ဒလတံတားစီမံကိန်းနှင့် လွတ်ကင်းခြင်းမရှိသည့် ကျူးကျော်အိမ် ၇၃ လုံး ဖေဖော်ဝါရီလကုန်တွင် အပြီးရွှေ့ပြောင်းရမည်ဟုဆို

ဒလတံတားစီမံကိန်းနှင့် လွတ်ကင်းခြင်းမရှိသည့် ကျူးကျော်အိမ် ၇၃ လုံး ဖေဖော်ဝါရီလကုန်တွင် အပြီးရွှေ့ပြောင်းရမည်ဟုဆို
Published 20 February 2018

ဒလတံတားစီမံကိန်းနှင့် လွတ်ကင်းခြင်းမရှိသည့် ကျူးကျော်အိမ် ၇၃လုံးကို ဖေဖော်ဝါရီလကုန်တွင် အပြီးရွှေ့ပြောင်းရမည်ဖြစ်ကြောင်း ဒလမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရွှေယင်(ခ)ဦးထွန်းရင်က ပြောကြားသည်။

“တံတားကိစ္စနဲ့ပတ်သက်ပြီးပြောရရင် တံတားလမ်းကြောင်းမှာမလွတ်တဲ့ မြို့နယ်အဆင့်ရှိ နာရေးကူညီမူအသင်းလည်း လက်မှတ်ထိုးပြီးပြီ။ နောက် အောင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကိုလည်း နေရာပေးပြီးပြီ။  အခုအခါတော့ ရပ်ကွက်အဆင့် နာရေးကူညီမှုအသင်းမြေနေရာလည်း ရပြီးပြီ။ အဲဒီနေရာမှာ ကျူး ၇၃လုံးရှိတယ်။ မြစ်ကမ်းနံဘေးမှာပေါ့၊ ကျူး ၇၃လုံးကို ရှင်းနေရတယ်။ ကျူးတွေကို ကရုဏာကြေးအနေနဲ့ ပေးသွားမယ်။ မပြောင်းချင်ဘူးဆိုတဲ့ သူတွေတော့မရှိဘူး။ မြို့နယ်မှာတော့ တံတားနဲ့ပတ်သက်ပြီး စိတ်ဝင်စားကြတယ်။ အခု ဒီဖေဖော်ဝါရီနောက်ဆုံးသတ်မှတ်ထားတယ်။ ကလေးတွေစာမေးပွဲ ရှိသေးတဲ့အတွက်ကြောင့်ဖြစ်တယ်။ ထက်ဝက်ကျော်တော့ ပြောင်းပြီးသွားပြီ။ ကျန်တဲ့သူတွေက ဖေဖော်ဝါရီကုန်တာနဲ့ ပြောင်းရမယ်” ဟု ဒလမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးရွှေ ယင်(ခ)ဦးထွန်းရင်က ပြောကြားသည်။

ဒလတံတားကို တည်ဆောက်မည့် ဆောက်လုပ်ရေး ကန်ထရိုက်တာကို လာမည့် မတ်လကုန်တွင် ရွေးချယ်နိုင်မည်ဖြစ်ပြီး လက်ရှိအချိန်၌  စီမံကိန်းဧရိယာအတွင်းရှိ နစ်နာသူများအတွက် ကျပ်၁ ဒသမ ၅ ဘီလျံ အထိ ပေးလျော်ထားပြီးဖြစ်ကြောင်း  ဖေဖော် ဝါရီ ၈ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် Myanmar-Korea Investment Promotion Seminar အခမ်းအနားမှ သိရသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတားသည် ဆူးလေဘုရားလမ်း၊ပြည်လမ်း၊ ဗိုလ်တထောင်လမ်းတို့နှင့် ဆက်သွယ်မည်ဖြစ်ဖြစ်ကြောင်းကြောင်း၊ သင်္ဘောကြီးများသွားလာနိုင်ရန် မြစ်ကူးတံတားအား ရေလမ်းကင်းလွတ်အမြင့်ပေ ၁၆၀ နှင့်ရေလမ်းကင်းလွတ်အကျယ် ၈၂၃ ပေ တည်ဆောက်သွားမည်ဖြစ်ပြီး တံတားအရှည် ၂ ဒသမ ၉ ကီလိုမီတာရှိကြောင်း သိရသည်။

တံတားတည်ဆောက်ရေးအတွက် ကုန်ကျငွေ အမေရိကန်ဒေါ်လာသန်း ၁၇၀ နီးပါး ကုန်ကျမည်ဖြစ်ပြီး ကိုရီးယားအစိုးရမှ ဒေါ်လာ ၁၃၈ သန်းချေးငွေကူညီသွားမည် ဖြစ်ကြောင်း ကိုရီးယား Daily Ecomomy သတင်းစာ၌ ဖော်ပြထားသည်။

ကိုရီးယားနိုင်ငံအနေဖြင့် အဆိုပါချေးငွေများကို အတိုးနှုန်း ၀ ဒသမ၅ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ၁၅ နှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ်သတ်မှတ်ထားကာ တစ်နှစ်လျှင် နှစ်ကြိမ် ပြန်ဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ (EDCF) ချေးငွေဖြင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ‘ဒလ’ တံတားတည်ဆောက်ရေးအတွက် ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာ ၁၆ ရက်တွင် ဆောက် လုပ်ရေးဝန်ကြီးဌာနနှင့် ကိုးရီးယားပို့ကုန် သွင်းကုန်ဘဏ် (Korea Exim Bank) တို့ အကြားသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent