ရီးယဲလ်မက်ဒရစ်အသင်းက ကစားသမားနှစ်ဦးဖြစ်တဲ့ ဗယ်လ်ဗာဒီနဲ့ ချူယာမန်နီတို့ နှစ်ရက်ဆက်တိုက် အချင်းများခဲ့ခြင်းအတွက် စည်းကမ်းပိုင်းဆိုင်ရာအရေးယူမှု ပြုလုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
ဥရုဂွေးကစားသမား ဗယ်လ်ဗာဒီနဲ့ ပြင်သစ်ကစားသမား ချူယာမန်နီတို့ဟာ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ဘောလုံးဖျက်ထုတ်မှုနဲ့ ပတ်သက်လို့ ပြဿနာတက်ခဲ့ပြီး အဝတ်လဲခန်းထဲမှာ ဆက်လက်အချင်းများခဲ့ကြောင်း သိရပါတယ်။
အဲဒီနောက် ကြာသပတေးနေ့မှာ ထပ်မံအချင်းများရာမှာတော့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုတွေပါ ပြုလုပ်ခဲ့ကြပြီး ဗယ်လ်ဗာဒီအနေနဲ့ စားပွဲခုံနဲ့ ထိခိုက်မိတာကြောင့် ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့တဲ့အတွက် ဆေးရုံမှာ ကုသမှုခံယူရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။
ရီးယဲလ်အသင်းက ဗယ်လ်ဗာဒီ ဦးခေါင်းဒဏ်ရာရရှိပြီး (၁၀)ရက်ကနေ (၁၄)ရက်လောက်အထိ အနားယူရမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့သလို၊ ဗယ်လ်ဗာဒီနဲ့ ချူယာမန်နီတို့ရဲ့ဖြစ်ရပ်ကို စည်းကမ်းပိုင်းဆိုင်ရာ စစ်ဆေးအရေးယူမှု ပြုလုပ်သွားမယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
ရီးယဲလ်အသင်းရဲ့ အဝတ်လဲခန်းအတွင်းမှာ တခြားပြဿနာတွေ ရှိနေကြောင်းလည်း သတင်းထွက်နေပါတယ်။
နည်းပြ အာဘီလိုအာကို စကားမပြောတဲ့ကစားသမား (၆)ဦးရှိနေသလို၊ အသင်းအနေနဲ့ ခက်ခဲတဲ့အချိန်ကာလကို ဖြတ်သန်းနေရချိန်မှာ ချစ်သူနဲ့အတူ အီတလီကို အလည်အပတ်ထွက်ခဲ့တဲ့ ဘာပေကို ကစားသမားအများစုက မကျေမနပ်ဖြစ်နေကြောင်းလည်း သိရပါတယ်။
ဘာပေနဲ့ နည်းပြအဖွဲ့ဝင်တွေကြား တင်းမာမှုတွေလည်း ရှိနေပြီး ဘာပေကို ရောင်းထုတ်ပစ်ဖို့ ပရိသတ်တွေရဲ့ အွန်လိုင်းကတစ်ဆင့် လှုပ်ရှားတောင်းဆိုမှုလည်း ရှိလာကြောင်း သိရပါတယ်။















