CNN သတင်းဌာနကို အလဲထိုးအနိုင်ယူသည့် ဗီဒီယိုကို ထရန့်က Twitter ၌တင်ခဲ့

CNN သတင်းဌာနကို အလဲထိုးအနိုင်ယူသည့် ဗီဒီယိုကို ထရန့်က Twitter ၌တင်ခဲ့
Published 6 July 2017

ဇူလိုင် ၂ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် Twitter ၌ဗီဒီယိုဖိုင်တစ်ခုကို တင်လိုက်ခြင်းဖြင့် သတင်းမီဒီယာများအပေါ် တိုက်ခိုက်မှု အသစ်စက်စက်တစ်ရပ် ပြုလုပ်လိုက်သည်။ အဆိုပါဗီဒီယိုဖိုင်တွင် ထရန့်သည် ပရော်ဖက်ရှင်နယ် နပန်းသမားဗီလိန်အဖြစ် သရုပ်ဖော်ထားပြီး မျက်နှာနေရာ၌ CNN သတင်းဌာန၏ လိုဂိုတံဆိပ်ကို အစားထိုးထားသူအား အလဲထိုးအနိုင်ယူသူအဖြစ် သူ့ကိုယ်သူ သရုပ်ဖော်ထားရာ သူ၏အဆင့်အတန်းနှင့် ပတ်သက်၍ ထူးထူးခြားခြား မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

ပရော်ဖက်ရှင်နယ် နပန်းပွဲများ၌ ထင်ပေါ်ကျော်ကြားသူ ဧည့်သည်တစ်ဦးအဖြစ် ထရန့်၏နေ့ရက်များကို ပြန်လည်သြဘာပေးထားသည့် ၁၀ နှစ်သက်တမ်းရှိ ဗီဒီယိုသည် ထရန့်က MSNBC မှဆွေးနွေးပွဲ လက်ခံတင်ဆက်သူနှစ်ဦးအား အထိန်းချုပ်မဲ့စွာ တိုက်ခိုက်မှုကို Twitter ၌တင်ခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာတွင် ပေါ်လာခြင်းဖြစ်သည်။ ထရန့်၏ ယင်းတိုက်ခိုက်မှုကို ပါတီနှစ်ခုစလုံးမှ နိုင်ငံရေးသမားများက အကြီးအကျယ် ပြစ်တင်ဝေဖန်ခဲ့ကြသည်။

ယခု Twitter ၌နောက်ဆုံးတင်ခဲ့သည့် ဗီဒီယိုဖိုင်ကိုလည်း ဂျာနယ်လစ်များက ချက်ချင်းပြစ်တင်ရှုတ်ချခဲ့ကြသည်။ ဂျာနယ်လစ်များက ထရန့်သည် မီဒီယာများအား အကြမ်းဖက်မှုများ ပြုလုပ်စေရန် လှုံ့ဆော်နေပုံရသည်ဟုဆိုကြပြီး ရီပက်ဘလီကင် ဥပဒေပြုအမတ်တစ်ဦးက သမ္မတသည် သူ၏ပို့စ်များမှနေ၍ မယုံကြည်မှုကို လက်နက်အဖြစ်အသုံးပြုရန် ကြိုးပမ်းနေသည်ဟုပြောခဲ့သည်။

သို့သော် အစိုးရအဖွဲ့အရာရှိများက ထရန့်အနေဖြင့် သူ့အားခေါင်းကြီးပိုင်းများဖြင့် ဝေဖန်နေမှုကို တုံ့ပြန်ပိုင်ခွင့်ရှိကြောင်း အခိုင်အမာပြောကြားခဲ့ကြသည်။

၂၈ စက္ကန့်သာကြာသည့် ဗီဒီယိုဖိုင်တွင် ထရန့်သည် လည်စည်းအပါအဝင် ဝတ်စုံပြည့်ဝတ်ထားပြီး နပန်းပွဲကြိုးဝိုင်းအတွင်းရပ်နေသည့် ဝတ်စုံပြည့်အခြားသူတစ်ဦးကို အလဲထိုးချလိုက်သည်ကို တွေ့မြင်ရသည်။ ထရန့်သည် လဲကျသွားသူအား အကြိမ်ကြိမ်ထိုးနှက်ခဲ့ပြီး ထိုသူ၏မျက်နှာ၌ CNN လိုဂိုကိုအုပ်ထားသည်။ ယင်းနောက် CNN လိုဂိုအတုတစ်ခု ဖန်သားပြင်၌ပေါ်လာပြီး FNN: Fraud News Network (သတင်းကွန်ရက်အတု) ဟုစာတန်းထိုးထားသည်။

ပို၍ရှည်လျားသော အွန်လိုင်း၌တွေ့မြင်ရသည့် ဗီဒီယိုဖိုင်၌မူ အလဲထိုးခံရသူသည် ထရန့်၏သူငယ်ချင်းတစ်ဦးဖြစ်သော ကမ္ဘာ့နပန်းဖျော်ဖြေရေးအဖွဲ့ (WWE) ပိုင်ရှင်နှင့် စည်းရုံးလှုပ်ရှားသူ ဗင့်စ်မက်မာဟွန်ဖြစ်ကြောင်း တွေ့ရှိရသည်။ ယင်းဗီဒီယိုဖိုင်တွင် ထရန့်သည် ကြိုးဝိုင်းအတွင်း မက်မာဟွန်၏ ခေါင်းကိုရိတ်ရပြီး ယင်းသည် WrestleMania 23 ပွဲ၏ The Battle of the Billionaires တင်ဆက်မှု တစ်စိတ်တစ်ဒေသဖြစ်သည်။

Most Read

Most Recent