၂၀၂၂ ကမ္ဘာ့ဖလားတွင် ပါဝင်ကစားရန် မသေချာကြောင်း အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ ဝန်ခံ

၂၀၂၂ ကမ္ဘာ့ဖလားတွင် ပါဝင်ကစားရန် မသေချာကြောင်း အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ ဝန်ခံ
Photos : AFP
Photos : AFP
Published 3 June 2019

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက မိမိအနေဖြင့် ကာတာနိုင်ငံ၌ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားတွင် ပါဝင်ကစားရန် မသေ ချာကြောင်း FOX Sports ရုပ်သံနှင့် တွေ့ဆုံရာ တွင် ဝန်ခံပြောကြားခဲ့သည်။

အသက် (၃၁) နှစ်အရွယ်ရှိ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသက် (၃၄) နှစ် ရှိနေမည်ဖြစ်သည်။

မက်ဆီသည် ဘာစီလိုနာအသင်းနှင့်အတူ ကလပ်ကစားသမားဘဝတွင် အောင်မြင်မှုများစွာ ရရှိ ထားသော်လည်း အာဂျင်တီးနားလက်ရွေးစင်အ သင်းနှင့်မူ ဆုဖလားကိုင်မြှောက်နိုင်ခြင်း မရှိသေးပေ။ (အာဂျင်တီးနားအသင်းသည် ၁၉၈၆ ကမ္ဘာ့ ဖလားတွင် နောက်ဆုံးအကြိမ် ဗိုလ်စွဲခဲ့သည်)

မက်ဆီက ''ကာတာကမ္ဘာ့ဖလားမှာ ပါဝင်ကစားနိုင်မလား၊ မကစားနိုင်ဘူးလားဆိုတာကို ကျွန်တော် မသိသေးပါဘူး။ ဒါကို ဘုရားသခင်က ဆုံး ဖြတ်ပါလိမ့်မယ်။ အခုအချိန်မှာ ကျွန်တော့်အနေနဲ့ ကိုယ်ကာယအရရော၊ စိတ်ဓာတ်ပိုင်းအရပါ ဘောလုံးကစားဖို့ အသင့်ဖြစ်နေပမယ့် ကျွန်တော့် အသက်က သိပ်မကြာခင် (၃၂) နှစ်ပြည့်တော့မှာပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဘာကိုမှ အတိအကျမပြောနိုင်ပါဘူး။ ဘောလုံးမှာ အရာအား လုံးက ဖြစ်ပျက်နိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒဏ်ရာကြီးကြီးမားမားမရဖို့ မျှော်လင့်ပါတယ်''ဟု ပြောကြားခဲ့သည်။

ထို့ပြင်  မက်ဆီက မိမိအနေဖြင့် ကစားသမားဘဝမှအနားမယူမီ အာဂျင်တီးနားအသင်းနှင့်အတူ ဆုဖလားတစ်ခုခုကိုင်မြှောက်လိုကြောင်း နှင့် လာမည့်ကိုပါအမေရိကပြိုင်ပွဲတွင် အခွင့်အရေးကို ဆုပ်ကိုင်လိုကြောင်း ပြောကြားခဲ့သည်။

မက်ဆီက ''ကျွန်တော့်အနေနဲ့ ကစားသမားဘဝက အနားမယူခင် အာဂျင်တီးနားအသင်းနဲ့ ဆုဖလားတစ်လုံးလုံး ကိုင်မြှောက်ချင်ပါတယ်။ ဖြစ် မလာခဲ့ဘူးဆိုရင်တောင် ကျွန်တော့်အနေနဲ့ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ တတ်နိုင်သလောက် ကြိုးစားသွားမှာပါ။ ကျွန်တော့် အနေနဲ့ ရရှိလာတဲ့အခွင့်အရေးကို လက်လွှတ်လိုက်ရတဲ့ခံစားမှုမျိုးကို မခံစားချင်ပါဘူး''ဟု ပြောကြားခဲ့သည်။

မက်ဆီသည် အာဂျင်တီးနားအသင်းနှင့် ကိုပါအမေရိကဗိုလ်လုပွဲ (၃) ကြိမ်နှင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲ (၁) ကြိမ် တက်ရောက်နိုင်ခဲ့သော်လည်း ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

မက်ဆီသည် အာဂျင်တီးနားအ သင်းတွင် ၂၀၀၅ ခု နှစ်က စတင်ပွဲထွက်ကစားခဲ့ပြီး (၁၅၂) ပွဲတွင် (၆၅) ဂိုးသွင်းယူထားကာ အသင်းသမိုင်းတွင် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။

မက်ဆီသည် ဇွန်လ (၁၄) ရက် တွင် ဘရာဇီးလ်နိုင်ငံ၌စတင်ကျင်းပမည့် ၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲကို ၎င်း၏နောက်ဆုံးပြိုင်ပွဲအဖြစ် သတ် မှတ်ထားပြီး ချန်ပီယံဆုရရှိရန် အစွမ်းကုန် ကြိုးစားသွားဖွယ်ရှိနေသည်။

အာဂျင်တီးနားအသင်းသည် ဇွန်လ (၁၅) ရက်တွင် ကိုပါအမေရိက အုပ်စုအဖွင့်ပွဲအဖြစ် ကိုလံဘီယာအသင်းနှင့် ကစားရမည်ဖြစ်သည်။

 

Most Read

Most Recent