UFC လိုက်ဝိတ်တန်းချန်ပီယံ ခါဘစ်ကို ရုရှားသမ္မတ ပူတင်က ခေါ်ယူတွေ့ဆုံ ၊ မက်ဂရီဂေါ်နှင့် မကျေပွဲထိုးသတ်ရန် အစီအစဉ်မရှိဟု မန်နေဂျာဖြစ်သူ အတည်ပြု

UFC လိုက်ဝိတ်တန်းချန်ပီယံ ခါဘစ်ကို ရုရှားသမ္မတ ပူတင်က ခေါ်ယူတွေ့ဆုံ ၊ မက်ဂရီဂေါ်နှင့် မကျေပွဲထိုးသတ်ရန် အစီအစဉ်မရှိဟု မန်နေဂျာဖြစ်သူ အတည်ပြု
Photos: Getty Images
Photos: Getty Images
Published 15 September 2019

ပူတင်သည် တိုက်ခိုက်ရေးအားကစားနည်းများကို နှစ်သက်သူဖြစ်ပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင် အိုင်ယာလန်ကစားသမား မက်ဂရီဂေါ်ကို အနိုင်ရသည့်ပွဲအပြီးတွင်လည်း ခါဘစ်နှင့် ဖခင်ဖြစ်သူတို့ကို ခေါ်ယူတွေ့ဆုံခဲ့ဖူးကြောင်း သိရသည်။ 

 

ရုရှားသမ္မတ ပူတင်သည် UFC  လိုက်ဝိတ်တန်းပြိုင်ပွဲတွင် ချန်ပီယံခါးပတ်ကာကွယ်နိုင်ခဲ့သည့် ခါဘစ်နာမာဂိုမီဒေါ့ဗ်ကို ခေါ်ယူတွေ့ဆုံ၍ ဂုဏ်ပြုခဲ့ကြောင်း သိရသည်။ ရုရှားကစားသမား ခါဘစ်သည် စက်တင်ဘာ ၇ ရက်က ကျင်းပသည့် UFC 242 ပြိုင်ပွဲတွင် အမေရိကန်ကစားသမား ဒပ်စတင်ပွိုင်ရီယာကို တတိယအချီ၌ လည်ပင်းချုပ်ကွက်ဖြင့် အနိုင်ရပြီး ချန်ပီယံခါးပတ် ကာကွယ်နိုင်ခဲ့သည်။ သို့ဖြစ်ရာ သမ္မတပူတင်က ခါဘစ်နှင့် ဖခင်ဖြစ်သူ အဗ္ဗဒူလ်မာနက်တို့ကိုခေါ်ယူတွေ့ဆုံ၍ ဂုဏ်ပြုစကားပြောကြားခဲ့ခြင်းဖြစ်သည်။ 

၎င်းနှင့်တွေ့ဆုံစဉ် ပူတင်က "မင်းကိုဂုဏ်ပြုပါတယ်။ အဲဒီပွဲက ကောင်းမွန်လှပတဲ့ပွဲဖြစ်ပြီး မျှတတဲ့ ရလဒ်ပါ။ ဒီပွဲမှာ ချုပ်ကွက်နဲ့အနိုင်ရမယ်လို့ပဲ တွေးထားတာပါ။ ပြိုင်ဘက်က လှလှပပအရှုံးပေးသွားတာကိုလည်း တွေ့လိုက်ရတယ်" ဟု ပြောကြားခဲ့ကြောင်း ရုရှားအစိုးရပိုင် မီဒီယာက ကောက်နှုတ်ဖော်ပြခဲ့သည်။

ပူတင်သည် တိုက်ခိုက်ရေးအားကစားနည်းများကို နှစ်သက်သူဖြစ်ပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင် အိုင်ယာလန်ကစားသမား မက်ဂရီဂေါ်ကို အနိုင်ရသည့်ပွဲအပြီးတွင်လည်း ခါဘစ်နှင့် ဖခင်ဖြစ်သူတို့ကို ခေါ်ယူတွေ့ဆုံခဲ့ဖူးကြောင်း သိရသည်။ ခါဘစ်နှင့် ပွိုင်ရီယာတို့ပွဲအပြီးမှာပင် ပြိုင်ဘက်ဟောင်း မက်ဂရီဂေါ်က မကျေပွဲကို မော်စကို၌ ပြုလုပ်ရန် Twitter မှတစ်ဆင့် စိန်ခေါ်ခဲ့သော်လည်း ခါဘစ်၏မန်နေဂျာဖြစ်သူ အလီအဗ္ဗဒီလာဇစ်ကမူ ၎င်းနှင့်မကျေပွဲ ထပ်မံထိုးသတ်ရန် အစီအစဉ်မရှိကြောင်း ငြင်းဆန်ပြောကြားခဲ့သည်။

" ကော်နာ (မက်ဂရီဂေါ်) က စိတ်ကုန်သွားတဲ့ ရည်းစားဟောင်းလိုပါပဲ။ သူ့အနေနဲ့ ဘာမှထပ်ရနိုင်စရာမရှိတော့ဘူး။ သူက လူကောင်းတစ်ယောက်မဟုတ်လို့ ကျွန်တော် တို့အနေနဲ့ သူနဲ့ဆွေးနွေးဖို့မရှိပါဘူး။ သူ့အကြောင်းကို ဘာကြောင့်စိတ်ဝင်စားရမှာလဲ။ ကျွန်တော်တို့က သူ့ ဖင်ကိုပိတ်ကန်ပြီးတော့ အနိုင်ယူပြီးပါပြီ။ သူက ဆိုးရွားတဲ့ပုံစံတွေနဲ့ပဲ ပရိုမိုးရှင်းလုပ်နိုင်တာပါ။ ကော်နာနဲ့ အကြောင်းတွေ ထပ်မပြောချင်ပါဘူး။ ဖြစ်နိုင်ခြေကလည်း ၀.၀၀ ရာခိုင်နှုန်းပါပဲ" ဟု အလီက ပြောကြားခဲ့သည်။