရှိစေရေးအတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းများက ရဲတပ်ဖွဲ့ဝင်များက မိတ်ဘက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။















