ယခုရာသီ ချန်ပီယံလိဂ်အကောင်းဆုံးအသင်းတွင် ချန်ပီယံ လီဗာပူးလ်အသင်းမှ ခြောက်ဦးဖြင့် အများဆုံးပါဝင်

ယခုရာသီ ချန်ပီယံလိဂ်အကောင်းဆုံးအသင်းတွင် ချန်ပီယံ လီဗာပူးလ်အသင်းမှ ခြောက်ဦးဖြင့် အများဆုံးပါဝင်
Published 3 June 2019

၂၀၁၈-၂၀၁၉ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးအသင်းကို ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ဇွန် ၂ ရက်တွင်ထုတ်ပြန်ရာ ချန်ပီယံ လီဗာပူးလ်အသင်းမှ ခြောက်ဦးဖြင့် အများဆုံးပါဝင်ခဲ့ကြောင်း သိရသည်။

ယင်းအသင်းကို UEFA ၏ နည်းစနစ် ပိုင်းသုံးသပ်လေ့လာရေးအဖွဲ့က ထုတ်ပြန်ခြင်းဖြစ်ပြီး ကစားသမား ၂၀ အထိ ရွေးချယ်ထားကြောင်း သိရသည်။

ချန်ပီယံဆုရရှိခဲ့သည့် လီဗာပူးလ်အသင်းမှ ဂိုးသမား အယ် လစ်ဆန်၊ နောက်ခံလူ ဗန်ဒိုက်၊ အလက်ဇန္ဒားအာနိုးလ်၊ ရောဘတ်ဆန်၊ ကွင်းလယ်လူ ၀ိုင် နယ်လ်ဒမ်း နှင့် တိုက်စစ်ကစားသမား မာနေတို့ ရွေးချယ်ခံခဲ့ရပြီး ဗိုလ်လုပွဲ၌ အဖွင့်ဂိုး သွင်းယူခဲ့သူ ဆာလာမှာမူ ပါဝင်ခြင်းမရှိကြောင်း သိရသည်။

လီဗာပူးလ်အသင်း၏နောက်တွင်  ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သည့် အေဂျက်စ်အသင်းမှ ငါးဦးဖြင့် ဒုတိယအများဆုံးရွေးချယ်ခံရပြီး နောက်ခံလူ ဒီလစ်၊ ကွင်းလယ်လူ ဇီယာ့ရှ်၊ နေရက်စ်၊ ဒီယွန်း၊ တိုက်စစ်မှူး တာဒစ်တို့ပါဝင်သည်။

ဒုတိယဖြင့် ကျေနပ်ခဲ့ရသည့် စပါးအသင်းမှ နောက်ခံလူ ဗာတွန်ဂန်၊ ကွင်းလယ်လူ ဆစ်ဆိုကို၊ တိုက်စစ်ကစားသမား လူးကပ်စ်မော်ရာတို့ဖြင့် တတိယအများဆုံးရွေးချယ်ခံရပြီး ဘာစီလိုနာအသင်းမှ ဂိုးသမား စတီဂန်နှင့် တိုက်စစ်မှူး မက်ဆီ၊ မန်စီးတီးအသင်းမှ ကွင်းလယ်လူ ဒီဘရိုင်းနားနှင့် တောင်ပံကစားသမား စတာလင်၊ ဂျူ ဗင်တပ်စ်အသင်းမှ တိုက်စစ်မှူး စီရော်နယ်လ်ဒိုနှင့် လိုင်ယွန်အသင်းမှ ကွင်းလယ်လူ အန်ဒွန်ဘီလီတို့လည်း ရွေးချယ်ခံခဲ့ရသည်။

ချန်ပီယံလိဂ်အကောင်းဆုံးအသင်း ရွေးချယ်သည့် UEFA နည်းစနစ်ပိုင်းသုံးသပ်လေ့လာရေးအဖွဲ့တွင် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်၊ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းနည်းပြ မာတီနက်ဇ်၊ မန်ယူအသင်းနည်းပြဟောင်း ဒေးဗစ်မွိုက်စ်၊ ၀ါဒါဘရီမင်အသင်းနည်းပြဟောင်း သော မတ်စ်ရှက်ဖ်၊ ရီးယဲလ်အသင်းတိုက်စစ်မှူးဟောင်း ရာအူးလ်တို့အပါအဝင် စုစုပေါင်း ကိုးဦးပါဝင်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ရာသီ ချန်ပီယံလိဂ်အကောင်းဆုံးအသင်း

ဂိုး        -    အယ်လစ်ဆန် (လီဗာပူးလ်)၊ စတီဂန် (ဘာစီလိုနာ)

နောက်တန်း    -    ဗန်ဒိုက်၊ အလက်ဇန္ဒားအာနိုးလ်၊ ရောဘတ်ဆန် (လီဗာပူးလ်)၊ ဒီလစ် (အေဂျက်စ်)၊

            ဗာတွန်ဂန် (စပါး)

အလယ်တန်း    -    ဆစ်ဆိုကို (စပါး)၊ ဇီယာ့ရှ်၊ နေရက်စ် (အေဂျက်စ်)၊ ဒီဘရိုင်းနား၊ စတာလင် (မန်စီးတီး)၊

            ဒီယွန်း (အေဂျက်စ်)၊ အန်ဒွန်ဘီလီ (လိုင်ယွန်)၊ ၀ိုင်နယ်လ်ဒမ်း (လီဗာပူးလ်)

ရှေ့တန်း        -    မက်ဆီ (ဘာစီလိုနာ)၊ တာဒစ် (အေဂျက်စ်)၊ မာနေ (လီဗာပူးလ်)၊ စီရော်နယ်လ်ဒို (ဂျူဗင်တပ်စ်)၊

            လူးကပ်စ်မော်ရာ (စပါး)

Most Read

Most Recent