ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်က နည်းပြဟောင်း မော်ရင်ဟိုကို ပြန်လည်ခန့်အပ်မယ်ဆိုတဲ့ သတင်းတွေကို ဖြေကြားခြင်းမရှိဘဲ နွေရာသီမှာ ကြယ်ပွင့်ကစားသမားတွေ ခေါ်ယူဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
ရီးယဲလ်အသင်းဟာ နှစ်ရာသီဆက်တိုက် အဓိကဆုဖလား ရယူနိုင်ခြင်းမရှိတဲ့ အခြေအနေကြောင့် နွေရာသီမှာ နည်းပြသစ်တစ်ဦး ထပ်မံခန့်အပ်မှာပါ။
ယင်းရာထူးအတွက် နည်းပြဟောင်းဖြစ်သူ မော်ရင်ဟိုနဲ့ ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်တို့ ရေပန်းစားနေပေမဲ့ ပီရက်ဇ်က ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
'' မော်ရင်ဟိုနဲ့ပတ်သက်ရင် ခင်ဗျားတို့က တကယ်ဇွဲကောင်းတာပဲ။ ကျွန်တော် မော်ရင်ဟိုနဲ့ စကားပြောနေတယ်။ ပြင်သစ်လက်ရွေးစင်အသင်းနည်းပြနဲ့ စကားပြောနေတယ်ဆိုပြီး လူတွေက ပြောနေကြတာပါ။ ''မာ်ရင်ဟိုကို ခေါ်လိုက်ပါ'' ဆိုတဲ့ မက်ဆေ့ချ်တွေ အများကြီး ကျွန်တော့်ဆီရောက်လာသလို '' ဒါကို လုံးဝမစဉ်းစားပါနဲ့'' ဆိုတဲ့ မက်ဆေ့ချ်တွေလည်း ရောက်လာပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘာမှပြန်မပြောပါဘူး။ ကစားသမားသစ်ခေါ်ယူမှုက ရှိလာမှာ သေချာပါတယ်။ ကစားသမားသစ်တွေက အမြဲတမ်းရှိနေပြီး ကျွန်တော်တို့က အကောင်းဆုံးတွေကိုပဲ အမြဲခေါ်ယူခဲ့တာပါ။ ဖီဂို၊ ဇီဒန်း၊ ရော်နယ်လ်ဒို၊ ဘက်ခမ်တို့ကို ကျွန်တော်ခေါ်ခဲ့ဖူးပါတယ်။ ဒုတိယအကြိမ် တာဝန်ယူချိန်မှာလည်း ခရစ္စတီယာနိုရော်နယ်လ်ဒို၊ ကာကာ၊ ဘန်ဇီမာတို့ကို ခေါ်ခဲ့ပါတယ်။ တကယ်တော်တဲ့ ကစားသမားဆိုရင် ကျွန်တော်က အရခေါ်မှာပါပဲ'' လို့ ပီရက်ဇ်က ပြောကြားခဲ့ပါတယ်။
ရီးယဲလ်အသင်းရဲ့ ပရိသတ်တချို့ကတော့ လက်ရှိအချိန်မှာ ပီရက်ဇ်ကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြောင်းလည်း သိရပါတယ်။















