■ မန်စီးတီး ၈-၀ ဝက်ဖို့ဒ်
ပရီးမီးယားလိဂ်ပွဲစဉ် (၆) စနေညရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ဝက်ဖို့ဒ်အသင်းတို့ပွဲစဉ်မှာတော့ မန်စီးတီးအသင်းက (၈-၀)ဂိုးနဲ့အနိုင်ယူပြီး အိမ်ကွင်းအီတီဟတ်ဒ်မှာ ဂိုးမိုးရွာခဲ့ပါတယ်။
ပြီးခဲ့တဲ့ပွဲစဉ် (၅)မှာ နောဝစ်ချ်အသင်းကိုရှုံးခဲ့တဲ့ လက်ရှိချန်ပီယံမန်စီးတီးရဲ့ ပေါက်ကွဲအားက ပြိုင်ဘက်အသင်းတွေအတွက် ကြောက်စရာဖြစ်ခဲ့ပြီး (၃)ကြိမ်ဆက်ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် သူတို့အသင့်ရှိနေကြောင်းကို
ပြသခဲ့တယ်လို့လည်း ဆိုရပါမယ်။
ကြားရက်မှာ ချန်ပီယံလိဂ်ကစားခဲ့ရပေမယ့် မန်စီးတီးအသင်းဟာ အခုအိမ်ကွင်းပွဲစဉ်မှာ အဂွဲရိုး၊ ဒီဘရိုင်းနား၊ မာရက်ဇ်၊ ဘာနာဒိုဆေးလ်ဗား၊ ရိုဒရီ၊ ဒေးဗစ်ဆေးလ်ဗားတို့နဲ့ လူစုံထုတ်ခဲ့ပြီး အကောင်းဆုံးပုံစံကို ပြသခဲ့တာပါ။
ဝက်ဖို့ဒ်အသင်းက အဝေးကွင်းမှာ ခံစစ်ကိုအဓိကပြင်ဆင်လာပြီး အမှတ်ရဖို့ကြိုးစားပေမယ့် မန်စီးတီးအသင်းရဲ့တိုက်စစ်ဆင်မှုတွေကို ဘယ်လိုမှမတောင့်ခံနိုင်ခဲ့ဘဲ ပွဲချိန် (၁၈)မိနစ်အတွင်းမှာပဲ (၅)ဂိုးပေးလိုက်ရတာက တကယ်ကိုစိတ်ပျက်စရာပါ။
ပွဲအစ (၅၂)စက္ကန့်မှာပဲ ဒီဘရိုင်းနားရဲ့လှပတဲ့ပေးပို့မှုကို အသင်းခေါင်းဆောင် ဒေးဗစ်ဆေးလ်ဗားက အကောင်းဆုံးအဆုံးသတ်ပေးခဲ့ပြီး ဒါဟာ ဒီရာသီပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးသွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဂိုးပေးလိုက်ရပြီးနောက်မှာတော့ ဆက်တိုက်ဆိုသလိုပဲ မန်စီးတီးအသင်း တိုက်စစ်ဆင်ခဲ့ပြီး နောက်ထပ်ဂိုးတွေကိုရရှိခဲ့ပါတယ်။
ပွဲချိန် (၇)မိနစ်မှာ မာရက်ဇ်ကြောင့်ရတဲ့ ပယ်နယ်တီကို အဂွဲရိုးက အမှားအယွင်းမရှိကန်သွင်းပြီး မန်စီးတီးအသင်းအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒီဂိုးဟာ အဂွဲရိုးအတွက် စံချိန်မှတ်တမ်းတွေတင်စေခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ ရာသီအဖွင့် (၆)ပွဲဆက်ဂိုးသွင်ယူတဲ့ ပထမဆုံးကစားသမားဖြစ်စေခဲ့ပါတယ်။
ဒါ့အပြင် ဒီဂိုးဟာ အဂွဲရိုးအတွက် အီတီဟတ်ကွင်းမှာ သွင်းယူတဲ့ ဂိုး(၁၀၀)မြောက်သွင်းဂိုးဖြစ်ခဲ့ပြီး အွန်နရီ (ဟိုက်ဘူရီ ၁၁၄ ဂိုး)၊ ရွန်နီ (အိုးလ်ထရက်ဖို့ဒ် ၁၀၁)ဂိုးတို့နောက် ကွင်းတစ်ကွင်းတည်းမှာ ဂိုး(၁၀၀)နဲ့ အထက်သွင်းတဲ့ တတိယမြောက်ကစားသမားဖြစ်ခဲ့ပါတယ်။
မန်စီးတီးအသင်းအတွက် နောက်ထပ်ဂိုးတွေကို (၁၂)မိနစ်မှာ မာရက်ဇ်၊ (၁၅)မိနစ်မှာ ဘာနာဒိုဆေးလ်ဗားနဲ့ (၁၈)မိနစ်မှာ အော်တာမန်ဒီတို့ကသွင်းယူပေးခဲ့ပြီး ပွဲချိန် (၁၈)မိနစ်အတွင်းမှာပဲ (၅)ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။
ပထမပိုင်းလက်ကျန်မိနစ်မှာတော့ မန်စီးတီးအသင်းအခွင့်အရေးတွေရခဲ့ပေမယ့် ဝက်ဖို့ဒ်အသင်းက ဂိုးထပ်မပေးရအောင်တောင့်ခံကစားခဲ့လို့ (၅-၀)ဂိုးနဲ့ပဲပြီးဆုံးခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယပိုင်းပွဲအစ (၄၈)မိနစ်မှာပဲ ဘာနာဒိုဆေးလ်ဗားက မန်စီးတီးအသင်းအတွက် (၆)ဂိုးမြောက်သွင်းဂိုးကို သွင်းယူခဲ့ပါတယ်။
ဝက်ဖို့ဒ်အသင်းကတော့ မန်စီးတီးတိုက်စစ်ကို ဟန့်တားရင်းနဲ့ပဲ ခံစစ်ဟာကွက်တွေများခဲ့ပြီး မန်စီးတီးအသင်းရဲ့ တိုက်စစ်ကအခွင့်အရေးတွေကို ဆက်တိုက်ဖန်တီးခဲ့တာပါ။
ပွဲချိန်မိနစ် (၆၀)မှာ ဘာနာဒိုဆေးလ်ဗားက မန်စီတီးအသင်းအတွက် (၇)ဂိုးမြောက်သွင်းဂိုးကိုသွင်းယူပြီး သူ့အတွက် ဟက်ထရစ်သွင်းဂိုးဖြစ်စေခဲ့ပါတယ်။
ဘာနာဒိုဆေးလ်ဗားအတွက်တော့ ကစားသမားဘဝမှာ ပထမဆုံး ဟက်ထရစ်သွင်းဂိုးဖြစ်ခဲ့ပြီး မန်စီးတီးကစားသမားဘဝ ပြိုင်ပွဲစုံ (၂၅)ဂိုးမြောက်သွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။
မန်စီးတီးအသင်းအတွက် (၈)ဂိုးမြောက်သွင်းဂိုးကိုတော့ ပွဲချိန် (၈၅)မိနစ်မှာ ဒီဘရိုင်းနားက လှလှပပကန်သွင်းယူခဲ့တာပါ။
လက်ကျန်မိနစ်မှာ မန်စီတီးအသင်းက ပွဲကိုထိန်းကစားသွားခဲ့ပြီး ပွဲအပြီးမှာတော့ (၈-၀)ဂိုးနဲ့ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ဖန်တီးနိုင်ခဲ့ပါတယ်။















