ရဟတ်ယာဉ်ပျက်ကျမှုတွင် အသင်းဥက္ကဋ္ဌ ဗီချိုင်းအပါအဝင် (၅)ဦး အသက်ဆုံးရှုံးခဲ့ကြောင်း လက်စတာအသင်း အတည်ပြု

ရဟတ်ယာဉ်ပျက်ကျမှုတွင် အသင်းဥက္ကဋ္ဌ ဗီချိုင်းအပါအဝင် (၅)ဦး အသက်ဆုံးရှုံးခဲ့ကြောင်း လက်စတာအသင်း အတည်ပြု
Published 29 October 2018

စနေနေ့ညက ဖြစ်ပွားခဲ့သော ရဟတ်ယာဉ်ပျက်ကျမှုတွင် အသင်းဥက္ကဋ္ဌဖြစ်သူ ဗီချိုင်း သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း လက်စတာအသင်းက တရားဝင်အတည်ပြုသတင်း ထုတ်ပြန်လိုက်သည်။

လက်စတာအသင်း၏ ပိုင်ရှင်လည်းဖြစ်သည့် ဗီချိုင်းသည် ၎င်း၏ ကိုယ်ပိုင်ရဟတ်ယာဉ်ဖြင့် လက်စတာအသင်း၏ King Power Stadium မှ ပျံသန်းထွက်ခွာရာတွင် အင်ဂျင်ချို့ယွင်းမှုကြောင့် ကွင်းအနောက်ဘက်ရှိ ကားပါကင်ထဲသို့ ပျက်ကျခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်မှာ မီးလောင်ပေါက်ကွဲခဲ့ကြောင်းလည်း သိရှိရသည်။

လက်စတာအသင်းက အဆိုပါရဟတ်ယာဉ်ပေါ်တွင် အသင်းဥက္ကဋ္ဌ ဗီချိုင်းအပါဝင် လူ(၅)ဦး ပါဝင်သွားခဲ့ပြီး ရှင်သန်လွတ်မြောက်သူ တစ်ဦးမျှမရှိကြောင်းလည်း အတည်ပြုခဲ့သည်။

ဗီချိုင်းနှင့်အတူ ရဟတ်ယာဉ်ပျက်ကျမှုတွင် ပါဝင်ခဲ့သူများမှာ ဗီချိုင်း၏ ဝန်ထမ်း ထိုင်းလူမျိုးနှစ်ဦး၊  လေယာဉ်မှူးအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း သိရှိရသည်။

လက်စတာအသင်း၏ ကြေညာချက်တွင် ''ကျွန်တော်တို့ရဲ့ အသင်းဥက္ကဋ္ဌ ဗီချိုင်း အသက်ဆုံးရှုံးခဲ့ပြီဆိုတာကို စိတ်ထိခိုက်ကြေကွဲစွာနဲ့ အတည်ပြုလိုက်ရပါတယ်။ စနေနေ့ညပိုင်းက ရဟတ်ယာဉ်ပေါ်မှာ သူနဲ့အတူ တခြားလူ(၄)ဦးလည်း ပါဝင်သွားခဲ့ပြီး King Power Stadium ရဲ့အပြင်ဘက်မှာ ပျက်ကျသွားခဲ့တာပါ။ ရှင်သန်လွတ်မြောက်သူ တစ်ဦးမှမရှိပါဘူး'' ဟု ပါရှိခဲ့သည်။

Most Read

Most Recent