■ AI ဖြင့်လည်းကောင်း၊ DJ Remix များဖြင့်လည်းကောင်း၊ ဇာတ်သဘင် စတိတ်ရှိုးဆိုရာတွင်လည်းကောင်း တေးသီချင်းမူပိုင်ရှင်များထံမှ ခွင့်ပြုချက်တောင်းခံရမည်ဟု ဂီတအစည်းအရုံးထုတ်ပြန်
■ တေးရေး စိုင်းခမ်းလိတ်၏ သီချင်းအချို့ကို AI ဖြင့် ပြုပြင်ပြီး လူမှုကွန်ရက်များတွင် တင်နေခြင်းများ ပြန်ဖြုတ်ပေးရန် သမီးဖြစ်သူ တောင်းဆို
AI ဖြင့်လည်းကောင်း၊ DJ Remix များဖြင့်လည်းကောင်း၊ ဇာတ်သဘင် စတိတ်ရှိုးဆိုရာတွင်လည်းကောင်း တေးသီချင်းမူပိုင်ရှင်များထံမှ ခွင့်ပြုချက်တောင်းခံရမည်ဟု မြန်မာနိုင်ငံဂီတအစည်းအရုံးက ထုတ်ပြန်သည်။
တေးသီချင်းမူပိုင်ရှင်များက တိုင်ကြားမှုများရှိလာသဖြင့် ယင်းသို့ အသိပေးထုတ်ပြန်ရခြင်းဖြစ်ပြီး အနုပညာရှင်များအနေဖြင့် မူပိုင်ခွင့်ပိုင်ရှင်များ၏ ခွင့်ပြုချက်ရယူပေးရန် လိုအပ်နေပြီး ပျက်ကွက်ပါက ဥပဒေနှင့် ငြိစွန်းနေသည်ဟု ဂီတအစည်းအရုံးက ထုတ်ပြန်သည်။
ဇာတ်သဘင်များကပြဖျော်ဖြေရာတွင် စတိတ်ရှိုးများ ၊ ပြဇာတ်များတွင် သီဆိုသည့် သီချင်းများသည် သက်ဆိုင်သည့်မူပိုင်ခွင့်ပိုင်ရှင်များ၏ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း၊ ထို့ပြင် Cover Song များ၊ကြော်ငြာသီချင်းများနှင့် Media Platform များတွင် အသုံးပြုသည့် မည်သည့်သီချင်းမဆို သီချင်းမူပိုင်ခွင့်ပိုင်ရှင်များထံမှ ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း ဂီတအစည်းအရုံးက ဆိုသည်။
လက်ရှိတွင် AI ဖြင့်သီချင်းပိုင်ရှင်များ၏ ခွင့်ပြုချက်မရှိပဲ အမျိုးသမီးဆိုသောသီချင်းများကို အမျိုးသားအသံဖြင့်လည်းကောင်း၊ အမျိုးသားသီဆိုသောသီချင်းများကို အမျိုးသမီးအသံဖြင့် လည်းကောင်း တေးသီချင်းမူပိုင်ရှင်များမသိရှိ၊ ခွင့်ပြုခြင်းမရှိပဲအမျိုးမျိုးသော ပြောင်းလည်းခြင်းများကို လုံးဝ(လုံးဝ)သုံးစွဲခြင်းမပြုရကြောင်း၊ DJ များသည် Remix များတီးရာတွင် သီချင်းပိုင်ရှင်များ၏ခွင့်ပြုချက်ရယူရန်နှင့် အခြားသီချင်းများပါဝင်ပါကလည်း မူပိုင်ခွင့်ပိုင်ရှင်များထံမှ ခွင့်ပြုချက်တောင်းခံရမည် ဖြစ်ကြောင်း ဂီတအစည်းအရုံးက ထုတ်ပြန်သည်။
အနယ်နယ်အရပ်ရပ် လှည့်လည်ကပြဖျော်ဖြေသည့် ဇာတ်သဘင်များတွင် အသုံးပြုသည့် သီချင်းများအတွက်သက်ဆိုင်ရာသီချင်းပိုင်ရှင်များ၏ခွင့်ပြုချက်ရှိမရှိကို သက်ဆိုင်ရာ တိုင်း /ခရိုင် / မြို့နယ်ဂီတအစည်းအရုံးများမှ စိစစ်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) မူပိုင်ခွင့်စီမံခန့်ခွဲရေးကော်မတီက ထုတ်ပြန်သည်။
အလားတူ တေးရေးတေးဆို စိုင်းခမ်းလိတ်၏ သီချင်းများကို ခွင့်ပြုချက်မရှိဘဲ AI သုံးပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ဖြန့်ဝေခြင်းများ ပြုလုပ်နေမှုအပေါ် ပြန်လည်ဖြုတ်ချပေးရန် သမီးဖြစ်သူက တောင်းဆိုထားသည်။
" ကျွန်မ၏ ဖခင်ဖြစ်သူတေးရေးစိုင်းခမ်းလိတ်၏ သီချင်းများနဲ့ပတ်သက်ပြီးသတိပေးကြေညာချက်ပါ။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ အများသိအောင်ကြေညာပြီးဖြစ်ပြီး ကျွန်မကိုယ်တိုင် ပိုစ့်တင်ခဲ့ဖူးပါတယ်။ အခုဘာလို့ ပြန်တင်ရသလဲဆိုရင်ကျွန်မဖခင်၏ ရှမ်း မြန်မာ English သီချင်းတွေထဲကအချို့ကို Page သို့ Personal Account တချို့က AI သုံးပြီး Facebook Tiktok YouTube အစရှိတဲ့ social platform တွေမှာ လိုသလိုပုံဖော်နေကြလို့ပါ။ အဲလိုလုပ်ထားတဲ့သူများ အနေဖြင့် မူလတေးသီချင်းကို မွေးထုတ်ပေးလိုက်သော တေးသီချင်းဖန်တီးသူ သို့ သီချင်း၏ ဖခင်အား ကိုယ်ချင်းစာစိတ်ထားပြီးမိမိတို့အသိစိတ်နဲ့ဖြုတ်ချပေးပါလို့ အသိပေးချင်ပါတယ်" ဟု သမီးဖြစ်သူက တောင်းဆိုထားသည်။















