ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်နှင့်မြေစာရင်း ဦးစီးမှူးအား လူအင်အား ၆၀ ခန့် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့သည်။
အဆိုပါဆန္ဒထုတ်ဖော်မှုကို စက်တင် ဘာ ၂၇ ရက် နံနက် ၁၀ နာရီကျော်က ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး လေးမျက်နှာမြို့ပေါ်၌ ကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခဲ့ကြကြောင်း သိရသည်။
“ဒေသခံတောင်သူတွေရရှိထိုက်တဲ့ မြေယာတွေကို လုပ်ငန်းရှင်တွေကိုချပေးဖို့ လုပ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ဒေသခံတွေ မြေယာဆုံးရှုံးတော့မယ့် အခြေအနေမျိုးဖြစ်နေတယ်။ နိုင်ငံတော်ပြန်သိမ်းထား တဲ့ မြေတွေအပေါ်မှာလည်း ကုမ္ပဏီတွေက ထွက်ခွာပေးခြင်းမရှိသေးဘဲနဲ့ ဒေသခံတောင်သူတွေကို မြေစာရင်းဦးစီးဌာနနဲ့ပူးပေါင်းပြီး တရားစွဲမှုတွေ၊ ဒေသခံတောင်သူတွေရဲ့မြေယာတွေကို အတင်းသူတို့ရရှိဖို့ လုပ်ဆောင်နေတဲ့အခြေအနေတွေကို ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်ကလည်း ဝင်ရောက်ဖြေရှင်းပေးခြင်းမရှိတဲ့အတွက်ကြောင့် လွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်ပျက်ပြားတယ်။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်လျော့နည်းနေတယ်ဆိုပြီး ကျွန်တော်တို့ ဒေသခံတောင်သူတွေက မြေစာရင်းဦး စီးနဲ့ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့ကို ဆန္ဒပြပြီး ဒေသခံတွေ ရဲ့မြေယာလုပ်ပိုင်ခွင့်ရရှိရေးကို တောင်းဆို ဆန္ဒပြတဲ့ပွဲဖြစ်ပါတယ်”ဟု ဆန္ဒပြပွဲဦးဆောင်သူ ဦးဝင်းကြည်က ပြောကြားသည်။
“ဒေသခံတောင်သူများ မြေယာလုပ်ပိုင်ခွင့် တရားဝင်ရရှိစေရေး ဒို့အရေး”၊ “အဂ တိလိုက်စားသော လေးမျက်နှာမြို့နယ် မြေစာရင်းဦးစီးမှူး အလိုမရှိ”၊ “အဂတိလိုက်စားသော လေးမျက်နှာမြို့နယ် မြေစာရင်းဦးစီးဌာနဝန်ထမ်းများ အလိုမရှိ”၊ “ဥပဒေမဲ့ မြေယာ ရရှိနေသော ကုမ္ပဏီ/လုပ်ငန်းရှင်များ အလို မရှိ”၊ “အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အလိုမရှိ”၊ “ဒေသခံတောင်သူများအား တရားစွဲဆိုမှု ချက်ချင်းရပ်”ဟု ဆန္ဒထုတ်ဖော်ပွဲ၌ ကြွေးကြော်ခဲ့ကြသည်။
လေးမျက်နှာမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းထံ ဆက်သွယ်မေးမြန်းခဲ့ရာ “ဒါက လွှတ်တော်ကိုယ်စားလှယ်ရဲ့လုပ်ပိုင်ခွင့်လည်း မရှိဘူး။ သူတို့တွေက ဝန်ကြီးချုပ်တို့၊ ဝန်ကြီးတို့လည်း အထပ်ထပ်တင်ပြပြီးတော့ သူတို့ ဆိုလိုချင်တဲ့သဘောက လက်ရှိလုပ်နေတဲ့ မြေလွတ်မြေရိုင်းထဲမှာ မြေကွက်ထဲမှာရှိ နေတဲ့လူတွေကို အကုန်နှင်ပေးရမယ်ဆိုပြီးတော့ နှင့် မပေးလို့ဆိုပြီး ဆန္ဒပြမယ်ဆိုပြီး အဲဒီလိုလုပ်တာပဲ။ သူတို့ ဆန္ဒပြပိုင်ခွင့်တော့ရှိ ပါတယ်။ ဒါပေမဲ့ မဟုတ်ကဟုတ်ကနဲ့ စွပ်စွဲ ပြီးတော့ လုပ်တာတွေကတော့ သူတို့ကိုယ်တိုင် သူတို့ပြောတဲ့စကားတွေကို တာဝန်ယူရမယ့်သဘောတော့ ရှိတာပေ့ါ။ လေးမျက်နှာမြို့နယ် အနောက်ဘက်ခြမ်းမှာ ဒီလိုမြေလွတ် မြေရိုင်းနဲ့ပတ်သက်ပြီးတော့ ကုမ္ပဏီတော် တော်များများက ဝင်လုပ်နေတယ်။ အဲဒီကုမ္ပဏီတွေက အကောင်အထည်မပေါ်နိုင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြန်ပြီးတော့ အားလုံး လျှောက်ခွင့်ရှိတယ်ဆိုပြီး လျှောက်ကြတယ်။ အဲဒီအထဲမှာ သူတစ်ပါးစိုက်ပြီးသားအပင်ကို ကိုယ်လိုချင်လို့လျှောက်တယ် ဆိုတဲ့ပုံစံမျိုး တွေပါနေတော့ ဒါ မတရားတဲ့ကိစ္စပဲ။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ဝိတ်၊ ပါတီရဲ့ဝိတ်သုံး ပြီး မတရားလုပ်ပေးရမယ်ဆိုတာ အဓိပ္ပာယ်မရှိတဲ့ လုပ်ငန်းဆိုတော့ လုပ်မပေးနိုင်ဘူးလေ။ ကိုယ်တွေကလည်း ဒီတောတွေတောင်တွေနဲ့ ပတ်သက်ပြီး ပြန်ပြီးစိမ်းလန်းစိုပြေချင်နေတာ။ အဲဒါကို ပြန်ပြီးလုပ်နေတဲ့သူတွေကို ကိုယ်ကနှင်ထုတ်ရမယ်ဆိုတော့ သူတို့က သူများစိုက်ပြီးသားကို လိုချင်နေတဲ့ပုံစံမျိုးဆိုတော့ လုပ်မပေးနိုင်ဘူး။ ပြောချင်တာကတော့ အဲဒါပါပဲ” ဟု ပြန်လည်ဖြေကြားသည်။
ယင်းဆန္ဒပြပွဲနှင့်ဆက်စပ်၍ လေးမျက်နှာမြို့နယ်မြေစာရင်းဦးစီးမှူးထံ မေးမြန်းနိုင် ရန် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ သွားရောက်ခဲ့သော်လည်း ဦးစီးမှူးမှာ ရုံး၌မရှိဘဲ ဟင်္သာတသို့ အစည်းအဝေးသွားသည်ဟုဆိုသဖြင့် မေးမြန်းခွင့်မရခဲ့ပေ။















