ရေနံကြွယ်ဝသော အီကွေတိုနီရယ်ဂီနီ နိုင်ငံသမ္မတ၏သားထံမှ သိမ်းဆည်းထားသော တန်ဖိုးကြီးကားများကို စက်တင်ဘာ ၃၀ က ဂျီနီဗာတွင် လေလံတင်ရောင်းချရာ ကမ္ဘာတစ်ဝန်းမှ ကားချစ်သူများက ဒေါ်လာ ၂၇ သန်းကျော်နှင့် ဝယ်ယူခဲ့ကြသည်။
Bonhams လေလံလုပ်ငန်းမှ ရောင်းချခဲ့သော ကား ၂၅ စီးတွင် ၂၀၁၄ မော်ဒယ် Lamborghini Veneno ကား တစ်စီးပါဝင် ပြီး ဒေါ်လာ ၈.၄ သန်းနှင့် ရောင်းထွက်ခဲ့သည်။ ယင်းစူပါကားသည် ကိုးစီးသာ ထုတ် လုပ်ထားသော ကားဖြစ်ပြီး ၂၀၁ မိုင်သာ မောင်းထားရသေးကြောင်းနှင့် ထိုကားသည် တစ်နာရီလျှင် ၂၂၃ မိုင်နှုန်း မောင်းနှင်နိုင်ကြောင်း Bonhams က ပြောကြားခဲ့သည်။
ငွေကြေးခဝါချမှု စုံစမ်းစစ်ဆေးမှု၌ သိမ်းဆည်းခံထားရသော ယင်းကားများကို ရောင်းချမှုသည် ဒေါ်လာ ၁၈.၇ သန်း ရရှိ မည်ဟု လေလံကုမ္ပဏီက ခန့်မှန်းထားပြီး ထိုထက် ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။
အီကွေတိုနီရယ်ဂီနီကို ဆယ်စုနှစ်လေးခုတိုင် အုပ်စိုးခဲ့သော တေဒိုရိုအိုဘီယန်၏ သား တေဒိုရိုအန်ဂီမာ အိုဘီယန်မန်ဂီနှင့် အခြားသူနှစ်ဦးအား ငွေကြေးခဝါချမှု၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားမှုတို့အတွက် စုံစမ်း စစ်ဆေးမှုကို အမှုပိတ်လိုက်ပြီဖြစ်ကြောင်း ဂျီနီဗာ အစိုးရရှေ့နေရုံးက ဖေဖော်ဝါရီလ တွင် ကြေညာခဲ့သည်။
ဆွစ်ဇာလန်အာဏာပိုင်များသည် သမ္မတသားကို ခြစားမှုအတွက် စုံစမ်းစစ်ဆေးခဲ့ပြီး ကားများနှင့် ရွက်လှေတစ်စင်းကို သိမ်းဆည်းရန် ၂၀၁၆ ခုနှစ်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။ ထို့နောက် အမှုစရိတ်များအတွက် ဒေါ်လာ ၁.၄ သန်းပေးရန် အီကွေတိုနီရယ်က သဘောတူခဲ့ပြီးနောက် သိမ်းဆည်းထားသော ရွက်လှေကို ဆွစ်ဇာလန်က ပြန်ပေးခဲ့သည်။ သို့သော်လည်း ကားများကိုမူ ဆက်လက်ထိန်း သိမ်းထားခဲ့သည်။
သားအိုဘီယန်သည် ပလေးဘွိုင်း လူနေမှုဟန်အတွက် ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားပြုခဲ့ကြောင်း ခြစားမှုတိုက်ဖျက်ရေး အဖွဲ့များက စွပ်စွဲထားသည်မှာ ကြာပြီဖြစ်သည်။ ဆွစ်ဇာလန်၏ပြစ်မှုဆိုင်ရာ ဥပဒေ အရ တရားခံသည် လျော်ကြေးပေးရန် ကမ်းလှမ်းပြီး ဥပဒေနှင့်လျော်ညီသော အခြေအနေကို ပြန်လည်တည်ဆောက်ရန် ကမ်းလှမ်းခဲ့လျှင် အစိုးရရှေ့နေများက စွဲချက်ကို ရုပ်သိမ်းပေးရန် ရွေးချယ်ဆုံးဖြတ်နိုင်သည်။
အီကွေတိုနီရယ်ဂီနီ၏ကာကွယ်ရေး နှင့်လုံခြုံရေးဆိုင် ဒုတိယအကြီးအကဲလည်း ဖြစ်သော အိုဘီယန်နှင့် သဘောတူညီမှုအရ လေလံတင်ရောင်းချ၍ရရှိသော ငွေများကို အီကွေတိုနီရယ်၌ မည်ကဲ့သို့ သုံးစွဲမည်ကို ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြီးကြပ်မည်ဖြစ်သည်။
အိုဘီယန်အား စုံစမ်းစစ်ဆေးမှုတွင် အမေရိကန်၊ ကေမန်းအိုင်းလန်း၊ ပြင်သစ်၊ မိုနာကို၊ ဒိန်းမတ်၊ နယ်သာလန်နှင့် မာရှယ်အိုင်းလန်းတို့မှ အာဏာပိုင်များ ပါဝင်ခဲ့သည်။
အိုဘီယန်သည် ပြင်သစ်တွင်လည်း စုံစမ်းစစ်ဆေးခံနေရပြီး ပြင်သစ်တွင် ပိုင်ဆိုင်မှုများအတွက် ပြည်သူပိုင်ဘဏ္ဍာအား အလွဲသုံးမှုနှင့် ၂၀၁၇ အောက်တိုဘာတွင် ပါရီ တရားရုံးက ၎င်းအား ဆိုင်းငံ့ထောင်ဒဏ်သုံး နှစ်ချမှတ်ထားသည်။ ထို့ပြင် ဒဏ်ငွေအဖြစ် ယူရို သန်း ၃၀ လည်း ချမှတ်ထားသည်။
အိုဘီယန်က ယင်းရုံးတင်စစ်ဆေးမှုကို မတက်ရောက်ခဲ့ဘဲ စီရင်ချက်အတွက် အယူခံ လျှောက်ထားသည်။
အာဖရိက၏တစ်ခုတည်းသော စပိန် စကားပြောနိုင်ငံဖြစ်သည့် အီကွေတိုရီရယ် ဂီနီသည် အာဖရိကတိုက်၏တတိယအများဆုံး ရေနံထုတ်လုပ်သည့်နိုင်ငံ ဖြစ်သော်လည်း နိုင်ငံလူဦးရေ၏ထက်ဝက်ကျော်သည် ဆင်းရဲမွဲတေနေသည်။














