မီဒီယာဖိနှိပ်မှုအား ဆန့်ကျင်မှုအဖြစ် ဟောင်ကောင်ဥပဒေပြုအမတ်အချို့က အုပ်ချုပ်ရေးမှူး မိန့်ခွန်းမပြောမီ ခန်းမမှ ထွက်ခွာ

မီဒီယာဖိနှိပ်မှုအား ဆန့်ကျင်မှုအဖြစ် ဟောင်ကောင်ဥပဒေပြုအမတ်အချို့က အုပ်ချုပ်ရေးမှူး မိန့်ခွန်းမပြောမီ ခန်းမမှ ထွက်ခွာ
အောက်တိုဘာ ၁၀ ရက်တွင် ဟောင်ကောင်ဥပဒေပြုလွှတ်တော်၌ အုပ်ချုပ်ရေးမှူးလမ်ကို  ဆန့်ကျင်အော်ဟစ်နေသည့် အမတ်တစ်ဦးအား လုံခြုံရေးများက ဟန့်တားနေစဉ် (Photo: AFP)
အောက်တိုဘာ ၁၀ ရက်တွင် ဟောင်ကောင်ဥပဒေပြုလွှတ်တော်၌ အုပ်ချုပ်ရေးမှူးလမ်ကို ဆန့်ကျင်အော်ဟစ်နေသည့် အမတ်တစ်ဦးအား လုံခြုံရေးများက ဟန့်တားနေစဉ် (Photo: AFP)
Published 10 October 2018
Ref: AFP

ဗြိတိန်ထိပ်တန်းဂျာနယ်လစ်တစ်ဦးအား အလုပ်ဗီဇာ ငြင်းပယ်ခဲ့မှုကို ဆန့်ကျင်မှုအဖြစ် ဟောင်ကောင်ဥပဒေပြုအမတ်အချို့သည် အောက်တိုဘာ ၁၀ ရက်တွင် အုပ်ချုပ်ရေးမှူးကာရီလမ်၏ နှစ်စဉ်ပြောကြားနေကျ မူဝါဒမိန့်ခွန်း မပြောကြားမီ ဥပဒေပြု ကောင်စီခန်းမမှ ထွက်ခွာခဲ့ကြကြောင်း သိရသည်။

ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင်အတွက် အဓိက ဦးစားပေးမူဝါဒများအား ချပြမည့်မိန့်ခွန်းကို လမ်က မပြောကြားမီ တစ်ဒါဇင်ခန့်ရှိသော ဒီမိုကရေစီလိုလားသည့် ဥပဒေပြုအမတ်များသည် “မီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်ကြ” ဟု အော်ဟစ်လျက် “မီဒီယာ လွတ်လပ်ခွင့်ပေး။ ဖိနှိပ်မှု မရှိစေရ” ဟူသောစာတန်းများကို ကိုင်ဆောင်ခဲ့ကြသည်။ Financial Times သတင်းစာ၏ အာရှရေးရာ အယ်ဒီတာဖြစ်သူ ဗစ်တာမယ်လက်၏ ဗီဇာသက်တမ်းတိုးမှုအား ဟောင်ကောင်က ပြီးခဲ့သော သီတင်းပတ်တွင် ပယ်ချခဲ့ပြီးနောက် ယခုကဲ့သို့ ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

မယ်လက်သည် ပြီးခဲ့သောသြဂုတ်တွင် ပြည်ပသတင်းထောက်များကလပ်၌  ဟောင်ကောင်လွတ်လပ်ရေး လိုလားသည့် တက်ကြွလှုပ်ရှားသူ အင်ဒီချန်း မိန့်ခွန်းပြောနိုင်ရန် စီစဉ်ပေးခဲ့သူဖြစ်သည်။ “ကျွန်မတို့က ကာရီလမ်ကို ဒေါသထွက်တာနဲ့ မနှစ်မြို့တာကို ပြသလိုက်တာပါ။ သူက တကယ်တော့ ဟောင်ကောင်ကို နိုင်ငံတကာမှာ ဟာသဖြစ်စရာဖြစ်အောင် လုပ်နေတာ။ သူက အကြောက်တရားနဲ့ အုပ်ချုပ်နိုင်ဖို့ တကယ့်ကို စိတ်ပိုင်းဖြတ်ထားပုံရတယ်” ဟု လမ်အား ဆန့်ကျင်မှုတွင် ပါဝင်ခဲ့သည့် ဒီမိုကရေစီလိုလားသည့် အမတ်တစ်ဦးဖြစ်သူ ကလော်ဒီယာမိုက ပြောကြားခဲ့သည်။

မယ်လက်အား ဗီဇာငြင်းပယ်မှုကြောင့် ဆန့်ကျင်ကန့်ကွက်မှုများ ထွက်ပေါ်ခဲ့ပြီး အမေရိကန်နှင့် ဗြိတိန်တို့ကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ ယင်းကဲ့သို့ ဗီဇာငြင်းပယ်ခြင်းသည် နိုင်ငံရေးလှုံ့ဆော်မှုဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျာရီမီဟန့်က အောက်တိုဘာ ၉ ရက်တွင် ပြောကြားခဲ့ပြီး အာဏာပိုင်များ အနေဖြင့် ပြန်လည်စဉ်းစားရန် ၎င်းက တိုက်တွန်းခဲ့သည်။

ပြီးခဲ့သောဇူလိုင်တွင် အုပ်ချုပ်ရေးမှူး တာဝန်စတင်ထမ်းဆောင်ခဲ့ပြီးနောက် လမ်သည် အမေရိကန်-တရုတ်ကုန်သွယ်ရေး စစ်ပွဲကြောင့် ဟောင်ကောင်စီးပွားရေးနှင့် ဘဏ္ဍာရေးစျေးကွက် ထိခိုက်နိုင်ခြေရှိမှုနှင့် ကမ္ဘာတွင် စျေးနှုန်းအမြင့်ဆုံး အိမ်ခြံမြေစျေးကွက် ဖြစ်နေမှုတို့ အပါအဝင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည်။ တရုတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်းရဒေသ ဟောင်ကောင်အား ပိုမိုချုပ်ကိုင်နိုင်ရန် ကြိုးပမ်းနေသည့် ပေကျင်းအစိုးရနှင့် ဟောင်ကောင်ဒီမိုကရေစီနှင့် လွတ်လပ်ရေး လိုလားသူများအကြား နိုင်ငံရေးဆိုင်ရာ တင်းမာမှုများသည် ဆက်လက် မြင့်တက်နေသည်။

ဟောင်ကောင်အား တရုတ်မှခွဲထွက်ရန် ကြိုးပမ်းသူများကို လမ်က ၄၅ မိနစ်ကြာမြင့်သည့် ၎င်း၏မိန့်ခွန်းတွင် အပြင်းထန်ဆုံး သတိပေးခဲ့သည်။ ဟောင်ကောင်လွတ်လပ်ရေးအတွက် လှုံ့ဆော်သည့်၊ ဟောင်ကောင်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ခြိမ်းခြောက်သည့် မည်သည့်လုပ်ရပ်ကိုမဆို သည်းခံသွားမည် မဟုတ်ကြောင်း လမ်က သတိပေးခဲ့သည်။

Most Read

Most Recent