လျှပ်စစ်ဓာတ်တိုင် သွယ်တန်းခြင်း၊ လျှပ်စစ်မီးကြိုး သွယ်တန်းရာတွင် ကန့်ကွက်ခဲ့သည်ဟုဆိုကာ မိတ္ထီလာမြို့နယ် မြာကျေးရွာအား တိုင်းအစိုးရလမ်းညွှန်ချက်နှင့်အညီ လျှပ်စစ်ဥပဒေအရ အရေးယူသည်ဟုဆိုကာ လျှပ်စစ်မီးဖြတ်တောက်ထားကြောင်း မိတ္ထီလာခရိုင် လျှပ်စစ်ရုံးနှင့် မြာကျေးရွာဒေသခံများထံမှ သိရသည်။
“ဖြစ်စဉ်ကလည်း အားလုံးသိပြီးသားပါ။ တိုင်းအစိုးရရဲ့ သဘောတူညီလမ်းညွှန်ချက်အရ လျှပ်စစ်ဥပဒေနဲ့ အရေးယူတဲ့အနေနဲ့ လျှပ်စစ်မီးဖြတ်ထားတာပါ။ ဒါဘာလဲဆိုတော့ တည်ဆောက်ပြီး ဓာတ်အားလိုင်းကို ဌာနကပဲ တာဝန်ယူရမှာပါ။ ဒီဓာတ်အားလိုင်းတွေ ကျိုးပဲ့သွားရင်လည်း ဌာနကပဲ ပြင်ရမယ်။ ရွာက ပြင်စရာမလိုပါဘူး။ ဒါတွေနဲ့ပတ်သက်ပြီး ကျေးရွာကလူတွေကိုလည်း အကြိမ်ကြိမ် ခေါ်ရှင်းပြထားပြီးသားပါ။ ခန်းမမှာလည်း ရှင်းပြတယ်။ ခရိုင်အဆင့်၊ မြို့နယ်အဆင့်နဲ့ မီးကော်မတီကိုလည်း ခေါ်ရှင်းပြထားပြီးသားပါ။ တကယ်လို့ မလိုက်နာရင် ဒီလို အကျိုးဆက်တွေ ဖြစ်လာမယ်ဆိုတာလည်း ရှင်းပြထားပြီးသားပါ။ ဒါကိုမှ ဆက်လုပ်လာလို့ တိုုင်းအစိုးရအဖွဲ့ကနေဒါကို လျှပ်စစ်ဥပဒေနဲ့ မီးဖြတ်ထားလိုက်ပါ ညွန်ကြားလို့ မီးဖြတ်ထားလိုက်တာပါ။ လျှပ်စစ်မီးပြန်ဆက်ဖို့ကလည်း တိုင်းအစိုးရရဲ့ လမ်းညွှန်ချက်အတိုင်း ဖြစ်လာမှာပါ။ ဖြတ်တာလည်း ကျွန်တော်တို့ အဆင့်နဲ့ လုပ်လို့မရပါဘူး။ ပြန်ဆက်တာလည်း တိုင်းအစိုးရရဲ့ လမ်းညွှန်ချက်အတိုင်း ဖြစ်ရမှာပဲ။ အစိုးရအဖွဲ့ရဲ့ သဘောတူညီမှုနဲ့ သွားရမှာပါ” ဟု မိတ္ထီလာခရိုင် လျှပ်စစ်မန်နေဂျာ ဦးနေဦးက ပြောကြားသည်။
“မြာကျေးရွာကနေ လျှပ်စစ်ကြိုး ဖြတ်သန်းပြီး သွယ်တန်းတာမှာ ဘုန်းကြီးတို့လည်း သိန်း ၁၀၀ ကို နှစ်ကျပ်ခွဲတိုးနဲ့ယူပြီး လျှပ်စစ်မီးကြိုး သွယ်တန်းထားတာပါ။ အကုန်လုံး မီးသွယ်တန်းတာ ကုန်ကျစရိတ်သိန်း ၂၄၀ လောက်ရှိတယ်။ အဲဒီလိုချေးငှားပြီး ရွာမီးလင်းတော့ ဘေးရွာတွေကလည်း မီးလင်းချင်ပါတယ်ဆိုတော့ကာ ဘုန်းကြီးတို့လည်း ညှိနှိုင်းကြတာပေါ့။ အဲဒီလိုညှိနှိုင်းတော့ မြာရယ်၊ ရဝေရယ်၊ ရှမ်းတဲ၊ သဲကြီးကုန်းလေးရွာဆိုတော့ တစ်ရွာကို သိန်း ၆၀ ကျတယ်။ အဲဒါကို သဘောတူကြတယ်ဆိုပြီး လက်မှတ်ထိုးကြတယ်။ လက်မှတ်တွေလည်း အပြည့်အစုံပါ။ ကလေးတွေလည်း မဟုတ်ကြပါဘူး။ အသက် ၆၀ ကျော် လူကြီးတွေ လုပ်ကြတာပါ။ ဘုန်းကြီးကျောင်းဝင်းထဲမှာ လုပ်ကြတာ။ ကတိတွေတည်ကြပေါ့။ အခု အဲဒီပိုက်ဆံမပေးဘူးဆိုပြီး လျှပ်စစ်မီးကြိုး သွယ်ကြတန်းကြ လုပ်ကြတော့ အခုလိုဖြစ်ကြတာပါ။ အခုလို ဖြစ်ရတော့ ဘုန်းကြီးတို့လည်း စိတ်လက်မချမ်းသာပါဘူး” ဟု မြာတလိုင်းကျင်းကျောင်းဆရာတော် ဥူးဇေတိက ၀ါတော် (၄၁ နှစ်)၊ သက်တော် (၆၁ နှစ်) က မိန့်ကြားသည်။
အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက မိတ္ထီလာမြို့နယ် မြာကျေးရွာ လျှပ်စစ်ဓာတ်အားလိုင်းမှတစ်ဆင့် အခြားကျေးရွာသို့ သွယ်တန်းရန် လျှပ်စစ်ဓာတ်အားလိုင်း စိုက်ထူသွယ်တန်းစဉ် မြာကျေးရွာသားများက ကိုယ့်အားကိုယ့်ကိုးစနစ်ဖြင့် သွယ်တန်းထားခြင်း ဖြစ်သဖြင့် ကုန်ကျစရိတ်ရှိခဲ့ရာ ကုန်ကျစရိတ် ပြန်လည်မျှဝေကျခံပေးရန်နှင့် ညှိနှိုင်းဆွေးနွေးရန် ပြောဆိုရာမှ လူစုလူဝေးဖြစ်ပွားခဲ့ပြီး ခဲများဖြင့် ပစ်ပေါက်ခဲ့သဖြင့် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းရာတွင် လုံခြုံရေးလိုက်ပါလာသော မိတ္ထီလာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးညွန့်ထွန်းနှင့် ရဲတပ်သား မသီတာအေးတို့မှာ ပေါက်ပြဲဒဏ်ရာ မစိုးရိမ်ရရရှိခဲ့ပြီး ရဲတပ်ဖွဲ့မှ ၃၈ ဗို့ မီးခိုးဖြူဗုံးဖြင့် တစ်ချက်ပစ်ခတ် လူစုခွဲခဲ့ရကာ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းခြင်းအား လက်ရှိအချိန်ထိ ရပ်ဆိုင်းထားခဲ့ပြီး မြာကျေးရွာအား လျှပ်စစ်ဥပဒေဖြင့် အဆိုပါနေ့မှ စတင်ပြီး လျှပ်စစ်မီး ဖြတ်တောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါကဲ့သို့ လျှပ်စစ်မီးလိုင်းသွယ်တန်းခြင်းအား မိတ္ထီလာမြို့နယ် မြာကျေးရွာနေသူများမှ လူစုလူဝေးဖြင့် ကန့်ကွက်ခဲ့ခြင်းကြောင့် မိတ္ထီလာမြို့နယ် မြို့မရဲစခန်းမှူး ကျော်ထင်မှ တရားလိုပြုလုပ်ကာ အောက်တိုဘာ ၂၉ ရက်က မြာကျေးရွာနေ အမည်မသိ လူ ၁၀ ဦးအား ထောင်ဒဏ် ၁၀ နှစ်ထိ ကျခံနိုင်သော ရာဇသတ်ကြီးပုဒ်မ ၃၃၃ အပါအဝင် ပုဒ်မလေးခုဖြင့် အမှုဖွင့်ထားဆဲဖြစ်ကြောင်း သိရှိရသည်။















