တောင်ငူခရိုင်တွင် မတ်ပဲများ စတင်နုတ်သိမ်းနေပြီး မတ်ပဲဈေး မကောင်းခြင်း၊ အထွက်နှုန်း ကျခြင်းတို့ကြောင့် မတ်ပဲစိုက် တောင်သူများ တွက်ခြေမကိုက်ဟုဆို

တောင်ငူခရိုင်တွင် မတ်ပဲများ စတင်နုတ်သိမ်းနေပြီး မတ်ပဲဈေး မကောင်းခြင်း၊ အထွက်နှုန်း ကျခြင်းတို့ကြောင့် မတ်ပဲစိုက် တောင်သူများ တွက်ခြေမကိုက်ဟုဆို
Published 21 February 2018

အုတ်တွင်းမြို့နယ်တွင် မတ်ပဲများနုတ်သိမ်းနေသည်ကို ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်း မြို့နယ်များတွင် စိုက်ပျိုးသော မတ်ပဲများအား ဖေဖော်ဝါရီလအတွင်း စတင်နုတ်သိမ်းလျက်ရှိပြီး မတ်ပဲပေါ်ခါစမှာပင် မတ်ပဲဈေး မကောင်းခြင်း၊ ပဲအထွက်နှုန်း ကျဆင်းခြင်း တို့ကြောင့် မတ်ပဲစိုက်တောင်သူများ တွက်ခြေကိုက်ခြင်းမရှိဘဲ အရှုံးပေါ်နေကြောင်း ပဲစိုက်တောင်သူများထံမှ သိရသည်။

“ပဲသမားတွေ အခြေအနေတွေကတော့ တအားစိတ်ညစ်တဲ့အပိုင်းတွေ အများကြီး ဖြစ်သွားပြီ။ ပဲလုပ်တဲ့သူတွေအားလုံး မနုတ်ချင်ကြတော့ဘူး။ နုတ်လို့လည်း မဖြစ်တော့ဘူးလေ။ ဒီကောင်က အပင်လာကိုင်တာနဲ့ အရှုံးဇယားက ပြကုန်ပြီ။ အနေအထားက အဲဒီအတိုင်းတွေ ဖြစ်နေပြီ။ တစ်ဧကကို ၁၀ အိတ် ထွက်တယ်ပဲထားဦး ရှုံးနေပြီ။ ဒါက အကောင်းဆုံးပဲကိုထားတွက်တာ။ ကျွန်တော်တို့ အကွက်မျိုးကို ထားတွက်တာ မဟုတ်ဘူး။ အကောင်းဆုံးပဲကို ထားတွက်တာတောင် ရှုံးတယ်။ အစောဆုံးတုန်းက ဆိုလို့ရှိရင် ကျပ် ၂၃၀၀၀ လောက်ပဲရှိတယ်။ အခုမှ နည်းနည်းလေး ပြန်တက်တာ။ အဲဒါကြောင့်မို့လို့ တောင်သူကလည်း သုံးလေးထောင်လောက်ပိုလို့ စိတ်ဝင်စားပြီးတော့ နုတ်နေတာပဲရှိတယ်။ နို့မို့ဆိုရင် မနုတ်တော့ဘူး။ အကုန်လုံး ဒီအတိုင်းပဲ ထားလိုက်တော့မှာ” ဟု အုတ်တွင်းမြို့နယ်မှ မတ်ပဲစိုက်တောင်သူ ကိုကျော်နိုင်ဦးက ပြောကြားသည်။

ပြီးခဲ့သောနှစ်က ယခုကဲ့သို့ မတ်ပဲပေါ်ခါစ၌ မတ်ပဲတစ်အိတ်လျှင် ကျပ် ၄၅၀၀၀ ဝန်းကျင်အထိ ဈေးရရှိခဲ့သော်လည်း ယခုနှစ် မတ်ပဲပေါ်ခါစတွင် မတ်ပဲတစ်အိတ်လျှင် ကျပ် ၂၇၀၀၀ ဝန်းကျင်ခန့်သာ ရှိကြောင်း၊ လုပ်အားခနှုန်းထားများမှာ ပိုမိုမြင့်တက်လာခဲ့ပြီး ယခုနှစ်တွင် အလုပ်သမားတစ်ဦး ငှားရမ်းခ ကျပ် ၄၀၀၀ နှင့် ၄၅၀၀ နှုန်းဖြင့် ငှားရမ်းရသည့်အပြင် အခြားအပင်အားဆေး၊ ဓာတ်မြေသြဇာ ဈေးနှုန်းများနှင့် ပဲမျိုးဈေးနှုန်းများမှာ ယမန်ကထက် ဈေးနှုန်းပိုမိုမြင့်တက် လာသောကြောင့် မတ်ပဲတစ်ဧကစိုက်စရိတ် ပိုမိုများပြားလာကြောင်း၊ ထိုကဲ့သို့ မတ်ပဲစိုက်စရိတ် ပိုမိုများပြား ကုန်ကျလာသော်လည်း မတ်ပဲဈေးမှာ ယမန်နှစ်ဈေးအောက် ထက်ဝက်နီးပါးခန့် ကျဆင်းလျက်ရှိနေကြောင်း မတ်ပဲစိုက်တောင်သူများက ပြောကြားသည်။

