ဒိုင်လူကြီးကို ကိုယ်ထိလက်ရောက်ပြုမူခဲ့သည့် ရန်ကုန်အသင်းမှ ကျော်ဇင်ထက်နှင့် မင်းကျော်ခန့်ကို (၁၂) ပွဲပယ်ပြီး ရန်ကုန်နှင့် ဟံသာဝတီအသင်း ဒဏ်ရိုက်ခံရ

ဒိုင်လူကြီးကို ကိုယ်ထိလက်ရောက်ပြုမူခဲ့သည့် ရန်ကုန်အသင်းမှ ကျော်ဇင်ထက်နှင့် မင်းကျော်ခန့်ကို (၁၂) ပွဲပယ်ပြီး ရန်ကုန်နှင့် ဟံသာဝတီအသင်း ဒဏ်ရိုက်ခံရ
Published 3 October 2018

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် စက်တင်ဘာ (၃၀) ရက်က ယှဉ်ပြိုင် ကစားခဲ့သည့် ရန်ကုန်အသင်းနှင့် ဟံသာဝတီ ပွဲမှ ဖြစ်ရပ်များအတွက် ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးချမှတ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် နှစ်ဖက်အသင်းမှာလည်း ပရိသတ်များ၏ အပြုအမူကြောင့် ဒဏ်ကြေးငွေချမှတ်ခံခဲ့ရသည်။

ယင်းပွဲတွင် ပွဲချိန် (၆၃) မိနစ်၌ရန်ကုန်အသင်းဘက်သို့ ပယ်နယ်တီပေးသည့်ဖြစ်ရပ်အပေါ် ကျေနပ်ခြင်းမရှိသောကြောင့် ဂိုးသမား ကျော်ဇင်ထက်နှင့် ပယ်နယ်တီဖြစ်ရပ်ကို ကျူးလွန်သူ မင်းကျော်ခန့်တို့မှာ ကွင်းလယ်ဒိုင် အား ကိုယ်ထိလက်ရောက်တွန်းထိုးခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်ခဲ့ပြီး ပွဲကိုလည်း ငါးမိနစ် ကျော်ကြာ ရပ်နားခဲ့ရသည်။ ကွင်းလယ်ဒိုင်မှ အနီကတ်ဖြင့် ထုတ်ပယ်ခဲ့ရာ ယင်းကစားသမား နှစ်ဦးက ထပ်မံဆဲဆိုပြီး ကိုယ်ထိလက်ရောက်ပြုမူခဲ့သည့်အပြင် ကျော်ဇင်ထက်သည် ပွဲအပြီးတွင် အသင်းဖော်များနှင့်အတူ အောင်ပွဲခံစဉ် ကွင်းလယ်ဒိုင်များအား ကြမ်းတမ်းစွာဆဲဆိုခြင်း၊ ဟန်ပန်အမူအရာဖြင့် ပြုမူစော်ကားခြင်းများ ပြုလုပ်ခဲ့ကြောင်း  MFF စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

MFF စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ယင်းဖြစ်ရပ်အတွက် ယနေ့တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး တာဝန်ကျဒိုင်လူကြီးများအား ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်သူ၏ အစီရင်ခံစာနှင့် ရုပ်သံမှတ်တမ်းများအား ကြည့်ရှုစစ်ဆေးပြီးနောက် ရန်ကုန်ဂိုးသမား ကျော်ဇင်ထက်အား (၁၂) ပွဲပယ်နှင့် ဒဏ်ကြေး ကျပ် (၁၂) သိန်း၊ ရန်ကုန်နောက်ခံလူ မင်းကျော်ခန့်အား (၁၂) ပွဲပယ်နှင့် ဒဏ်ကြေး ကျပ်(၈)သိန်း၊ ကွင်းအတွင်းသို့ ရေဘူးများဖြင့် ပစ်ပေါက်ခဲ့သည့် ပရိသတ်များကြောင့် ရန်ကုန်အသင်းအား ဒဏ်ကြေး ကျပ် (၁၅) သိန်း၊ ကွင်းအတွင်းသို့ ရေဘူးအချို့ပစ်ပေါက်ခဲ့သည့် ပရိသတ်များ၏ အပြုအမူကြောင့် ဟံသာဝတီအသင်းအား ဒဏ်ကြေး ကျပ် (၁၀) သိန်း ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကျော်ဇင်ထက်နှင့် မင်းကျော်ခန့်သည် လာမည့်ရာသီတွင် ရန်ကုန်အသင်း၏ MNL အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ပွဲအားလုံး လွဲချော်မည်ဖြစ်ပြီး ရန်ကုန်အသင်းအနေဖြင့် ရာသီအဖွင့်ပြိုင်ပွဲဖြစ်သည့် MNL Charity Cup ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရထားသောကြောင့် ယင်းပွဲကိုပါ လွဲချော်မည်ဖြစ်သည်။ ယင်းကစားသမားနှစ်ဦးသည် ဒိုင်လူကြီးကို ကိုယ်ထိလက်ရောက်ကျူးလွန်သောကြောင့် ပထမဆုံးအကြိမ် ကာလရှည် ပွဲပယ် ခံရခြင်းဖြစ်သည်။

 

 

 

Most Read

Most Recent