ဗာရက်တီရဲ့ နောက်ကျဂိုးနဲ့ ယူရို-၂၀၂၀ ခြေစစ်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲရနေဆဲ အီတလီ

ဗာရက်တီရဲ့ နောက်ကျဂိုးနဲ့ ယူရို-၂၀၂၀ ခြေစစ်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲရနေဆဲ အီတလီ
Photos: AFP
Photos: AFP
Published 12 June 2019

■ အီတလီ ၂-၁ ဘော့စနီးယား

ယူရို -၂၀၂၀ အုပ်စု (J) ရဲ့ ပွဲစဉ်တစ်ပွဲမှာတော့ အီတလီအသင်းက အိမ်ကွင်းမှာ ဘော့စနီးယားအသင်းကို အကြိတ်အနယ်ကစားခဲ့ရပြီး ဗာရက်တီရဲ့ နောက်ကျအနိုင်ဂိုးကြောင့်သာ (၂-၁) ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အီတလီအသင်းဟာ ၄-၃-၃ ပုံစံကို အသုံးပြုပြီး တိုက်စစ်မှာ ၀ါရင့်တိုက်စစ်မှူး ကွာဂလီရယ်လာကို အထောင်ထားကာ အင်ဆစ်ဂ်နီနဲ့ ဘာနာဒက်ခီကို တောင်ပံမှာထားပြီး ကွင်းလယ်မှာ ဂျော်ဂျင်ဟို၊ ဗာရက်တီ၊ ဗာရယ်လာတို့ကို ကစားစေခဲ့ကာ ချီလီနီ၊ ဘိုနူချီတို့နဲ့ လူစုံခဲ့ပါတယ်။

ဘော့စနီးယားအသင်းကတော့ ဇက်ကိုကို အထောင်ထားကာ ယာနစ်၊ ဆာရစ်စတဲ့ အဓိကကစားသမားတွေကို အစုံအလင်ပွဲထုတ်ပြီး ၅-၃-၂-၁ ပုံစံနဲ့ ကစားခဲ့တာပါ။

အီတလီအသင်းဟာ ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားခဲ့ပေမယ့် ဘော့စနီးယားအသင်းရဲ့ မာထန်ခဲ့ ကစားဟန်ကြောင့် အခက်တွေ့ခဲ့ရပြီး ထင်တိုင်းမပေါက်ခဲ့ပါဘူး။ ဒါ့အပြင် ဘော့စနီးယားအသင်းဟာ တန်ပြန်တိုက်စစ်တွေနဲ့ ကစားခဲ့တာကြောင့် အီတလီတို့အခက်တွေ့ခဲ့ရပါတယ်။

ဘော့စနီးယားအသင်းဟာ အီတလီအသင်းကို မကြောက်ဘဲ အကောင်းဆုံးကစားသွားခဲ့လို့ ပထမပိုင်းမှာ ဂိုးသွင်းခွင့် ပိုမိုဖန်တီးနိုင်ခဲ့တာပါ။ ဘော့စနီးယားအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် (၃၂) မိနစ်မှာ လှပတဲ့ကစားကွက်ကနေ ဗစ်ကာ ဖန်တီးပေးတာကို ဇက်ကိုက ဂိုးပေါက်နဲ့အနီးကပ်အနေအထားကနေ ပိတ်သွင်းယူခဲ့တာပါ။

ဂိုးပေးလိုက်ရပြီးနောက် အီတလီတို့တိုက်စစ်ဖွင့်ဖို့ ကြိုးစားခဲ့ပေမယ့် ဘော့စနီးယားအသင်းရဲ့ တန်ပြန်တိုက်စစ်တွေက ပိုထိရောက်ခဲ့ပြီး ပထမပိုင်းမှာတော့ အီတလီ (၀-၁) ဂိုးနဲ့ ရှုံးနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အိမ်ကွင်းမှာ ချေပဂိုးရဖို့ အီတလီအသင်း တင်ကစားလာခဲ့ပြီး ပွဲချိန် (၄၉) မိနစ်မှာပဲ ချေပဂိုးရခဲ့ပါတယ်။ ဘာနာဒက်ခီရဲ့ ပေးပို့မှုကနေ အင်ဆစ်ဂ်နီက ဧရိယာအပြင်ဘက်ကနေ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အီတလီအသင်းဟာ ဆက်လက်ဖိကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရရှိလာတဲ့အခွင့်အရေးတွေကို တိုက်စစ်ပိုင်းက ကွာဂလီရယ်လာ အသုံးချနိုင်ခြင်းမရှိတာကြောင့် အီတလီတို့ နစ်နာခဲ့ရပါတယ်။

