အာဖရိကဖလားပြိုင်ပွဲ၏ လက်ရှိချန်ပီယံ ကင်မရွန်းနှင့် ဇင်ဘာဘွေအသင်းဆုကြေးပြဿနာကြောင့် ကစားသမားများဆန္ဒပြသဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ရ

အာဖရိကဖလားပြိုင်ပွဲ၏ လက်ရှိချန်ပီယံ ကင်မရွန်းနှင့် ဇင်ဘာဘွေအသင်းဆုကြေးပြဿနာကြောင့် ကစားသမားများဆန္ဒပြသဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ရ
Photos: AFP,Journal du Cameroun
Photos: AFP,Journal du Cameroun
Published 23 June 2019

ကင်မရွန်းအားကစားဝန်ကြီး ကွန်ဘီက လက်ရွေးစင်အသင်း စီနီယာကစားသမားများ၊ ကင်မရွန်းဘောလုံး အဖွဲ့ချုပ်၏ ကိုယ်စားလှယ်များနှင့် ညတွင်းချင်း ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ရာ အပိုဆုကြေးအဖြစ် ကစားသမားတစ်ဦးလျှင် ယူရို ၇၆၀၀ ထပ်မံပေးအပ်ရန် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

 

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ၏ လက်ရှိချန်ပီယံ ကင်မရွန်းနှင့် ဇင်ဘာဘွေ အသင်းကစားသမားများသည် ပြိုင်ပွဲမစတင်မီ ဆုကြေးပြဿနာကြောင့် ဆန္ဒပြမှုပြုလုပ်သဖြင့် သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်များ နှင့် ညှိနှိုင်းဆွေးနွေးခဲ့ရကြောင်း သိရသည်။

ချန်ပီယံ ကင်မရွန်းအသင်းကစားသမားများသည် ယခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် အစိုးရထံမှ တစ်ဦးလျှင် ဆုကြေး ယူရို ၃၀၄၈၉ စီရရှိထားပြီးဖြစ်သော်လည်း နှစ်ဆရရှိရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ဇွန် ၂၀ ရက်ညပိုင်းက အီဂျစ်သို့ထွက်ခွာမည့် လေယာဉ်နှင့်လိုက်ပါခြင်းမပြုဘဲ ဆန္ဒပြခဲ့ကြောင်း သိရသည်။ သို့ဖြစ်ရာ ကင်မရွန်းအားကစားဝန်ကြီး ကွန်ဘီက လက်ရွေးစင်အသင်း စီနီယာကစားသမားများ၊ ကင်မရွန်းဘောလုံး အဖွဲ့ချုပ်၏ ကိုယ်စားလှယ်များနှင့် ညတွင်းချင်း ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ရာ အပိုဆုကြေးအဖြစ် ကစားသမားတစ်ဦးလျှင် ယူရို ၇၆၀၀ ထပ်မံပေးအပ်ရန် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ကင်မရွန်းအသင်း ကစားသမားများအနေဖြင့် ဇွန် ၂၁ ရက်တွင် အီဂျစ်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း အားကစားဝန်ကြီး ကွန်ဘီကFacebook တွင် အတည်ပြုရေးသားပြီး Yaounde လေဆိပ်၌ ကစားသမားများနှင့်အတူရိုက်ကူးထားသည့် ဓာတ်ပုံများကိုလည်း ပြသခဲ့သည်။

ကင်မရွန်းအသင်းသည် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ၏ လက်ရှိချန်ပီယံဖြစ်သလို အစောပိုင်းတွင် ယခုနှစ်ပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားသည်။ သို့သော် ဘောလုံးကွင်းအပါအဝင် အခြေခံအဆောက်အအုံများ ပြင်ဆင်တည်ဆောက်မှု ကြန့်ကြာနေသဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် အိမ်ရှင်အဖြစ်မှ နုတ်ထွက်ခဲ့ရာ အီဂျစ်နိုင်ငံက အစားထိုးကျင်းပခွင့်ရခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဇွန် ၂၁ ရက် ညပိုင်းက အိမ်ရှင် အီဂျစ်အသင်းနှင့် အဖွင့်ပွဲယှဉ်ပြိုင်ကစားခဲ့သည့် ဇင်ဘာဘွေအသင်းမှာလည်း ဆုကြေး ပြဿနာကြုံတွေ့ခဲ့ကြောင်း ဒေသခံမီဒီယာ များ၏ဖော်ပြချက်အရ သိရသည်။ ကစား သမားများသည် နေ့တွက်စရိတ်နှင့် ဆုကြေးပေးချေမှုအပေါ် ကျေနပ်ခြင်းမရှိသဖြင့် ပွဲမတိုင်ခင် လေ့ကျင့်ခန်းပြုလုပ်ရန် ငြင်းဆန်၍ ဟိုတယ်၌သာ နေထိုင်ခဲ့သလို အဖွင့်ပွဲစဉ်ကိုလည်း မကစားဘဲ ဆန္ဒပြရန် စီစဉ်ခဲ့ကြောင်း သိရသည်။ သို့သော် ဇင်ဘာဘွေဘောလုံး အဖွဲ့ချုပ်ကမူ ယင်းသတင်းများမှာ မဟုတ်မှန်ကြောင်း ငြင်းဆန်ပယ်ချခဲ့သည်။

 

Most Read

Most Recent