၂၀၁၁ သြဂုတ်လမှစပြီး ပရီးမီးယားလိဂ်တွင် ဖရီးကစ်မှ တိုက်ရိုက်ဂိုးသွင်းမှုအများဆုံးအဖြစ် မာတာ ရပ်တည်

၂၀၁၁ သြဂုတ်လမှစပြီး ပရီးမီးယားလိဂ်တွင် ဖရီးကစ်မှ တိုက်ရိုက်ဂိုးသွင်းမှုအများဆုံးအဖြစ် မာတာ ရပ်တည်
Published 10 October 2018

မန်ယူကွင်းလယ်လူ မာတာသည် ၂၀၁၁ ခုနှစ်၊ သြဂုတ်လမှစတင်ပြီး ပရီးမီးယားလိဂ်တွင် ဖရီးကစ်များမှ တိုက်ရိုက်ဂိုးသွင်းယူမှုအများဆုံးကစားသမားအဖြစ် (၈)ဂိုးဖြင့် ထိပ်ဆုံး၌ ရပ်တည်နေကြောင်းသိရသည်။

အသက် (၃၀) နှစ်အရွယ်ရှိ စပိန်ကွင်းလယ်လူ ဟွမ်မာတာသည် ၂၀၁၁ ခုနှစ် သြဂုတ်လတွင် ဗလင်စီယာအသင်းမှ ချယ်လ်ဆီးအသင်းသို့ ပေါင် (၂၃.၅) သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ၄င်းသည် ချယ်လ်ဆီးအသင်းတွင် (၃)ရာသီကြာ ကစားပြီးနောက် ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် မန်ယူအသင်းသို့ ပေါင် (၃၇.၁) သန်းဖြင့် ပြောင်းရွှေ့ကစားခဲ့သည်။

ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူ (၃-၂) နယူးကာဆယ်ပွဲတွင် မန်ယူအသင်းအတွက် ပထမဆုံးချေပဂိုးကို ဖရီးကစ်မှတစ်ဆင့် တိုက်ရိုက်ကန်သွင်းယူခဲ့သည့် မာတာသည် ၂၀၁၁ ခုနှစ်၊ သြဂုတ်လမှစတင်၍ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်တွင် ဖရီးကစ်မှတစ်ဆင့် တိုက်ရိုက်ဂိုးသွင်းယူမှု (၈) ဂိုးအထိရှိလာခဲ့ကာ ယင်းကာလအတွင်း အများဆုံးဖြစ်ကြောင်း သိရသည်။

၄င်း၏နောက်တွင် အဲဗာတန်အသင်း၏ကွင်းလယ်လူ ဆီဂတ်ဆန်က (၇) ဂိုးဖြင့် ဒုတိယနေရာ၌ ရပ်တည်နေသည်။ မန်ယူတိုက်စစ်မှူးဟောင်း ရွန်နီ၊ ဝက်စ်ဟမ်းကွင်းလယ်လူ ဆနော့ဂရက်နှင့် စပါးကွင်းလယ်လူ အဲရစ်ဆင်တို့က (၆) ဂိုးစီဖြင့် တတိယနေရာတွင် ရှိနေပြီး၊ လက်ရှိဘာစီလိုနာအသင်းတွင် ကစားနေကြသော လီဗာပူးလ်ကစားသမားဟောင်းများဖြစ်သည့် ဆွာရက်ဇ်၊ ကော်တင်ဟိုနှင့် မန်ယူတောင်ပံကစားသမား ဆန်းချက်ဇ်တို့က ဖရီးကစ်မှတိုက်ရိုက်ဂိုးသွင်းယူမှု (၅) ဂိုးအထိရှိခဲ့ကြောင်းသိရသည်။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဖရီးကစ်မှတစ်ဆင့် ဂိုးအများဆုံးသွင်းယူထားသည့်ကစားသမားမှာ မန်ယူညာတောင်ပံကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းဖြစ်ပြီး ဖရီးကစ်မှတစ်ဆင့် တိုက်ရိုက်သွင်းယူခဲ့သည့်ဂိုး (၁၈) ဂိုးအထိရှိခဲ့ကြောင်း သိရသည်။

၄င်းနောက်တွင် အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီနှင့် ချယ်လ်ဆီးဂန္ထဝင်တိုက်စစ်မှူး ဇိုလာတို့က (၁၂) ဂိုးစီဖြင့် ရှိနေပြီး လက်ရှိဂျူဗင်တပ်စ်အသင်းတွင် ကစားနေသည့် မန်ယူကစားသမားဟောင်း စီရော်နယ်လ်ဒိုက (၁၁) ဂိုးဖြင့် တတိယနေရာတွင်ရပ်တည်လျက်ရှိကြောင်းသိရှိရသည်။

Most Read

Most Recent