“ကျပ် ၄၀၀၀၀၊ ၅၀၀၀၀ လောက်ဆို မဆိုးဘူး။ အဲဒီလိုဈေးမျိုးဆိုရင် ကျွန်မတို့လည်း လာမယ့်နှစ်ကျတော့ စိုက်နိုင်တာပေါ့။ အခု ကျပ် ၂၈၀၀၀၊ ၃၀၀၀၀ ဆိုရင်လည်း မကိုက်ဘူး။ မကိုက်ဘူး ဆိုတာက အခု ဆေးဖိုးတွေနဲ့ ရေတင်ခတွေနဲ့ နုတ်ခတွေနဲ့ နောက်ပြီးတော့ နုတ်ပြီးလို့ရှိရင်လည်း ပြန်ခြွေရသေးတယ်။ ခြွေခတွေကလည်း ဈေးကြီးတယ်။ တစ်အိတ်ကို ကျပ် ၂၀၀၀။ ၂၀၀၀ ဆိုတော့ ဘယ်လိုမှ တွက်ခြေမကိုက်တော့ဘူး။ အခု အချို့တောင်သူတွေကလည်း မနုတ်တော့ဘူး။ နွားတွေချည်း ချကျွေးကုန်ပြီ” ဟု တောင်ငူမြို့နယ် ချောင်ခမ်းကျေးရွာမှ မတ်ပဲစိုက်တောင်သူ ဒေါ်ကြည်ကြည်ဌေးက ပြောကြားသည်။

မတ်ပဲဈေးနှုန်းများ ကျဆင်းနေသည့်အပြင် တောင်ငူခရိုင်မြို့နယ်များတွင် ယခုနှစ် ဆောင်းရာသီ၌ စိုက်ပျိုးသော ပဲစိုက်ခင်းများတွင် မှိုရောဂါ ကျရောက်ခြင်း၊ အချို့စိုက်ခင်းများတွင် မြစ်ပိုးဟုခေါ်သော အမြစ်ကိုစား၍ တစ်ပင်လုံး သေဆုံးစေသော ပိုးများကျရောက်ခြင်း၊ ပဲသီးနှင့် အဖူးအပွင့်များအား ကိုက်ဖြတ်စားသုံးသော ဖျက်ပိုးများ ကျရောက်ခြင်းတို့ကြောင့် ပဲပင်များ ပျက်စီးသေဆုံးခြင်းတို့ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

မတ်ပဲတစ်ဧက စိုက်ပျိုးလျှင် စိုက်ပျိုးချိန်မှ အိတ်သွတ်သည်အထိ ကျပ်နှစ်သိန်းခွဲဝန်းကျင်ခန့် ကုန်ကျကြောင်း၊ မတ်ပဲတစ်ဧကလျှင် ၁၀ အိတ်မှ ၁၅ အိတ်ဝန်းကျင်အထိ ပုံမှန်ထွက်သော်လည်း ယခုနှစ် ပဲစိုက်ခင်းများတွင် ထိခိုက်ပျက်စီးမှုများကြောင့် တစ်ဧကလျှင် လေး၊ ငါးအိတ်သာထွက်သော အခင်းများလည်းရှိကြောင်း၊ လတ်တလောတွင် မတ်ပဲတစ်အိတ်လျှင် ကျပ် ၂၇၀၀၀ ဝန်းကျင်သာ ရှိသောကြောင့် မတ်ပဲစိုက်တောင်သူ အချို့မှာ အရှုံးပေါ်လျက်ရှိပြီး အချို့မှာ လုံးဝမရိတ်သိမ်းဘဲ စွန့်ပစ်သော အခင်းများလည်းရှိကြောင်း သိရသည်။

 

Most Read

Most Recent