ပထမပိုင်းက ကောင်းခဲ့တဲ့ ဘော့စနီးယားအသင်းဟာ ဒုတိယပိုင်းမှာတော့ အီတလီအသင်းရဲ့ တိုက်စစ်ကို ထိန်းချုပ်ရင်းနဲ့ပဲ အချိန်ကုန်ခဲ့ရပါတယ်။

အိမ်ကွင်းပရိသတ်အားနဲ့ အနိုင်ရဖို့ တောက်လျှောက်တိုက်စစ်ဖွင့်နေတဲ့ အီတလီအသင်းဟာ ပွဲချိန် (၈၆) မိနစ်မှာတော့ အနိုင်ဂိုးရခဲ့ပါတယ်။ အင်ဆစ်ဂ်နီဖန်တီးပေးတာကို ကွင်းလယ်လူ ဗာရက်တီက ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ကျန်ပွဲချိန်တွေမှာ ဘော့စနီးယားအသင်း ချေပဂိုးရဖို့ ကြိုးစားပေမယ့် အီတလီအသင်းက အကောင်းဆုံးထိန်းကစားခဲ့ပြီး အိမ်ကွင်းမှာ (၂-၁) ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။

ဒီနိုင်ပွဲဟာ အီတလီအသင်းအတွက် ယူရို-၂၀၂၀ ခြေစစ်ပွဲမှာ (၄) ပွဲကစား (၄) ပွဲမြောက်နိုင်ပွဲဖြစ်ခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်နိုင်နေတာလည်း ဖြစ်ပါတယ်။



■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်

ယူရို-၂၀၂၀ ခြေစစ်ပွဲ

ကာဇက်စတန် ၄-၀ ဆန်မာရီနို

အဇာဘိုင်ဂျန် ၁-၅ ဆလိုဗက်ကီးယား

ဂျာမနီ ၈-၀ အက်စ်တိုးနီးယား

ဘီလာရုစ် ၀-၁ မြောက်အိုင်ယာလန်

ဟန်ဂေရီ ၁-၀ ဝေးလ်စ်

အိုက်စလန် ၂-၁ တူရကီ

အန်ဒိုရာ ၀-၄ ပြင်သစ်

အယ်လ်ဘေးနီးယား ၂-၀ မော်လ်ဒိုဗာ

ရုရှား ၁-၀ ဆိုက်ပရပ်စ်

ဘယ်လ်ဂျီယံ ၃-၀ စကော့တလန်

လက်ချင်စတိန်း ၀-၂ ဖင်လန်

အီတလီ ၂-၁ ဘော့စနီးယား

ဂရိ ၂-၃ အာမေးနီးယား



ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်)

ဂူအမ် ၅-၀ ဘူတန်

ဘရူနိုင်း ၂-၁ မွန်ဂိုလီးယား

တီမော ၁-၅ မလေးရှား

ဘင်္ဂလားဒေ့ရှ် ၀-၀ လာအို

ပါကစ္စတန် ၁-၂ ကမ္ဘောဒီးယား



ခြေစစ်ပွဲ

တောင်ကိုရီးယား ၁-၁ အီရန်

စင်ကာပူ ၁-၂ မြန်မာ

တရုတ် ၁-၀ တာဂျစ်ကစ္စတန်

ဟောင်ကောင် ၀-၂ တရုတ်တိုင်ပေ

ဥဇဘက်ကစ္စတန် ၂-၀ ဆီးရီးယား

ကာဂျစ္စတန်၂-၂ ပါလက်စတိုင်း

အယ်လ်ဂျီးရီးယား ၁-၀ ဘူရွန်ဒီ

အမျိုးသမီး ကမ္ဘာ့ဖလား

နယူးဇီလန် ၀-၁ နယ်သာလန်

ချီလီ ၀-၂ ဆွီဒင်

အမေရိကန် ၁၃-၀ ထိုင်း

ယူ-၂၀ ကမ္ဘာ့ဖလား (ဆီမီးဖိုင်နယ်)

ယူကရိန်း ၁-၀ အီတလီ

အီကွေဒေါ ၀-၁ တောင်ကိုရီးယား

ယူ-၂၁ ယူရိုခြေစစ်ပွဲ

ကိုဆိုဗို ၃-၁ တူရကီ

မွန်တီနီဂရိုး ၁-၂ ကာဇက်စတန်

Most Read

Most Recent